(005MK)
မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင်ကိုဖြတ်၍ မြန်မာနိုင်ငံဘက်သို့ လောင်စာဆီနှင့် အခြေခံစားသောက်ကုန်များ သယ်ယူခွင့်ကို ယနေ့ ဧပြီလ ၁၆ ရက်နေ့ကစ၍ အကန့်သတ်မရှိ ပိတ်ပင်လိုက်ကြောင်း Central Young Lai Asso ciation (CYLA) က ကြေညာချက်ထုတ်ပြန်သည်။
ယခုရက်ပိုင်းအတွင်း လောင်တလိုင်ခရိုင်ကိုဖြတ်၍ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်သို့ ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် အမျိုးမျိုးသော အခြေခံစားသောက်ကုန်များ အလုံးအရင်းဖြင့် တင်သွင်းလေ့ရှိကြသည်ဟု လောင်တလိုင်ခရိုင်အခြေစိုက် ဗဟိုလိုင်း လူငယ်များအသင်း (CYLA) Kumpuan ကော်မတီက ဆိုသည်။
ယင်းကိစ္စကို CYLA Kumpuan ကော်မတီက စနစ်တကျ စုံစမ်းလေ့လာကြည့်ရာမှာ မိမိတို့ဒေသတွင် ယခုလက်ရှိ မြန်မာ၊ မဏိပူရ်နှင့် ဘဂ်လားဒေရှ့်နိုင်ငံတို့မှ စစ်ဘေးရှောင်အမြောက်အများ ခိုလုံနေမှုကြောင့် နေ့စဉ်သုံးအခြေခံစားသောက်ကုန်များ လိုအပ်ချက်မြင့်မားနေသည့်အချိန်မှာ မိမိတို့ဒေသမှ ယခုကဲ့သို့ အခြေခံစားသောက်ကုန်များ အလုံးအရင်းဖြင့် သယ်ယူပို့ဆောင်နေမှုသည် ဒေသခံပြည်သူများအတွက် အခက်အခဲဖြစ်လာစေသည်ဟု ဆိုသည်။
ထို့အပြင် ယခင်ဖြစ်စဉ်များအရ ပြန်ကြည့်ပါက မြန်မာဘက်သို့ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးသော ကားပိုင်ရှင်နှင့် ကားသမားများအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်များရှိသည်ကို တွေ့ရှိရသည်ဟု CYLA က ပြောသည်။
ထို့ကြောင့် ယနေ့ ဧပြီလ ၁၆ ရက်ကစ၍ နောက်ထပ် အသိပေးထုတ်ပြန်ချက် မရှိမခြင်း လောင်တလိုင်ခရိုင်ပြင်ပမှဖြစ်စေ၊ ခရိုင်အတွင်းမှဖြစ်စေ လောင်တလိုင်ခရိုင်ကိုဖြတ်၍ မြန်မာနိုင်ငံဘက်သို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှုကို ရပ်တန့်ကြရန် CYLA က တောင်းဆိုထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်၀မြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာပြည်မဘက်မှ လောင်စာဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဝင်ရောက်နိုင်ခြင်းမရှိသည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်က ဒေသခံပြည်သူများသည် လောင်စာဆီနှင့် အခြေခံစားသောက်ကုန်လိုအပ်ချက်များကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကတဆင့် အဓိက တင်သွင်းလျှက်ရှိကြခြင်းဖြစ်သည်။