Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»လွတ်လပ်တဲ့ စတုတ္ထမဏ္ဍိုင်ကို စစ်ကောင်စီက ဘာကြောင့်နေ့စဉ် တိုက်ခိုက်နေတာလဲ ?

လွတ်လပ်တဲ့ စတုတ္ထမဏ္ဍိုင်ကို စစ်ကောင်စီက ဘာကြောင့်နေ့စဉ် တိုက်ခိုက်နေတာလဲ ?

0
By Editor on February 27, 2024 Featured

Salai Vakok

“အနီရောင် ကြက်ခြေခတ်” လျက် သတင်းတု၊ သတင်းမှားဖော်ပြချက်တွေကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံပိုင်နဲ့ စစ်တပ်ပိုင် သတင်း စာတွေ၊ စစ်တပ်ထောက်ခံအားပေးတဲ့ ဖေ့ဘွတ်ခ်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နေ့စဉ် မြင်တွေ့နေရပါတယ်။

လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေရဲ့ နေ့စဉ်ဖော်ထုတ်ရေးသားရင်း ပြည်သူလူထုကို ပေးပို့တဲ့ သတင်းအချက်အလက်တွေဟာ “သတင်းတု၊ သတင်းအမှား”တွေလို့ စစ်ကောင်စီက စနစ်တကျ ပြုလုပ်နေတာပါ။

ခိုနူမ်းသုန်သတင်းဌာနဟာ စစ်ကောင်စီလက်အောက်မှ ကြေးမုံ၊ မြန်မာ့အလင်း၊ မြဝတီ၊ ရတနာပုံသတင်းစာ တွေထဲက “မြန်မာ့အလင်း” သတင်းစာကို အခုနှစ် ဇန်နဝါရီလ တစ်လလုံးကို လေ့လာစောင့်ကြည့်ခဲ့ပါတယ်။

ဇန်နဝါရီလထဲမှာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာန ၁၅ ခုကို မြန်မာ့အလင်းသတင်းစာက သတင်းတု၊ သတင်းအမှားတွေ လုပ်ကြံရေးသားဖြန့်ဝေနေတယ်လို့ ‘ဇာတ်ကြောင်းပြောင်းပြန်သတင်း’ တွေနဲ့ စွပ်စွဲပါတယ်။

သတင်းမှားလို့ စွပ်စွဲခံရတဲ့ သတင်းအကြောင်းအရာတွေဟာ လွတ်လပ်တဲ့ သတင်းဌာနတစ်ခုထဲက ရေးသားဖော်ပြတာမျိုးမဟုတ်ပဲ တခြားသတင်းဌာန အများအပြားမှာလည်း ရေးသားဖော်ပြကြပါတယ်။

ခေတ်သစ်မီဒီယာကို အရေအတွက် ၃၂ ကြိမ်နဲ့ အများဆုံးဖော်ပြပြီး DVB သတင်းဌာနကို ၁၀ ကြိမ်၊ Than Lwin Times သတင်းဌာနကို ၈ ကြိမ်နဲ့ ဒုတိယ၊ တတိယအများဆုံးဖော်ပြတိုက်ခိုက်ပါတယ်။

“အဓိက သတင်းမှန်၊ အခြေအမှန်တွေ စီးဆင်းနေတယ်။ ပြည်သူကို သတ်ဖြတ်တာ၊ ရွာတွေကို မီးရှို့တာ၊ လေယာဉ်နဲ့ ဗုံးကျဲတာ၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာ စတဲ့ စစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို မီဒီယာတွေက ဖော်ပြနေလို့ သူတို့ အထိနာနေတာ။ မီဒီယာတိုက်ပွဲမှာ စစ်တပ်က ရှုံးနေလို့ တန်ပြန်တိုက်တဲ့အနေနဲ့ အဲဒီလို လုပ်တာ” လို့ ခေတ်သစ်မီဒီယာ တည်ထောင်သူ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

သတင်းအမှား ဟူ၍ စစ်ကောင်စီက ဘယ်လိုဝါဒဖြန့်နေလဲ

လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေက “သတင်းတု၊ သတင်းအမှား” တွေ ရေးသားဖြန့်ဝေနေတယ်လို့ စွပ်စွဲမှုတွေဟာ ၂၀၂၁ စစ်အာဏာသိမ်းအပြီးမှာ စတင်ကျယ်ပြန့်လာခဲ့တယ်လို့ စောင့်ကြည့်လေ့လာနေသူတွေက ပြောပါတယ်။

Fact-checkmm၊ Myanmar National Post ၊ Naung Taw Lay ၊ ၊ Naysinthadin စတဲ့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေဟာ အစောဆုံးစွပ်စွဲတိုက်ခိုက်သူတွေ ဖြစ်ပြီး လက်ရှိမှာလည်း သတင်းအမှား စွပ်စွဲသူတွေ အဖြစ် အဓိက လုပ်ဆောင်ကြပါတယ်။

Telegram Researcher အဖွဲ့က စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ် ၈၃ ခုကို လေ့လာခဲ့ရာမှာ တခြားချန်နယ်တွေဟာလည်း သတင်းအမှားစွပ်စွဲမှုတွေကို အနည်းနဲ့ အများ လုပ်ဆောင်တာတွေကို တွေ့ရှိရပါတယ်။ Telegram Researcher အဖွဲ့ဟာ စစ်တပ်ကို ထောက်ခံတဲ့ တယ်လီဂရန် ချန်နယ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

Factcheckmm တယ်လီဂရန်ချန်နယ်က follower နှစ်သောင်းကျော်နဲ့ သတင်းအမှားစွပ်စွဲသူတွေထဲ အဓိကဦးဆောင်သူဖြစ်ပြီး MyanmarNationalPost က ဒုတိယ လိုက်ပါတယ်။ အဲဒီချန်နယ် ၂ ခုကိုပဲ ယှဉ်ကြည့်ရင် MyanmarNationalPost က တင်တဲ့ စွပ်စွဲချက်ပိုစ့်တစ်ခုကို လူ ၇၀၀ ခန့်ပဲ ကြည့်ပေမယ့် factcheckmm ရဲ့ ပို့စ်တစ်ခုကိုတော့ လူ ၂၈၀၀ ကျော်ပျှမ်းမျှ ကြည့်ပါတယ်။

“ဘယ်ချန်နယ်က ဦးဆောင်နေလဲဆိုတာ အတိအကျ မသိရပေမဲ့ ပိုစ့်ရှယ်တဲ့ ပမာဏနဲ့ ပိုစ့်စီးဆင်းမှုတွေက တစ်ဆင့် ချန်နယ်တစ်ခုစီရဲ့ အခရာကျမှု နဲ့ ဩဇာလွှမ်းမိုးမှုအဆင့် တွေကို တွက်ချက်ခြင်းနဲ့ တစ်နည်းသိရှိနိုင်ပါတယ်။ ချန်နယ် (၄) ခုထဲမှာ factcheckmm ချန်နယ်က authority ranking (သတင်းအရင်းအမြစ် ဩဇာလွှမ်းမိုးမှုအဆင့်) အမြင့်ဆုံးပါ” လို့ Telegram Researcher အဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောပါတယ်။

သတင်းမှားစွပ်စွဲမှုတွေဟာ ဦးဆောင်ချန်နယ်တွေက တင်တဲ့ ပို့စ်ကို တခြားစစ်တပ်ထောက်ခံတဲ့ ချန်နယ်တွေကနေ အချိန်နဲ့ တပြေးညီ မျှဝေမှု (Forward) လုပ်ကြပြီး လူထုအကြားပျံနှံ့မှု ပိုများအောင် ချိတ်ဆက် လုပ်ဆောင်ကြပါတယ်။

သူတို့ ချန်နယ်တွေ လူကြည့် များအောင်နဲ့ follower များအောင်လည်း သတင်းမှားစွပ်စွဲတဲ့ စစ်တပ်ထောက်ခံ ချန်နယ်တွေဟာ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။

လူထုကြား ပိုပျံ့နှံစေဖို့ မြန်မာလူထုအလေးထားတဲ့ အခါကြီး ရက်ကြီးတွေ (သာဓက- ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့၊ တပ်မတော်နေ့) နဲ့ အရေးကြီးဖြစ်ရပ်တွေ (သာဓက- မိုခါဆိုင်ကလုန်းမုန်တိုင်း၊ ၁၀၂၇ စစ်ဆင်ရေး၊ လွတ်ငြိမ်းချမ်းသားခွင့်) အနီးဝန်းကျင်းမှာ ပုံမှန်ထက် သတင်းအမှားစွပ်စွဲမှုတွေကို ပိုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

“သတင်းအမှား စွပ်စွဲသူ” ချန်နယ်တွေဟာ လူတစ်ဦးတစ်ယောက်အဖြစ် (ဟန်ငြိမ်းဦး၊ ကိုသက်၊ ဘညွန်) နဲ့ အဖွဲ့အစည်းအဖြစ် (MyanmarNationalPost၊ People Media) နာမည်နဲ့ တွေ့ရှိရပေမယ့် အစုအဖွဲ့တွေ ဖွဲ့ပြီး ချိတ်ဆက်လုပ်ဆောင်ကြတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။

Beautifier of Diversity Network ရဲ့ တွေ့ရှိချက်တစ်ခုမှာ “ဘညွန့်” ချန်နယ်ကို လူ ၂၀ ဝန်းကျင်းက ကိုင်တွယ်ပြီး ဝါဒဖြန့်ချီနေတယ်လို့ ဆိုပါတယ်။

“ဘညွန့်က ဘယ်သူလဲဆိုတာ မင်းတို လိုက်ရှာနေလဲ မရဘူး။ ဘညွန့်ဟာ လူတစ်ဦး၊ တစ်ယောက်ထဲ မဟုတ်ဘူး”လို့ ဘညွန့်ချန်နယ်ကို ကိုင်တွယ်နေသူတွေ ကိုယ်တိုင်က ဘညွှန့်ချန်နယ်မှာ ဝန်ခံရေးထားတာကို Beautifier of Diversity Network တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဘညွန့်ချန်နယ်ကို ကိုင်တွယ်နေသူတွေဟာ ချန်နယ်တစ်ခုထဲကို လည်ပတ်နေတာ မဟုတ်ဘဲ တခြားချန်နယ်တွေ အများအပြားကို ဖွင့်ပြီး ဝါဒဖြန့်ချီပါတယ်။ ချန်နယ်တစ်ခုမှာ ပို့စ်အသစ်တစ်ခု တင်ပြီးချိန် တခြားချန်နယ်များစွာမှာ အမြန်ကော်ပီကူးပြီး ဖြန့်ဝေတာ၊ Forward လုပ်ပြီး ဖြန့်တင်တာတွေ အစုအဖွဲ့နဲ့ စနစ်တကျ လုပ်ဆောင်ကြတယ်လို့ Beautifier of Diversity Network အဖွဲ့ရဲ့ သုတေသနပြုချက်တွေက ဖော်ပြနေပါတယ်။

Beautifier of Diversity Network ရဲ့ နောက်ထပ်တွေ့ရှိချက်တစ်ခုက ဒီမိုကရေစီတော်လှန်ရေးဘက်ကနေ ရပ်တည်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သတင်းမီဒီယာတိုင်းဟာ ပစ်မှတ်ထား တိုက်ခိုက်ခံရပါတယ်။

ဒါ့အပြင်စစ်တပ်ထောက်ခံတဲ့ သတင်းမှားစွပ်စွဲသူတွေဟာ “ခေတ်သစ်” မီဒီယာကို “ခွေးသစ်” မီဒီယာ၊ “မဇ္ဇျီမ“ မီဒီယာကို “မျောက်စီမ” မီဒီယာလို့ တိရစ္ဆာန်နဲ့ နှိုင်းပြီးလည်း ယုတ်ရင်းကြမ်းတမ်းစွာ တိုက်ခိုက်ပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာတွေဟာ နိုင်ငံခြားအထောက်အပံ့ယူပြီ မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ အခြေအနေတွကို ဖန်တီးနေတယ်။ “အမျိုးသားရေး”၊ “လူမျိုး” နဲ့ “ဘာသာ” အပေါ် သစ္စာဖောက်ကြတယ်လို့ စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့်ချီသူတွေက တံဆိပ်ကပ်ပါတယ်။

“အဓိက အားဖြင့် မီဒီယာတွေကို အရင်ကတည်းက အဲလို သုံးနှုန်းပြောတာပါပဲ၊ ဒေါ်လာစား မီဒီယာတွေ၊ ဘက်လိုက်တဲ့ မီဒီယာတွေ ၊ အမျိုးဘာသာ သာသနာအတွက် မကြည့်ပဲနဲ့ ဒေါ်လာမျက်နှာကိုပဲ ကြည့်တဲ့ သူတွေ၊ သတင်းအမှန်မတင်ပြတဲ့ သူတွေ၊ ဒါမျိုးတွေ အမြဲရေးလေ့ရှိပါတယ်” လို့ Beautifier of Diversity Network မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ် (၃၀) ကျော်ကို ၂၀၂၃ ခုနှစ်က တစ်နှစ်တာ စောင့်ကြည့်လေ့လာခဲ့ရာမှာ လွတ်လပ်တဲ့ သတင်းမီဒီယာကို စွပ်စွဲတိုက်ခိုက်မှု (၁၀၃) ကြိမ် ရှိခဲ့တယ်လို့ Beautifier of Diversity Network ရဲ့လေ့လာချက်က ဆိုပါတယ်။ (ချန်နယ်၃၀ မှာ ပိုစ်တွေတူညီနေပါက ပိုစ့်တစ်ခုအဖြစ်သာ သတ်မှတ်ပါတယ်)

ခိုနူမ်းသုန်သတင်းဌာနရဲ့ “မြန်မာအလင်း” သတင်းစာကို ဇန်နဝါရီလ တစ်လလုံး လေ့လာချက်ကလည်း လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေဟာ “တရားမဝင်ပြည် ပြည်ဖျက်မီဒီယာ” တွေ၊ “ကောလဟာလ သတင်းတွေ”၊ “သတင်းတု၊ သတင်းမှား” တွေကို လုပ်ကြံရေးသားပြီး ပြည်သူလူထုကို “သတင်းအဆိပ်” ခပ်နေတယ်လို့ နိုင်ငံပိုင်သတင်းစာကနေ စွပ်စွဲတိုက်ခိုက်ပါတယ်။

တစ်ဖက်မှာ အောက်ခြေတပ်ဖွဲ့ဝင်တွေရဲ့ ရာဇဝတ်ကျူးလွန်နေမှုကိုလည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေကနေ ‘ဇာတ်ကြောင်းပြောင်းပြန်သတင်း’ တွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာတွေဟာ ပြည်သူလူထုနဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အထင်အမြင်လွဲမှားစေရန် မမှန်မကန်ရေးသား ဖော်ပြနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို မထောက်ခံတဲ့ သတင်းမီဒီယာတွေကို “အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာ” တွေလို့ သုံးနှုန်းပြီး တော်လှန်ရေးအင်အားစုတွေကို “အကြမ်းဖက်သောင်းကျန်းသူများ” လို့ သုံးနှုန်းပါတယ်။ လွပ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေနဲ့ တော်လှန်ရေးအင်အားစုတွေဟာ တစ်ဖွဲ့တည်းဖြစ်တယ်၊ တစ်အုပ်စုထဲဖြစ်တယ်လို့လည်း ပုံဖော်ဝါဒဖြန့်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီခေတ် မြန်မာနိုင်ငံဟာ သတင်းသမားတွေကို ဖမ်းဆီးအကျဉ်းချမှု တရုတ်နိုင်ငံပြီးရင် ဒုတိယအများဆုံးနိုင်ငံဖြစ်တယ်လို့ သတင်းသမားကာကွယ်ရေးအဖွဲ့ CPJ က ဇန်နဝါရီလထဲမှာ ထုတ်ပြန်ထားပါတယ်။ သတင်းသမား ၄၀ ကျော်ဟာ အကျဉ်းထောင်တွေထဲ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

လွတ်လပ်သော သတင်းမီဒီယာကောင်စီ IPCM ကတော့ စစ်အာဏသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းသမား ၁၇၀ ဦးရှိပြီး ၁၁၈ ဦးမှာ ပြန်လည်လွတ်မြောက်လာပေမယ့် ၅၂ ဦးထက်မနည်းမှာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ တချို့မှာ နှစ်ရှည်ထောင်ဒဏ်တွေ ပြင်းပြင်းထန်ထန်ချမှတ်ခံထားရကြောင်း ၎င်းအဖွဲ့မှ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။

သတင်းမီဒီယာတိုက် ၁၉ တိုက်ထက်မနည်းဟာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိတ်သိမ်းခံရထားရပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို စွပ်စွဲတိုက်ခိုက်မှုတွေဟာ လက်ရှိ မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းခေတ်မှ ဖြစ်ပေါ်နေတာ မဟုတ်ဘဲ ဗိုလ်ချုပ်နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကပင် စနစ်တကျနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အရင်စစ်အစိုးရလက်ထက်မှာ “VOA လိမ်နေသည်။ RFA ညာနေသည်။ BBC ရန်တိုက်နေသည်” လို့ အဓိက စွပ်စွဲတိုက်ခိုက်ပေမယ့် လက်ရှိမှာတော့ စစ်အာဏာသိမ်းဘက်က မရပ်တည်တဲ့ မီဒီယာအားလုံးဟာ စွပ်စွဲတိုက်ခိုက်ခံနေရပါတယ်။

“Trend ရယ်လို့ ကွာသွားတာက ဒီမီဒီယာတွေက သတင်းအမှားပေးပြီးတော့မှ PDF တွေကို သေတွင်းထဲ ပို့နေတယ်ပေါ့။ ဒီအသုံးအနှုန်းက ဒီစစ်အာဏာသိမ်းပြီးတော့မှ ပိုပြီးတော့ တွေ့ရတယ်” Beautifier of Diversity Network မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ကောင်စီက သတင်းအမှားစွပ်စွဲမှုများ ဘာကြောင့် လုပ်နေသလဲ၊

စစ်ကောင်စီဟာ အစိုးရတစ်ရပ် လိုက်နာစောင့်ထိန်းရမယ့် နိုင်ငံတကာစံနှုန်းနဲ့ ပြဌာန်းချက်တွေကို ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို တန်ပြန်ချေပဖို့ ကြိုးစားတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ် ဦးစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်တွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင့် နိုင်ငံတဝန်းဆန္ဒပြခဲ့တဲ့ ပြည်သူတွေဆီကို လွတ်လပ်တဲ့ မီဒီယာတွေက ပေးတဲ့ သတင်းအချက်အလက်တွေကို မရရှိစေချင်ပါဘူး။ သူတို့ရဲ့ ဝါဒမှိုင်းတိုက်ထားတဲ့ သတင်းတွေပဲ လူထုကို ဖတ်ပြီး နေထိုင်စေချင်ပါတယ်။

ဒါက အာဏာရှင်စနစ်ကို ထူထောင်တဲ့ စစ်ခေါင်းဆောင်တွေ အမြဲ လုပ်လေ့ရှိတဲ့ အမူအကျင့်တစ်ခုဖြစ်ပြီး နိုင်ငံတကာမှာ ရုရှားနဲ့ မြောက်ကိုရီယားတို့မှာ အမြင်သာဆုံး တွေ့ရတယ်လို့ လေ့လာစောင့်ကြည်သူတွေက ပြောပါတယ်။

“ပြည်သူတွေကို သူတို့ ဝါဒမှိုင်းတိုက်တဲ့ သတင်းတွေနဲ့ပဲ နေထိုင်စေချင်တယ်၊၊ အဲဒါကိုတားလို့ မရတဲ့အခါ ဘာလုပ်လဲဆိုတော့ ဒီလွတ်လပ်တဲ့ မီဒီယာတွေပေါ်မှာ ပြည်သူလူထုက ယုံကြည်မှု ကျဆင်းသွားအောင် လုပ်တာပါ” လို့ Beautifier of Diversity Network မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာတွေပေါ်မှာ လူထုက သံသယဝင်၊ ယုံကြည်မှု မရှိတော့ရင် စစ်ကောင်စီက သူတို့ရဲ့ ဝါဒဖြန့်ချီမှုတွေကို ပိုကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်သလို သူတို့ ပြောသမျှ လူထုက ယုံကြည့်နေမှာဖြစ်ပါတယ်။

သာဓကအားဖြင့် နိုင်ငံတဝန်းက အစုအပြုံလိုက် သတ်ဖြတ်မှု၊ နေအိမ်မီးရှို့ဖျက်စီးမှု၊ အရပ်သားတွေကို လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကို စစ်ကောင်စီတပ်က ပုံစံမျိုးစုံနဲ့ ကျူးလွန်နေပေမယ့် သူတို့ ထိန်းချုပ်ထားတဲ့ သတင်းစာတွေနဲ့ ချန်နယ်တွေကနေ ဖုံးကွယ်ဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားမှုသာဖြစ်ပါတယ်။

ဘယ်လိုသက်ရောက်မှုရှိသလဲ

ရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီရဲ့ အနီရောင် ကြက်ခြေခတ်တွေနဲ့ သတင်းတုသတင်းအမှားတွေလို့ လုပ်ဆောင်နေမှုတွေကို အယုံအကြည် မရှိကြောင်း၊ ၎င်းအနေနဲ့ သတင်းဌာနတစ်ခုထဲကိုပဲ ဖတ်ပြီး ယုံကြည်နေတာမျိုး မဟုတ်ပဲ မတူညီတဲ့ သတင်းရင်းမြစ်တွေကနေ သတင်းတွေကို အမှား၊ အမှန် ခွဲခြားကြောင်း ပြောပါတယ်။

“အစ်မက သတင်းတွေ ဖတ်တယ်ဆိုပေမယ့် တစ်ခုထဲက ပြောတာကို ယုံတာမဟုတ်ပဲနဲ့ အားလုံးက အထောက်အထားတွေနဲ့ ဝိုင်းပြီး ရေးနေကြတာ၊ ဒီဟာကို သူတို့က သက်သေအထောက်အထားမရှိပဲနဲ့ ရေးနေကြတာ မဟုတ်ဘူး။ video တွေ၊ ဓါတ်ပုံတွေ၊ အဲဒီဒေသက လူတွေရဲ့အသံတွေကနေ ဒီဟာတွေက မှန်တယ်၊ မမှန်ဘူးဆိုတာ သိနေတာပဲ။ အဲဒါတွေက သတင်းအမှားလို့ ဘယ်လိုပဲ ပြောပြော အစ်မအတွက်က ထည့်စဉ်းစားတဲ့အထဲ မပါဘူး” လို့ ရန်ကုန်မြို့ခံ၊ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သတင်းမှားစွပ်စွဲသူတွေဟာ စစ်တပ်ကို ထောက်ခံအားပေးတဲ့ လူတွေကို အဓိကပစ်မှတ်ထားပြီးလည်း ဝါဒဖြန့်နေတယ်လို့ Telegram Researcher မှ တာဝန်ခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းစာတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေဟာ စစ်တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းက လူထုကိုလည်း ၎င်းတို့ကို ထောက်ခံမှု မလျော့ကျစေရန် ကြိုးပမ်းနေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွတ်လပ်တဲ့ သတင်းမီဒီယာကို စနစ်တကျနဲ့ ပုံဖျက်တိုက်ခိုက်မှုတွေ ရည်ရွယ်ချက်ရှိရှိ အချိန်ကြာကြာလုပ်ဆောင်နိုင်ပါက လူထုကြားမှာ သတင်းအချက်အလက် အမှန်၊ အမှား ဝေဝါးမှုတွေ ဖြစ်ပေါ်စေတယ်လို့ စောင့်ကြည်သူတွေက ပြောပါတယ်။

“အဲလို လုပ်ခဲ့တဲ့ဥစ္စာက သူတို့ သုံးနေကြ နည်းလမ်းဖြစ်တဲ့အတွက် တော်ရုံ တန်ရုံ လူတွေအနေနဲ့ ဝေဝါးသွားစေတာမျိုးလည်း သမိုင်းမှာ ရှိခဲ့ဖူးတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ် ဦးစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေကို စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်နေပေမယ့် အများပြည်သူလူထုရဲ့ ယုံကြည်မှုက လျော့ကျမသွားဘူးလို့ Beautifier of Diversity Network မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“လွတ်လပ်တဲ့ မီဒီယာတွေအပေါ်မှာ ပြည်သူလူထုကထားတဲ့ ယုံကြည်မှု ဆိုတာထက် စစ်ကောင်စီကို အားပေးနေတဲ့ ဘယ်သူ့ပေါ်မှာ မဆို မယုံကြည်မှုက အဓိကလို့ထင်ပါတယ်။ ဒါကြောင့်မို့ သူတို့ လုပ်တာ ထိရောက်မှု ရှိလားဆိုရင် မထိရောက်ပါဘူး”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.