(006SV)
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းက ပြည်သူများအနေဖြင့် သစ်၊ ထင်း၊ မီးသွေးတို့ကို အသုံးပြုလိုပါက ဒေသမြေယာနှင့် သစ်တောအတွင်းရေးမှူးများထံကို ကြိုတင်လျှောက်ထားရမည်ဖြစ်ကြောင်း CDF – ဟားခါး (ဗဟိုကောင်စီ) က ထုတ်ပြန်လိုက်သည်။
ဇိုခွါးဒေသ၊ မီအယ်ဒေသ၊ ဟားခါးမြို့နယ်အတွင်း ပြည်သူများအနေဖြင့် မိမိသုံးစွဲရန်၊ ဘာသာရေးနှင့် အများပြည်သူအကျိုးပြု လုပ်ငန်းများမှာ သုံးစွဲရန် သစ်၊ ထင်း၊ မီးသွေးတို့ကို သက်ဆိုင်ရာဒေသများ၏ ဒေသမြေယာနှင့်သစ်တော အတွင်းရေးမှူးများထံ (၅) ရက်ကြိုတင် လျှောက်ထားရမည်ဖြစ်ကြောင်း ဧပြီလ ၂၃ ရက် ယနေ့မှာ အသိပေးထုတ် ပြန်ခြင်းဖြစ်သည်။
သစ်၊ ထင်း၊ မီးသွေးများကို ဟားခါးမြို့နယ်မှ အခြားမြို့နယ်နှင့် ဒေသများသို့ သယ်ယူလိုပါကလည်း ဗဟိုမြေယာနှင့် သစ်တောဌာနသို့ ၄ ရက် ကြိုတင်လျှောက်ထားရမည်ဟု သိရသည်။
မျှောစာ မပါရှိသည့် သစ်များနှင့် တရားမဝင်သစ်များကို တွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူသိရှိစေရန် CDF – ဟားခါး၊ ဗဟို မြေယာနှင့် သစ်တောဌာနက ထုတ်ပြန်လာခြင်းဖြစ်သည်။