(04SS)
ချင်းပြည်နယ် တွန်ဇံမြို့နယ်၊ ရှလ်ထောဇန်ရွာမှ မြစိမ်းစံပြ (Singgialzaang) ကျေးရွာသို့ အသုဘကိစ္စဖြင့်သွားရောက်သော ကားတစ်စီး အပြန်လမ်းတွင် မတော်တဆဖြစ်မှုကြောင့် ယာဉ်ပေါ်ပါလာသူ ၇ ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် မြစိမ်းစံပြကျေးရွာမှ ရှယ်ထောဇန်သို့ ပြန်လှည့်သည့် ဦးမန်ခဲင်း၏ ကားသည် သစ်သားဖြင့်ဆောက်လုပ်ထားသော ရာဇဂြိုလ်တံတားပေါ်ဖြတ်မောင်းစဉ်မှာ တံတားကျိုးပဲ့ကာ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။
“Singgialzaang ကျေးရွာမှာ အသုဘရှိလို့ သူတို့က အမျိုးတွေအဖွဲ့လိုက်သွားကြတာ အပြန်လမ်းမှာ တံတားကျိုးလို့ ကားမတော်တဆပြုတ်ကျတာပေါ့ အဲမှာ ၇ ဦးသေသွားတယ်၊ နောက် ၂ ယောက်ကိုတော့ ရာဇဂြိုလ်ဆေးပေးခန်းမှာ ဆေးကုနေတယ်” ဟု ရှလ်ထောဇန်ဒေသခံနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
ကားမတော်တဆမှုကြောင့် သေဆုံးသူများမှာ ကားပိုင်ရှင် ယာဉ်မောင်း ဦးမန်ခဲင်းအပါအဝင် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးများဖြစ်ကြပြီး ယနေ့ဇွန်လ ၂၅ ရက်နေ့နေ့လည် ၁၂ နာရီတွင် ခရစ်ယာန်ထုံးစံအတိုင်း အသုဘသဂြိုလ်မည်ဟု သိရသည်။
ကား ပြုတ်ကျသည့် သစ်သားဖြင့် ဆောက်လုပ်သောတံတားသည် သစ်သားများ ဆွေးမြေ့ဟောင်းနွမ်းနေပြီဟု သွားလာဖူးသူများ၏ ပြောပြချက်အရသိရသည်။
ရှလ်ထောဇန်ကျေးရွာသည် ရာဇဂြိုလ်မှ ၃ မိုင်ခန့်ကွာဝေးပြီး ကလေးမြို့မှ မိုင် ၂၀ ကျော်ကွာဝေးသည်။