By
လားနွန် – နိုင်ငံတော်သမ္မတ၏
ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် မေလ ၇ ရက်နေ့က မြန်မာနိုင်ငံတ၀ှမ်း
အကျဉ်းသား ခြောက်ထောင်ကျော် လွတ်မြောက်သည့်အထဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊
ကလေးခရိုင်၊ မော်လိုက်ကလေးအကျဉ်းထောင်မှ တစ်ယောက်မှ လွတ်မြောက်မှုမရှိသည့်အတွက်
အကျဉ်းသားများသည် ယနေ့နံနက်ပိုင်းက ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့သည်ဟု
အထက်ချင်းတွင်းလူငယ်ကွန်ယက်ဥက္ကဌ
ကိုကျော်သက်ဝင်းကပြောသည်။
“လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စပေါ့ မမျှတတဲ့ကိစ္စဖြစ်တယ် သူတို့လည်း ပုဒ်မခြင်းအတူတူ သူတိုမလွတ်ဘူး ဒီအချက်တွေပါတယ် နောက်တစ်ချက်ကတော့ မီဒီယာများနဲ့ ချက်ခြင်းတွေ့ဆုံပေးရေး၊ အစိုးရနဲ့တွေ့ဆုံပေးရေး၊ လူအခွင့်အရေးကော်မရှင်နဲ့တွေ့ဆုံပေး ဒီအချက်တွေပါတယ်” ဟု ကိုကျော်သက်ဝင်းကပြောသည်။
မော်လိုက်ကလေးအကျဉ်းထောင်တွင်အကျဉ်းကျခံနေကြသည့်အကျဉ်းသားများက လွတ်ငြိမ်းချမ်းသာခွင့်တန်းတူရရှိရေး၊ မီဒီယာများနှင့်ချက်ချင်းတွေ့ဆုံပေးရေး၊ လူ့အခွင့်အရေးကော်မရှင်နှင့်တွေ့ဆုံပေး၊ အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံပေးရေးဆိုသည့် စာသားများကိုင်ဆောင်ကာ အော်ဟစ်တောင်းဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါထောင်တွင်းဆူပူမှုကြောင့် အမှတ် (၁၀) တပ်မတော်တန်းမြင့်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချူပ်ကျော်ထွန်း၊ ခရိုင်အုပ်ချူပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချူပ်ရေးမှူး စသည့် တာဝန်ရှိသူများသည် အကျဉ်းသားများနှင့်သွားရောက်တွေ့ဆုံညှိနှိုင်းကာ နိုင်ငံတော်အဆင့်သို့တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်းသိရသည်။
မော်လိုက်ကလေးအကျဉ်းထောင်တွင် အကျဉ်းကျခံနေသူများနှင့် အချုပ်သား (၂၀၃၁) ဦးရှိသည်ဟုသိရသည်။
ဓာတ်ပုံ – ကျော်သက်ဝင်း