ရေး – ဟန်နရီ
Chinland Council မဖွဲ့စည်းမီကတည်းက ချင်းပြည်နယ်မှာ ကိုယ်စားပြုမှုပြဿနာ၊ သူ့ပိုင်နယ်၊ ကိုယ့်ပိုင်နယ်ဆိုပြီး ပြဿနာများ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ Chinland Council စတင်ဖြစ်ပေါ်လာတာနဲ့အမျှ ချင်းလူမျိုးများအကြား၊ အထူးသဖြင့် ချင်းပြည်နယ်ရှိ ချင်းလူမျိုးများအကြားမှာ ကိုယ်စားပြုမှုပြဿနာက ကြီးမားလာခဲ့ပါတယ်။ ဒါကို လူအတော်များများက Chinland Council ဖွဲ့စည်းခြင်းကြောင့်လို့ ထင်နိုင်ပါတယ်။
ဒါပေမဲ့ ဒီပြဿနာက အရင်ကတည်းကနေ သန္ဓေတည်လာခဲ့ပြီး ခုချိန်မှ ပေါက်ကွဲသလို ဖြစ်နေပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်ပြင်ပမှ ချင်းနိုင်ငံရေး လေ့လာနေသူ၊ လူငယ်တစ်ယောက်ရဲ့အမြင်ကို တင်ပြပါရစေ။
၁။ ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား အားပြိုင်မှု၊ နယ်မြေအငြင်းပွားမှု။
ပလက်ဝမြို့နယ်မှာ Chinland Defense Force-Mara နှင့် Maraland Defense Force (MDF) တို့အကြားမှာ ယခင်နှစ်များ (၂၀၂၁ ခုနှစ်နောက်ပိုင်း) ကတည်းကနေ နယ်မြေနှင့် လူမျိုးကိုယ်စားပြုမှုအရေးနဲ့ ပတ်သက်ပြီး ခဏခဏပြဿနာတက်ခဲ့ပါတယ်။ ချင်းပြည်နယ် အလယ်ပိုင်း ဖလမ်းမြို့နယ်မှာလည်း Chin National Army (CNA) နှင့် Chin National Defense Force (CNDF) တို့အကြားမှာလည်း ထိုနည်း၎င်း နယ်မြေကိုယ်စားပြုမှု အငြင်းပွား နေခဲ့တာ ကြာပါပြီ။ ဒီနေရာမှာ အကြီးမားဆုံးသော ပြဿနာတစ်ခုကတော့ Zomi Revolutionary Army (ZRA) ရဲ့ ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်၊ တွန်းဇံဒေသတွေမှာ နယ်မြေနေရာပိုင်နက်တွေကို လာရောက်ပြီး ရယူချင်နေတာပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကတော့ မြန်မာပြည်၊ မြန်မာပြည်နိုင်ငံသားတိုင်းရင်းသားအဖွဲ့အစည်းထဲကနေ ပေါက်ဖွားလာတဲ့ အဖွဲ့အစည်း မဟုတ်ဘဲ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ရဲ့ Churachandpur district မှာ ၁၉၉၇ ခုနှစ်လောက်မှာ စတင်ဖွဲ့စည်းခဲ့ကာ၊ ၂၀၀၅ ခုနှစ်မှာတော့ အိန္ဒိယအစိုးရနဲ့ အပစ်အခတ်ရပ်စဲမှု သဘောတူညီချက် ရယူထားပြီးနောက် အိန္ဒိယအစိုးရအတွက် နယ်ခြားစောင့်တပ် (a Border Guard Force for India) အဖြစ် အသွင်ပြောင်းဖို့ သဘောတူခဲ့ပါတယ်။
ဒီအဖွဲ့အစည်းဟာ Zomi Reunification Organization (ZRO) ရဲ့ လက်အောက်ခံ/ သို့မဟုတ် လက်နက်ကိုင်တပ်ဖွဲ့ပဲ ဖြစ်ပါတယ်။ လူမျိုးရေးအားဖြင့် Kuki-Chin-Zo အုပ်စုတွေဟာ အတူတူလို့ ပြောလို့ရပေမဲ့ နိုင်ငံသီးခြားစီမှာ ရှိနေကြတဲ့အတွက် ဒီအဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံထဲလာပြီး နေရာယူချင်တာ၊ ကိုယ်စားပြုမှုအနေအထားကို ရယူချင်တာက သဘာဝမကျသလို၊ အပြည်ပြည်ဆိုင်ရာဥပဒေတွေနဲ့လည်း ငြိစွန်းနိုင်ပါတယ်။ နိုင်ငံခြားမှာ ရှိနေတဲ့ နိုင်ငံခြားသားအဖွဲ့အစည်းတစ်ခုက တခြားနိုင်ငံတစ်ခုခုမှာ ၎င်းတို့နဲ့ လူမျိုးချင်း တူညီနေတဲ့အတွက်ကြောင့် နယ်မြေနှင့် လူမျိုးစုအတွက် ကိုယ်စားပြုတယ်ဆိုတာ စဉ်းစားစရာပါ။ ဥပမာ- မြန်မာနိုင်ငံက ကချင်တွေ၊ ရှမ်းတွေ၊ ကရင်တွေ၊ မွန်တွေ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ မိမိတို့နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ အိန္ဒိယ အရှေ့မြောက်ဒေသ (Arunachal Pradesh)၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတွေမှာ ၎င်းတို့လူမျိုးစုကိုယ်စား သွားတိုက်တာ၊ နယ်မြေနှင့် လူမျိုးကိုယ်စားပြုမှုတွေ မပြုလုပ်ကြတာ သတိပြုကြရပါမယ်။
၂။ ချင်းပြည်နယ်ကိုယ်စားပြုအဖွဲ့အစည်း ၂ ခုအကြားက အားပြိုင်မှု။
Chinland Council ဖွဲ့စည်းပြီးနောက်ပိုင်း ချင်းပြည်နယ်တချို့မှာ ကိုယ်စားပြုမှုပြဿနာ ပိုဖြစ်လာပါတယ်။ အထူးသဖြင့် ချင်းပြည်နယ်ကိုယ်စားပြုမှုအပိုင်းမှာ NUG နဲ့ သော်လည်းကောင်း၊ တခြားနိုင်ငံတကာ (သို့) တခြားနိုင်ငံမှ အစိုးရများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများနဲ့ ဆက်ဆံလာရတဲ့ အခါ ပြဿနာ တက်လာနိုင်ပါတယ်။ ဒီနေရာမှာ Chinland Council (CC) နှင့် Interim Chin National Consultative Council (ICNCC)တို့အကြား ပွတ်တိုက်မှု၊ အပြန်အလှန် statement တွေ ထုတ်ပြန်တာတွေကို ကြည့်ခြင်းဖြင့် ၎င်းတို့အကြား အားပြိုင်မှု (သို့) ညှိနှိုင်းရေးပြဿနာရှိနေတာကို သိနိုင်ပါတယ်။ ဆိုတော့ ၂၀၂၁ ခုနှစ်မတိုင်မီ လူဦးရေအားဖြင့် (၄၇၈၈၀၁) ဦးသာရှိနေတဲ့ ချင်းပြည်နယ်မှာ ကိုယ်စားပြုနေတဲ့ အဖွဲ့အစည်းကြီး (၂) ခုရှိနေတာက အပြုသဘောထက် အနှုတ်လက္ခဏာ ဆောင် နေပါတယ်။ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်တွေမှာ ဒီအားပြိုင်နေတဲ့ အဖွဲ့အစည်း (၂) ခုအကြားမှာ ကိုယ်စားပြုအနေနဲ့ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ကျေးရွာ တစ်ရွာတည်း မှာတောင် (၂) ဦး၊ (၃)ဦးအထိ ထွက်ပေါ်လာရပြီး၊ အနီးစပ်ဆုံးကျေးရွာ အဆင့်မှာတောင် စိတ်ဝမ်းကွဲ နိုင်ပါတယ်။ ပြည်သူတွေအကြားမှာ စိတ်ဝမ်းကွဲတာတောင် မကပဲ၊ ဘယ်အဖွဲ့အစည်းမှာ ပါဝင်ရမှန်း၊ ဘယ်အဖွဲ့အစည်းကို ထောက်ခံရမှန်း စိတ်ရှုပ်ထွေး နိုင်ပါတယ်။ ဒါပေမဲ့ နှစ်ဖက်အနေဖြင့် လာမယ့် မတ်လထဲမှာ ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ ရှိတယ်ဆိုတာ ကြားသိရလို့ အပြုသဘောနဲ့ ကြိုဆိုကြရမှာပါ။
၃။ မြို့နယ်အဆင့် ကိုယ်စားပြုမှုကြောင့် ကျေးရွာ၊ အုပ်စုအဆင့် ကိုယ်စားပြုမှုပြဿနာ။
ဒုတိယအချက်မှာ ပြောခဲ့သလိုပဲ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်တွေမှာ ဒီအားပြိုင်နေတဲ့ အဖွဲ့အစည်း (၂)ခုအကြားမှာ ကိုယ်စားပြုအနေနဲ့ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ကျေးရွာတစ်ရွာ တည်းမှပင် (၂)ဦး၊ (၃)ဦးအထိ ထွက်ပေါ်လာခဲ့ရပါတယ်။ အနီးစပ်ဆုံးကျေးရွာ အဆင့်မှာ တောင် စိတ်ဝမ်းကွဲလာခဲ့ကြရပါတယ်။ ဒီပြဿနာဟာ ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီ မြို့နယ်၊ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တွေမှာ အဓိကဖြစ်ပျက်လာတာကို တွေ့ရပါတယ်။
တချို့က အင်အားကို အသုံးပြုပြီး လူမျိုးတူ၊ မြို့နယ်တူလို့ (သို့) တိုက်နယ်တူတယ်ဆိုပြီး ကိုယ်စားပြုမှုကို ရယူချင်နေကြတာ စိတ်မကောင်းဖွယ်ရာ အတိအလင်းမြင်တွေ့ရပါတယ်။ ဒီ့အတွက် အရေးပါတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ မိမိကိုယ်စားပြုချင်နေတဲ့ အဖွဲ့အစည်း တစ်ခုကို မထောက်ခံတဲ့ အနည်းစုကျေးရွာတချို့ (သို့) လူအနည်းစုတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် အခွင့်အရေးတွေကိုကော လေးစားမှု ရှိသလား? ဒီအခွင့်အရေးကို အသိအမှတ်မပြုပေးနိုင်တာ ကိုယ့်အတ္တက အတားအဆီး ဖြစ်နေသလား? အလိုမတူပဲ မိမိအားနဲ့ တစ်ဖက်သားရဲ့ အလိုဆန္ဒကို အတင်းအဓမ္မ လုယူခြင်းဟာ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ မုဒိန်းကျင့်တာပါပဲ။
တကယ်လို့ အထက်ပါ အဖွဲ့အစည်းကြီး (၂) ခုအကြား ညှိနှိုင်းနေဆဲကာလမှာ မြို့နယ်တစ်ခုက ကျေးရွာ၊ အုပ်စု တချို့တွေအနေနဲ့ သူတို့ထောက်ခံ အားပေးလို့ သူတို့ပူးပေါင်းပါဝင်ချင်နေတဲ့ Chinland Council သို့မဟုတ် Interim Chin National Consultative Council ကို ဖြစ်စေ ကိုယ်တိုင်ရွေးချယ်ကြတဲ့ ဆွေမျိုးတူ၊ လူမျိုးတူ လူမှုအသိုင်းအဝိုင်း (၂) ခု အတူယှဉ်တွဲရှိ နေနိုင်တာကိုကော စဉ်းစားမိကြရဲ့လား ဆိုတာပါပဲ။ တိုက်ပွဲမှာ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဆိုတာ ဆင့်ကဲကွပ်ကဲမှုစနစ်ဖြစ်တဲ့အတွက် စစ်တိုက်တဲ့အခါ မဖြစ်မနေ လိုက်နာကြရတဲ့ သံမဏိစည်းကမ်းတွေဖြစ်ပေမဲ့ သာမန်ပြည်သူလူထုတွေအကြားမှာ ဒီလိုကိစ္စမျိုးများမှာတော့ ဒီနိယာမတွေဟာ အလုပ်မဖြစ်ဘူး။ သူတို့ဟာ စစ်ပွဲကြားမှာ စစ်တိုက်နေတဲ့သူတွေ မဟုတ်ဘူးဆိုတာ ရှင်းလင်းစွာ သဘောပေါက်ကြရမှာ ဖြစ်ပါတယ်။ မြို့နယ်တူလို့၊ တိုက်နယ်တူလို့ဆိုပြီး ကိုယ်ထောက်ခံအားပေးတဲ့ (သို့) မိမိတို့ ပူးပေါင်း ပါဝင်ချင်တဲ့ အဖွဲ့အစည်းတစ်ခုတည်းကို မိမိအဖွဲ့အစည်းနဲ့သဘောထားချင်း မတိုက်ဆိုင်တဲ့ ကျေးရွာ၊ တိုက်နယ်တချို့ကို အတင်းအဓမ္မ ဆွဲသွင်းဖို့ ကြိုးစားခြင်းဟာလည်း အာဏာရှင် စနစ်တစ်ခုပဲ ဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။
ဒါကြောင့် ငွေအင်အား၊ လူအင်အား၊ လက်နက်အင်အားရှိလို့ ၎င်းတို့ကို အစွမ်းကုန် မိမိကိုယ်ကျိုးအတွက် အသုံးချနေတဲ့သူသာလျှင် အာဏာရှင်လို့ မဆိုလိုဘူး၊ မိမိရဲ့ ရှိနေတဲ့ အင်အားကို အသုံးချပြီး အနည်းစုကို အတင်းအဓမ္မ လှုပ်မရအောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်ခြင်းဟာလည်း အာဏာရှင်စနစ်ရဲ့ အသွင်ပြင်လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။
၄။ သေရေးရှင်ရေးတမျှ အခြေအနေအထိ ညှိနှိုင်းကြပြီလား?
စီးပွားရေးသမား၊ ပညာရှင်နှင့် ယခင် FBI ညှိနှိုင်းဖြန်ဖြေရေးမှူးဖြစ်သူ Chris Voss ရဲ့ စကားကို အသုံးပြုရမည်ဆိုပါက ချင်းပြည်နယ်ကိုယ်စားပြုအဖွဲ့အစည်း (၂) အကြားမှာ “ညှိနှိုင်း အဖြေရှာရေးဟာ မိမိတို့အသက်ရှင်သန်ဖို့အတွက် အမှီသဟဲပြုနေသည့်အလား လုပ်ဆောင်ခဲ့ ကြပြီလား?။ ဒါကို ဖြစ်မြောက်အောင် မလုပ်နိုင်ရင် ငါတို့နှစ်ဖက်စလုံးရဲ့ အသက်ဟာ ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့အထိ ပြောတာဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ မိမိတို့ အဖွဲ့အစည်းရဲ့ လိုချင်တဲ့အချက်တွေက အမျိုးသားရေး တစ်ခုလုံးလိုအပ်ချက်အတွက် စစ်မှန်တဲ့ အရာတွေဖြစ်နေသလား? သို့မဟုတ် မိမိတို့အဖွဲ့အစည်းတစ်ခုတည်းအတွက်သာ စစ်မှန်နေသလား? မိမိတို့အတွက်သာ အကျိုးဖြစ်ထွန်းနေသလား? ဆိုတာတွေကို အထူးစဉ်းစားကြရမှာ ဖြစ်ပါတယ်။ ဘယ်လောက်ပင် အဖွဲ့အစည်းကြီးနေပါစေ သို့မဟုတ် မိမိတို့အဖွဲ့အစည်းဟာ အမှန်ကန်ဆုံးဖြစ်ပါတယ် ပြောနေပါစေ သက်ဆိုင်ရာပြည်သူလူထုရဲ့ လိုလိုလားလားနဲ့ စစ်မှန်တဲ့ထောက်ခံမှု မရရှိဘူးဆိုရင် မိမိတို့ရဲ့ ချင်းပြည်နှင့် ချင်းလူထု အတွက် ကြိုးစား လုပ်ဆောင်နေပါတယ်ဆိုတဲ့ အချက်က သဲထဲရေသွန် ဖြစ်သွားနိုင်ပါတယ်။
ချင်းပြည်နယ်အတွင်းမှာ အထက်ပါ အချင်းချင်းတိုက်ခိုက်နေမှု၊ ပြင်ပမှ တိုက်ခိုက်လာမှု၊ ပြည်နယ်တစ်ခုလုံးကို အဘက်ဘက်အတွက် ကိုယ်စားပြုမှုအတွက် အဖွဲ့အစည်းကြီးတစ်ခုသာ ရှိနေသင့်ပေမဲ့ ၎င်းနဲ့ဆန့်ကျင်ဘက် အဖွဲ့အစည်းကြီးများစွာ ပေါက်ဖွားလာပြီး၊ ၎င်းတို့အကြား အားပြိုင်မှုတွေနဲ့သာ အလုပ်ရှပ်နေကြမယ်ဆိုရင် လက်ရှိ မိမိတို့အဖွဲ့အစည်း ပေါက်ဖွားလာရခြင်းရဲ့ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ လွှဲချော်သွားပြီး အများပြည်သူရဲ့ ထောက်ခံအားပေးမှုတွေဟာ ဆန့်ကျင်ဘက် အကျိုးရလဒ်ကို ပေါ်ထွက်လာစေနိုင်ပါကြောင်း အသိပေးရေးသားလိုက်ရပါတယ်။
(ဆောင်းပါးရှင် ဟန်နရီသည် ခေတ်သစ်ချင်းနိုင်ငံရေးနှင့် လေးတူချင်းလူမျိုးသမိုင်းကို လေ့လောနေသော လူငယ် ပညာရှင်တစ်ဦး ဖြစ်ပါသည်။ သူသည် အွန်လိုင်းဘလောက်ဂါတစ်ဦးလည်း ဖြစ်ပါသည်။ သူ့ဆောင်းပါးများကို အွန်လိုင်းနှင့် အခြားမီဒီယာများတွင်လည်း ဖော်ပြလေ့ရှိပါသည်။)
(မှတ်ချက်။ ဤဆောင်းပါးသည် စာရေးသူကိုယ်တိုင်၏ အတွေးအခေါ်၊ ထင်မြင်ယူဆချက်များသာ ဖြစ်ပါသည်။)