(006SV)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းအမျိုးသမီးအပေါ် ဌာနတွင်း လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေမှု ကျူးလွန်ခြင်းမရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်က ငြင်းဆိုလိုက်သည်။
“လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေမှု ကျူးလွန်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့ရုံးဟာ ၃/၄ ဦးနဲ့ နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းရတဲ့ ရုံးဖြစ်တော့ မိသားစုလိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တိုင်းတန်တဲ့ အမျိုးသမီး ရောက်လာတဲ့အခါမှာလည်း ရုံးကို မိသားစုသဖွယ် တည်ဆောက်တာ ဖြစ်ပါတယ်။ အားလုံးကလည်း လူမျိုး၊ ဘာသာ၊ ဒေသ၊ တော်လှန်ရေးခံယူချက် တူကြပါတယ်။ အဲဒါကြောင့် မိသားစုလိုပဲ နေခဲ့ကြပါတယ်။ အထူးသဖြင့် ကျနော်က အသက်အရွယ်က အကြီးဆုံးဖြစ်တော့ အဖေတစ်ယောက်လို၊ အခုတိုင်တန်းတဲ့ အမျိူးသမီးကို ကိုယ့်သားသမီးလို၊ ညီအစ်မလို သဘောထားပြီး ဂရုပြုခဲ့တာပဲ ရှိပါတယ်။ အဲဒီအတွက် လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုတာမျိုးဖြစ်ဖြစ်၊ ဒီထက် ကျယ်ပြန့်တာမျိုးဖြစ်ဖြစ် ဒီလိုစွပ်စွဲလာတဲ့ကိစ္စကို ကျနော် ငြင်းပယ်ပါတယ်” ဟု ဆလိုင်း အိုက်ဇက်ခင်က ပြောသည်။
ဆလိုင်းအိုက်ဇက်ခင်က Mizzima သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုကဲ့သို့ပြောဆိုခြင်းဖြစ်သည်။
ဆလိုင်းအိုက်ဇင်ခင်သည် NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယကိုယ်စားလှယ်ရုံး အတွင်းရေးမှူးအဖြစ် ၁၀ လကြာ တာဝန် ထမ်းဆောင်ခဲ့သော CDM ချင်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်စေမှုများ ကျူးလွန်းခဲ့ကြောင်း သက်သေ အချက်အလက်များနှင့်တကွ ကာယကံရှင်အမျိုးသမီးက NUG နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့ကြောင်း မေလ ၁၄ ရက် ရက်စွဲဖြင့် စာထွက်ပေါ် လာခဲ့သည်။
ဆလိုင်းအိုင်ဇက်ခင်နှင့် ပတ်သက်၍ မတ်လ ၈ ရက်တွင် သက်သေများနှင့်တကွ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စီရင်ဆုံးဖြတ်ချက် ချမှတ်ထားသော စာကို ဧပြီလ ၂၀ ရက်တွင် လက်ခံရရှိခဲ့ကြောင်း နစ်နာသူအမျိုးသမီး၏ စာတွင် ဖော်ပြထားသည်။
NUG အစိုးရက စီရင်ဆုံးဖြတ်ပြီး ၁၀ ရက်ခန့်အကြာ ဧပြီလ ၃၀ ရက်တွင် နစ်နာသူ အမျိုးသမီးနှင့် အခြားဝန်ထမ်းတစ်ဦးတို့ အလုပ်မှ ထုတ်ပယ်ခံလိုက်ရပြီး NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားမျှတမှု မရှိသည့် ဆုံးဖြတ်ချက်ကို လက်မခံနိုင်ခြင်း ကြောင့်ဆိုကာ တိုင်ကြားသူအမျိုးသမီးက ကိုယ်တိုင် အလုပ်မှ နှုတ်ထွက်စာ တင်ပြခဲ့ကြောင်း သိရသည်။
ချင်းအမျိုးသမီးအဖွဲ့အစည်းများက NUG ဝန်ကြီးဌာနအနေဖြင့် နစ်နာသူကို ကာကွယ်မှုပေးအပ်ရန်၊ နစ်နာသူအတွက် တရားမျှတ မှု ရှိစေရေး ပွင့်လင်းမြင်သာစွာ ချက်ချင်းအရေးယူပေးရန်၊ အရေးယူရာတွင် နစ်နာသူအတွက် တရားမျှတမှု အလှမ်းဝေးစေသော လူမှုရေး၊ ဘာသာရေးနှင့် ဓလေ့ ထုံးတမ်းအရ ညှိနှိုင်း ဆောင်ရွက်မှု လုံးဝမပြုလုပ်ရန်နှင့် အမှုကို ဖြေရှင်းပြီးပါက NUG အစိုးရ ဝန်ကြီးဌာနက တရားဝင်ရုံးစာဖြင့် ထုတ်ပြန်ရန် တောင်းဆိုထားသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဆလိုင်းအိုင်ဇက်ခင်ကို ခိုနူမ်းသုန်သတင်းဌာနက အင်တာဗျူးရန် ကြိုးစားသော်လည်း အဆင်မပြေခဲ့ပေ။