(006SV)
ချင်းပြည်နယ်တောင်းပိုင်း၊ ပလက်ဝမြို့နယ်တွင် ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်သောကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် မိုးဇလပညာရှင်များက ပြောသည်။
စက်တင်ဘာလ ၁၃ ရက် နနံက်ပိုင်းမှ စတင်၍ ၂၄ နာရီအတွင်း ပလက်ဝမြို့နယ်တွင် မိုးကြီးရေလျှံနိုင်ကြောင်း Meteorological Centre မှ မိုးဇလကျွမ်းကျင်သူ စုစုစံက ပြောသည်။
လာမည့် ၂၄ နာရီအတွင်း ချင်းပြည်နယ်တောင်ပိုင်းတွင် မိုးရေချိန် ၁၆၅ မီလီမီတာ (၆.၅ လက်မခန့်) နှင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးဇလကျွမ်းကျင်သူ ဦးဝင်းနိုင်က ပြောသည်။
“ဒီလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာတဲ့အရှိန်ကြောင့် ဒီနေ့နံနက် ၁၀ နာရီမှ စက်တင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီအထိ – ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင် အထက်ပိုင်း ဒေသ တချိုတွေမှာ သာ မိုးများနိုင်ပါမယ်။ ၂၄ နာရီအတွင်း မိုးရေချိန် ၁၆၅ မီလီမီတာ (၆.၅ လက်မခန့်) ရွာသွန်းနိုင်ပါမယ်” ဟု ဦးဝင်းနိုင်က ပြောသည်။
၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာအထက် ရွာနေပါက မိုးများသည်ဟု သတ်မှတ်နိုင်ကြောင်း သိရသည်။
မိုးသည်ထန်းစွာ ရွာသွန်းမှု အခြေအနေများပြားသည့် ချင်းပြည်တောပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း နေသူများမှာ စိုးရိမ်စရာအခြေအနေတွင် ရှိနေသေးကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြစ်ချောင်း ရေများ တက်လာနိုင်ပြီး တောင်ပြိုခြင်း၊ မြေပြိုခြင်းများ ဖြစ်လာနိုင်ကြောင်း မိုးဇလကျွမ်းကျင်သူများက ပြောသည်။
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးနှင့် မကွေးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါကြောင်း စစ်ကောင်စီ မိုးဇလဌာနက ယနေ့ နံနက် ၇ နာရီမှာ ထုတ်ပြန်သည်။
တနိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းနှင့်ပြည်နယ် အားလုံးတွင် နေရာကျဲကျဲနှင့် နေရာစိပ်စပ် မိုးရွာသွန်းမည်ဖြစ်ကြောင်း၊ လာမည့် ၂ ရက်အတွင်း ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်ဖြစ်ကြောာင်း မိုးဇလဌာနက ထုတ်ပြန်သည်။
ယနေ့ ခန်းမှန်းချက်တွေအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း စစ်တကောင်းမြို့အနောက်ဘက်ကပ်လျက် ပင်လယ်ပြင်မှာ လေဖီအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး တိုင်ဖွန်းမုန်တိုင်း YAGI အကြွင်းအကျန် လေပွေလိုင်းဖြစ်ကာ မြန်မာပြည်ဘက်ကို ပြန်၍ ဦးတည်လာနိုင်ခြေမရှိကြောင်း မိုးဇလကျွမ်းကျင်သူများက ပြောသည်။
မိုးသည်းထန်စွာ ရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြတ်ရေးကြီး ခြင်း၊ မြေပြိုခြင်း စသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပြီး ကုန်းမြင့်ဒေသအနီး နေထိုင်သူများ မြေပြိုမှု အန္တရာယ်၊ မြစ်ချောင်းများမှ ရေကြီးရေလျှံမှုများကို သတိပြုကြရန် မိုးဇလပညာရှင်များက သတိပေးထားသည်။
ပလက်ဝမြို့နယ်သည် မြစ်ချောင်း ပေါများသော ဒေသတစ်ခုဖြစ်ပြီး မြစ်၊ ချောင်းများသည် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းလျက်ရှိကာ ကုလားတန်းမြစ်နှင့် လေမြိုမြစ်တို့သည် ယင်းဒေသတွင် ထင်းရှားအရေးပါသည်။