(006SV)
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက ချင်းရွာများတွင် အရေပြားရောဂါ ကူးဆက်ပြန့်ပွားမှုများဖြစ်ပွားနေပြီး ဆေးဝါးကုသမှုရရှိနိုင်ရန် ခက်ခဲနေကြကြောင်း ယင်းရွာများကို ကူညီပေးနေသူများထံမှ သိရသည်။
စက်တင်ဘာလအတွင်းက မင်းပြားမြို့နယ် ပန်းမြောင်းချောင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် ဒိုင်းသား၊ ခွဆုံ၊ ထိန်ပင်-ပေါက်တော၊ င/တာ၊ ချောင်းတိုစသည့် ချင်းကျေးရွာများတွင် ကလေးအပါအဝင် လူကြီးလူငယ်များသည် ပွေးယားနာဖြင့် ပုံစံတူ ကူးဆက်တတ်သော ယားနာများ ဖြစ်ပွားနေခဲ့ကြောင်း ဆေးဝါးစောင့်ရှောက်မှု ကူညီပေးနေသူက ပြောသည်။
“ဆေးဝါးပြတ်လတ်တာရယ်၊ ဆေးဝါးဈေးကြီးတဲ့အခါကြတော့ လူနာပြည်သူတွေဟာ မဝယ်နိုင်ဘူး။ မဝယ်နိုင်တော့ ဒီ့အတိုင်း တိုင်းရင်းဆေးတွေနဲ့ ကုလိုက် လုပ်နေကြရတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း နဂိုကတည်းက အားနည်းတယ်။ အဲဒီမှာ ကျန်းမာရေး ဝန်ထမ်းကလည်း ဘယ်အစိုးရ၊ ဘယ်အဖွဲ့အစည်းအောက်မှာမှ မရှိကြဘူး ပြောရမယ်။ သူတို့က ကိုယ်ထူကိုယ်ထ ပြောရမှာပေါ့။ လစာတွေလည်း မရဘူးထင်တယ်။ သူတို့က ကုသချင်ပေမယ့် ဆေးဝါး မရှိတာရယ်၊ ဥပမာ ကျေးရွာ ၂ ရွာ၊ ၃ ရွာမှ ကျန်းမာရေးဝန်ထမ်းတစ်ယောက်ပဲ ဆိုတော့ အဆင်မပြေဘူးပေါ့လေနော်။ ဒါတွေက တော်တော်ခက်ခဲနေတယ်” ဟု ၎င်းက ပြောသည်။
ယင်းချင်းကျေးရွာများတွင် ဆေးဝါးမရှိခြင်းအပါအဝင် လိုအပ်သည့်ဆေးဝါးများ ဝယ်ယူနိုင်ရန် ခက်ခဲနေပြီး ဆေးဝါးများရှိပါကလည်း ရန်ကုန်တွင် တစ်ထောင်ခန့်ရှိသော ဆေးဝါးမှာ ယင်းရွာကိုရောက်ပါက အနည်းဆုံး ခုနှစ်ထောင်ခန့် ပေးဝယ်နေရကြောင်း သိရသည်။
မင်းပြားမြို့နယ် ပန်းမြောင်းချောင်းတကြောက ချင်းကျေးရွာများတွင် လက်ရှိတွင် အရေပြားရောဂါဖြစ်ပွားမှု ၃၀၀ ခန့် ရှိနိုင်ပြီး ယင်းဒေသတကြောက ချင်းရွာများအပါအဝင် ရခိုင်ရွာများတွင် ဖြစ်ပွားနေမှုများပါ ထည့်တွက်လျှင် ကလေး၊ လူကြီး တစ်ထောင်ခန့် ဖြစ်ပွားနိုင်ကြောင်း၊ ဒေသခံပြည်သူများ၏ ဖြစ်ပွားမှုအရေအတွက်ကို အတိအကျရရှိရန် ခက်ခဲကြောင်း သိရသည်။
အလှူရှင်များ၏ ကူညီမှုဖြင့် ပန်းမြောင်းချောင်းဒေသက ချင်းရွာများမှ အရေပြားရောဂါဖြစ်ပွားမှုများကို ပထမအကြိမ်ဆေးဝါး လိုက်လံ ကုသမှုပေးရာတွင် အတော်အသင့် သက်သာပျောက်ကင်းမှုများရှိခဲ့ပြီး လက်ရှိတွင်လည်း ကူညီထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း ဆေးဝါးစောင့်ရှောက်မှု ကူညီပေးနေသူများက ပြောသည်။
ယင်းဒေသက အရေပြားရောဂါဖြစ်ပွားမှုမှာ သာဓကအားဖြင့် အိမ်ခြေ ၁၁၀ ခန့်ရှိသော ရွာတွင် လူဦးရေ ၇၀ ခန့်ရှိပြီး အိမ်ခြေ ၈၀ ခန့်ရှိသော ရွာတွင် လူဦးရေ ၁၀၀ ကျော် ဖြစ်ပွားမှုလည်းရှိနေကြောင်း၊ ကျေးရွာတချို့ကို ဆေးဝါးကုသမှုပေးနိုင်ရန် လက်လှမ်းမမှီမှုလည်း ရှိခဲ့ကြောင်း သိရသည်။
ပန်းမြောင်းကြီးချောင်းဒေသတွင် ရေကြီးရေလျံမှုဖြစ်ပြီး ရေငံများ ဝင်ရောက်မှုကြောင့် ချင်းကျေးရွာ ငါးရွာခန့်တွင် လယ်စပါးဧက ၃၀၀ ခန့် ပျက်စီးခဲ့ပြီး ချင်းနှင့် ရခိုင်ကျေးရွာများ အားလုံးပေါင်းလျှင် လယ်ဧက ထောင်ဂဏန်းအထိ ပျက်စီးနိုင်ကြောင်း၊ လယ်စပါးများအတွက် ဓါတ်မြေဩဇာ အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။