စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရေရှင်ကျေးရွာတွင် စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၇ နာရီအချိန်ခန့်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာတွင်းရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း PDF (Kalay) ၏ ထုတ်ပြန်ချက်အရ သိရသည်။
မနက် ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားများစွာဖြင့် ရေရှင်ကျေးရွာဖက်ကို ဦးတည်လာပြီး PDF (Kalay) တပ်ဖွဲ့ဝင်များက ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ရာမှ ညနေပိုင်း ၇ နာရီအချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရေရှင်ကျေးရွာကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ်များစွာ ပျက်စီးခဲ့သည့်အပြင် ယင်းနေ့ မနက်ပိုင်းတွင်လည်း ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်း၊ အင်းကျွန်းကျေးရွာကိုလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့်လည်း အကြောင်းမဲ့ပစ်ခတ်ခြင်း၊ လူနေအိမ်များကိုလည်း ဝင်ရောက်ကာ မွှေနှောက်ဖျက်စီးမှုလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များဖက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် PDF (Kalay) ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားသော်လည်း မစိုးရိမ်ရကြောင်းသိရှိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ဖက်မှ သေဆုံးမှုရှိနိုင်သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ကလေးမြို့နှင့် ဂန့်ဂေါမြို့အကြား မော်တော်ကားများ ဖြတ်သန်းသွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ပါရန်နှင့် ဖြတ််သန်းသွားလာခြင်းကြောင့် PDF (Kalay) မှ တာဝန်ယူနိုင်မည်မကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။