Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»သေနတ်ထမ်းလာနေသော ချင်းသမီးပျို

သေနတ်ထမ်းလာနေသော ချင်းသမီးပျို

0
By Editor on June 25, 2022 Featured

ရေး – Salai Vakok

“ကျွန်မတို့ လက်နက်မပါဘဲနဲ့ တော်လှန်ရင်တော့ မဖြစ်ဘူး”

လက်နက်ကိုင်တော်လှန်မှ ဖြစ်တော့မည်ဆိုသည့် ခံယူချက်တစ်ခုနှင့် မဒေစီတစ်ယောက်၊ ချင်းအမျိုးသားတပ်ဦးဆီကို ရောက်လာခဲ့သည်။

စစ်တပ်က လက်နက်အားကိုးဖြင့် နိုင်ငံကို တရားမဝင်အာဏာသိမ်းပြီးနောက် မြေပြန့်ဒေသတွင်သာမက ချင်းတောင်တကြောမှာပါ အုံနဲ့ကျင်နဲ့ ဆန္ဒပြမှုတွေထဲ မဒေစီလည်း ပါဝင်ခဲ့သည်။ လမ်းမပေါ်တွေမှာ အေးချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်၏ ဖမ်းဆီးမှုနှင့် သတ်ဖြတ်မှုတွေထဲ မဒေစီ၏ အသိသူငယ်ချင်းတွေ ပါသွားခဲ့သည်။

စစ်တပ်၏ အာဏာရှင်စနစ်ကို လူငယ်တွေမှ မတော်လှန်ရင် တော်လှန်မည့်သူ ရှိတော့မှာ မဟုတ်ဘူးဆိုသည့် စိတ်ဖြင့် မဒေစီတစ်ယောက် လက်နက်ကိုင်ဖို့ ရွေးချယ်ခဲ့သည်။ စစ်တပ်အာဏာမသိမ်းမိက ဇာတိချင်းပြည်အတွက် ဥပဒေပညာရှင်ဖြစ်ချင်ခဲ့သူပါ။

သေနတ်ကိုင်ဖို့ အိမ်မက်ပင် မမက်ဖူးခဲ့သည့် မဒေစီက ယောကျ်ားတွေနှင့်တန်းတူ စစ်သင်တန်းတက်ပြီးနောက် ချင်းအမျိုးသားတပ်ဦး၊ CNF ဌာနချုပ် ဝိတိုရိယစခန်းမှာ စစ်ရေးတာဝန်တွေကို ထမ်းဆောင်နေပါသည်။

“ဒီမတရားတဲ့အရာကြီးကို ကျမ လက်ပိုက်ကြည့်မနေနိုင်ဘူး။ အဲအတွက်မို့ ခက်ခဲတဲ့ အရာတွေကို ကျမတို့ သိပြီးသားဖြစ်တယ်။ ချင်းအမျိုးသားတပ်မတော်ကို ကျမ လာမယ်ဆိုကတည်းက အဆိုးဆုံးကို ပြင်ဆင်ပြီးမှ လာရောက်ခဲ့ခြင်းဖြစ်တယ်” ဟု မဒေစီက ပြောသည်။

စစ်အာဏာရှင်၏ မတရားမှုကြီးကို လက်ပိုက်ကြည့် မနေနိုင်၍ လက်နက်ကိုင် ခုခံတွန်းလှန်သည့် အမျိုးသမီးက မဒေစီတစ်ဦးတည်း မဟုတ်ပါ။ ချင်းတောင်တကြောက ထောင်ချီသော အမျိုးသမီးတွေသည် ချင်းဒေသကာကွယ်ရေးတပ်တွေမှာ ဝင်ရောက်ပြီး စစ်အာဏာရှင်ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်နေကြသည်။

ချင်းဒေသ၏ နွေဦးတော်လှန်ရေး စတင်ချိန်တွင် လမ်မပေါ်က ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် အမျိုးသားထက် အမျိုးသမီးအင်အားက ပိုမိုများပြားခဲ့သည်။ သို့သော် လက်နက်ကိုင်တွန်းလှန်မှု စတင်လာချိန်က ပထမပိုင်းတွင် အမျိုးသမီးပါဝင်မှု နည်းပါးခဲ့သော်လည်း နောက်ပိုင်းတွင် ချင်းအမျိုးသမီးများ ပိုမိုများပြားစွာ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။

ချင်းဒေသ၏ လက်နက်ကိုင်တော်လှန်ရေးတွင် ချင်းလူငယ်များ၊ စီးပွားရေးသမားများ၊ ဘာသာရေး အသင်းအဖွဲ့မှစ၍ ချင်းလူထု၏ နယ်ပယ်ပေါင်းစုံက နည်းလမ်းပေါင်းစုံဖြင့် တော်လှန်နေကြခြင်းဖြစ်သည်။ တော်လှန်ရေးက သူမကဲ့သို့ လက်နက်ကိုင်မှ တော်လှန်းခြင်းမဟုတ်ဘဲ၊ ငွေအား၊ ကိုယ်ကာယအားဖြင့် ကဏ္ဍအသီသီးက တွန်းလှန်နေသူတွေကို ကျေးဇူးတင်သည့်အကြောင်း မဒေစီက အမှာစကားပါးသည်။

စစ်အာဏာရှင်ကို ဖြုတ်ချမှ ရတော့မည်ဆိုသည့် ခံယူချက်၊ ၎င်းတို့ကို ဖြုတ်ချနိုင်မှသာ မိမိတို့၏ အခွင့်အရေးကို ရရှိနိုင်မည် မျှော်လင့်ချက်တွေကြောင့် ချင်းအမျိုးသမီးတွေ အပါအဝင် နယ်ပယ်ပေါင်းစုံက လူတွေ လက်နက်ကိုင်စွဲ လာခြင်း ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“အဲဒါကြောင့် ဒီစစ်အာဏာရှင်ကို မဖြုတ်ချနိုင်မချင်း ကျမတို့၊ ကျနော်တို့ရဲ အနာဂါတ်ကတော့ မှောင်နေတယ်။ အဲဒါကို ဖြုတ်ချနိုင်မှ၊ အမြစ်ဖြုတ်နိုင်မှ ဖြစ်မယ်ဆိုတဲ့ ခံယူချက်၊ အဲဒီခံယူချက်နဲ့ လာကြတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ချင်းအမျိုးသားတပ်ဦး (CNF) တွင် အမျိုးသမီးစစ်သည်အင်အားကို အတိအကျ မပြောသော်လည်း စစ်သည် ၁၀ ဦးတွင် အမျိုးသမီးစစ်သည် ၁ ဦး သို့မဟုတ် ၂ ဦး အချိုးတော့ ရှိသည်ဟု အားနည်းပါသည်ဟု CNF မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ အာဏာသိမ်းမှုကို တော်လှန်ချင်၍ နောက်မှဝင်လာသော အမျိုးသမီးစစ်သည်တွေက ကျောင်းသူ၊ လူငယ်နဲ့ CDM လုပ်ထားသည့် ဝန်ထမ်းတွေက အများစုဖြစ်သည်။

စစ်အာဏာရှင်ကို တော်လှန်နေသည့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (၁၈) ခုတွင် CDF တစ်ဖွဲ့စီမှာ အမျိုးသမီး စစ်သည် အနည်းဆုံး (၁၀၀) ကျော် ရှိပါသည်။ အမျိုးသမီးစစ်သည်များကို ခန့်မှန်းတွက်ကြည့်လျှင် ၂၀၀၀ မှ ၃၀၀၀ အထိရှိနိုင်ကာ မိမိ တာဝန်ကျရာနေရာမှ တိုက်ပွဲဝင်နေကြသည်ဟု Chinland Joint Defense Committee (CJDC) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်တင်မီက ပြောသည်။

“ယောင်္ကျားတွေ မလုပ်နိုင်တဲ့ အခန်းကဏ္ဏတွေမှာ အမျိုးသမီးတွေက အတော်ထက်ထက်မြက်မြက်နဲ့ လုပ်နိုင်တာတွေ ရှိပါတယ်။ ခေါင်းဆောင်ပိုင်း၊ စီမံခန့်ခွဲရေးပိုင်းမှာ အမျိုးသမီးတွေက ထက်ထက်မြက်မြက်နဲ့ရှိတယ်။ တော်လှန်ရေးမှာ အမျိုးသား၊ အမျိုးသမီးမခွဲခြားပဲ ဒီထက်မက အားလုံး ပါဝင်ပြီးတော့ တော်လှန်ကြရအောင်လို့ ပြောချင်ပါတယ်”

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များမှ အမျိုးသမီးစစ်သည်အများစုသည် ရုံးပိုင်းနှင့် ကျန်းမာရေးလုပ်ငန်းများတွင် အများဆုံး တာဝန်ထမ်းဆောင်ရသည်။ စခန်း၏ စားဝတ်နေရေးကိုလည်း စီမံရပါသည်။ ရှေ့တန်းတွင် တိုက်နေရသော အမျိုးသမီးစစ်သည် တချို့လည်းရှိပြီး သူတို့က မိုင်းထောင်ခြင်းနှင့် မိုင်းလုပ်သော တာဝန်တွေကို ယူရသူများလည်း ရှိသည်။

“သူတို့က ရှေ့တန်းထွက်ရဖို့ အမြဲတောင်းဆိုပါတယ်။ ကျနော်တို့က တစ်ခုခုဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးကြောင့် ရှေ့တန်းကို အများကြီးလွှတ်ဖို့က အဆင်မပြေသေးဘူး” ဟု ဆလိုင်တင်မီက ဆိုသည်။

ချင်းအမျိုးသားတပ်ဦးမှာ အခြေခံစစ်သင်တန်း (၃) လကို မဒေစီတို့ စစ်သည်တွေ တက်ရသည်။ အခြေခံစစ်သင်တန်းက အမျိုးသား၊ အမျိုးသမီးဟူ၍ ခွဲခြားမှုမရှိဘဲ ပြင်းထန်သော စစ်လေ့ကျင်ခန်းတွေ လုပ်ခဲ့ရပါသည်။ အခြေခံစစ်သင်တန်းတွင် စစ်ရေးဆိုင်ရာကျွမ်းကျင်မှုနှင့် နိုင်ငံရေးကို ပူးတွဲပို့ချခြင်းဖြစ်သည်။ တချို့ CDF ၏ စစ်သင်တန်းက ရက်ပေါင်း (၆၀) တက်ရပါသည်။

ချင်းအမျိုးသားတပ်ဦးမှာ လက်နက်ကိုင်ဖို့ ဆုံးဖြတ်လိုက်တော့ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ရမည့် မဒေစီ၊ ပထမဆုံးလုပ်ရသည်က စိတ်ဓါတ်ကို ပြင်ဆင်ရခြင်းဖြစ်သည်။

“ကျမ လုပ်နိုင်လို့ ဆိုတာထက် လုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ ဒီစစ်သင်တန်းကို ခက်ခဲမှန်းသိတယ်။ ဒါပေမဲ့ တက်ခဲ့တာပေါ့နော်”

ချင်းအမျိုးသားတပ်ဦး၏ ဝိတိုရီယစစ်ဌာနချုပ်မှာ ရောက်နေသည့် မဒေစီမှာ အိမ်လွမ်းဝေဒနာလည်း ရှိပါသည်။ မိဘ၊ မောင်နှမတွေနှင့် ကိုယ်ချစ်ခင်သည့် သူ အားလုံးနှင့် ခွဲခွာနေရခြင်းက အချိန်ကြာလာသည်နှင့်အမျှ ပိုခံစားရသည်။ စစ်အာဏာသိမ်းမှုက ချစ်သူ၊ ခင်သူတွေကို အဝေးဆုံးဆီကို လွှင့်စင်စေပါသည်။

“အကြီးမားဆုံးပေးဆပ်မှုက ကိုယ်ချစ်တဲ့သူတွေနဲ့ အကုန်လုံးဝေးနေရတယ်။ ဒီကိုလာတယ် ဆိုကတည်းက သေချာတာက အသက်ပါပေးဆပ်ရမယ်ဆိုတာ သိပြီးသား။ ပြောရမယ်ဆိုရင်တော့ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအတွက် ဒီအချိန်မှာမှ ကျမတို့ မပေးဆပ်ဘူးဆိုရင် အမြဲနောင်တရစရာ ရှိသွားမှာ”

မကွေးတက္ကသိုလ်တွင် ဥပဒေနှင့် ဘွဲ့ရထားသော မဒေစီက ချင်းတောင်မှာ ရှေ့နေကောင်းတစ်ဦး ဖြစ်ချင်ခဲ့သူပါ။ ဥပဒေပညာရှင်ရှားပါးသည့် ချင်းပြည်အတွက် မဒေစီမှာ အိမ်မက်တွေရှိခဲ့ပြီး သူ့မှာ နိုင်ငံခြားတွင် ကျောင်းသွားတက်ဖို့အပါအဝင် တခြားအစီအစဉ်နှင့် အခွင့်အလမ်းတွေ ရှိပါသည်။ ခုတော့ တော်လှန်ရေးအတွက် ဘဝ၏ အိမ်မက်တချို့ကို ကျောခိုင်းခဲ့ရသည်။

ချင်းဒေသမှာ ဓလေ့ထုံထမ်းနှင့် အက်ဥပဒေတွေမှာ မဒေစီကဲ့သို့ အမျိုးသမီးတွေသည် ဖိနှိပ်ခွဲခြားခံထားရဆဲ ဖြစ်ပါသည်။ ထင်ရှားသည့် သာဓကတစ်ခုမှာ ချင်းဝိသေသတိုင်း အက်ဥပဒေတွင် အမျိုးသမီးများသည် အမွေဆက်ခံပိုင်ခွင့်၊ ခံစားခွင့်မရကြဘဲ အမျိုးသားများသာ ရရှိကြသည်။ စစ်တိုက်ခြင်းဓလေ့တွင်လည်း အမျိုးသားများသာ တိုက်ကြသည့်ဓလေ့ လွှမ်းမိုးသည်။ အခု မဒေစီတို့ အမျိုးသမီးတွေ သေနတ်ထမ်းနေပါပြီ။

ချင်းအမျိုးသားတပ်ဦးတွင် ကျားမတန်းတူရေးအခြေခံနှင့် လူအခွင့်အရေးအခြေခံတွေ ပိုမိုကျယ်ပြန်လာအံ့ဟူ၍ အမျိုးသမီးရေးရာ ကော်မတီဖွဲ့စည်းထားပြီး အမျိုးသမီးအရေး ဆောင်ရွက်နေသည်။ ချင်းဓလေ့ထုံတမ်းတွေကို ထိန်းသိမ်းရင်း လက်တွေ့မဆန်သော၊ ခေတ်မမိသော ရှေးအစဉ်အလာတွေကို ပယ်ဖျက်ရမည်ဟု CNF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မတိုင်မီက အိမ်မက်နှင့် လက်ရှိဘဝ၏ ကွာခြားမှုအတွက် မဒေစီမှာ မျှော်လင့်ချက်မဲ့ချိန်တွေလည်း ရှိသည်။

“တော်တော်မျှော်လင့်ချက်မဲ့ပြီး စိတ်ဓါတ်လည်းကျတယ်။ ဒါပေမဲ့ စိတ်ဓါတ်ကျနေလို့ မရဘူး။ ကျမတို့ လုပ်ဆောင်ရမဲ့အရာတွေ အများကြီးရှိတယ်။ အခက်အခဲရှိမှ၊ မုန်းတိုင်းရှိမှ လေပြေက ပြန်လာမှာဖြစ်တဲ့အတွက်ကြောင့်……”

မဒေစီက လက်နက်ကိုင်တော်လှန်းရေးထဲ မဖြစ်သာသည့် အခြေအနေမို့ ရွေးချယ်ခဲ့ရသော်လည်း လက်နက်ကိုင်လမ်းစဉ်ကို သဘောမကျပါ။ နွေဦးတော်လှန်ရေး အောင်မြင်သွားပါက တဖက်တလမ်းက ပါဝင်သွားမည်ဖြစ်သော်လည်း လက်နက်ကိုင်လမ်းစဉ်ကို ဆက်လုပ်မည် မဟုတ်ပါ။

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မှ ဖြစ်တော့မည့် ခံယူချက်၊ ချင်းလူငယ်တွေ နိုးထရမည့် အချိန်ရောက်ပြီးဆိုသည့် ခံယူချက်တွေနှင့် မဒေစီတစ်ယောက်၊ ချင်းအမျိုးသားတပ်ဦးဆီသို့ ရောက်လာခဲ့သည်။

“ကျွန်မတို့ လက်နက်မပါဘဲနဲ့ တော်လှန်ရင်တော့ မဖြစ်ဘူး”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

#Article”ချင်းကို ကာရံညှိခြင်း”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.