စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်တွင်နေထိုင်သူ ချင်းအမျိုးသမီးတစ်ဦးသည် စက်တင်ဘာ ၁၅ ရက် မနက် ၇ နာရီခွဲဝန်းကျင်ခန့်က အိမ်ကနေ 125 kenbo ဆိုင်ကယ်ဖြင့် ထွက်သွားပြီး ယနေ့ထိ အိမ်သို့ပြန်လာခြင်းမရှိပဲ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေကြောင်း သိရသည်။
ပျောက်ဆုံးနေသူမှာ အသက် ၃၈ နှစ်အရွယ် ဒေါ်ဒွန်ဆောမ်ကျိန်ဖြစ်ပြီး တမူးမြို့နယ် ခမ်းပတ်ဘက်သို့ ငွေကောက်စရာရှိ၍ သွားမည်ဟု အသိမိတ်ဆွေများထံ ပြောဆိုခဲ့ပြီး နောက်နေ့မနက် ဆိုင်ကယ်ဖြင့် ထွက်သွားပြီးကတည်းက အဆက်အသွယ်ပြတ်သွားခဲ့ခြင်းဖြစ်သည်ဟု သမီးဖြစ်သူက ပြောသည်။
“အမေ့ဖုန်းလည်း ဆက်သွယ်လို့မရဘူး။ ရဲစခန်းကို အကြောင်းကြားမေးကြည့်ပေမဲ့ အဲလိုမျိုးမရှိဘူးနော်လို့ပြောတယ်။ အမျိုးတွေ၊ လူကြီးတွေက ဝိုင်းဝန်းပြီး ရှာပေးနေတုန်းပဲ” ဟု သမီးဖြစ်သူကပြောသည်။
ကလေးမြို့တွင် ယခုရက်ပိုင်းအတွင်း မကြာခဏ လူပျောက်ဆုံးမှုရှိနေပြီး စက်တင်ဘာ ၉ ရက်နေ့ကလည်း ကလေးမြို့၊ ဒိုးဝိုင်းချောင်းရွာက အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် အိမ်မှထွက်သွားရာက ယနေ့ချိန်ထိ အိမ်သို့ ပြန်လာခြင်းမရှိဘဲ ပျောက်ဆုံးနေဆဲဟု သိရသည်။