(006SV)
ချင်းပြည်နယ်၏ ၇၅ ရာခိုင်နှုန်းနှင့်အထက်ကို ထိန်းချုပ်စိုးမိုးထားသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် မြို့ပေါ်တွင်သာ အခြေစိုက်ထားနိုင်သော စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်၊ သိမ်းယူနိုင်ရေး လက်နက်ခဲယမ်းများ ဖြည့်တင်းနိုင်ရန် ကြိုးစားနေချိန်တွင် ထောက်ပံ့ရရှိမှု ပိုနည်းလာသည်ဟု ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
ခုခံတော်လှန်ရေးကာလ ၂ နှစ်ခွဲကျော်လာချိန်တွင် ထောက်ပို့ရဲဘော်များ၏ ကူညီထောက်ပံ့နိုင်မှုနှင့် ပြည်တွင်း/ပရှိ ပြည်သူများ၏ ငွေကြေးထောက်ပံ့မှုများမှာ ပိုမိုလျော့နည်းလာသည့်အတွက် ချင်းကာကွယ်ရေးတပ်ဖွဲ့များမှာ အခက်အခဲများ ပိုကြုံတွေ့လာ ရသည်။
ချင်းတောင်ပိုင်းက ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်သည် မြို့ပေါ်စခန်းသိမ်းတိုက်ပွဲများ ပြုလုပ်နိုင်ရန် ဒရုန်းအပါအဝင် လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရေးအတွက် “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း”သိန်း ၅၀၀၀ကမ်ပိန်းကို ပြည်တွင်း/ပ အကူအညီများဖြင့် ၄၅ ရက်ပြုလုပ်ရာ ၄၁ ရာခိုင်နှုန်းသာ ရရှိခဲ့သည်ဟု ယင်းအဖွဲ့က တာဝန်ရှိသူ ပြောသည်။
“ကျနော်တို့ ကမ်ပိန်းကို ခက်ခက်ခဲခဲနဲ့ လုပ်ဆောင်နေရတာပါ။ ၄၅ ရက် သတ်မှတ်ထားပေမယ့် သတ်မှတ် ထားတဲ့ တာဂစ်ရဲ့ ၄၁ ရာခိုင်နှုန်းပဲ ပြည့်မိတဲ့အတွက် ကျနော်တို့ ၁၅ ရက် ထပ်ထိုးထားပါတယ်။ တော်လှန်ရေးကာလ တစ်ခုလုံးကို ခြုံပြောရရင် နည်းနည်း ကျလာတယ်။ ထောက်ပို့တွေ ပိုင်းမှာလည်း အဲလိုဆိုတော့ သတ်မှတ်ထားတဲ့ တာဂစ်က ၄၁ ရာခိုင်နှုန်းဆိုတော့ အားနည်းတယ်” ဟု CDF- ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။
ကမ်ပိန်းကာလကို အောက်တိုဘာလ ၃၁ ရက်ထိ ထပ်တိုးထားပြီး လတ်တလောတွင် ၅၅ ရာခိုင်နှုန်းထိ ရရှိထားသည်။
တပ်ရင်း ၇ ရင်းဖြင့် ဖွဲ့စည်းထားသော CDF ကန်ပက်လက်သည် မြို့ပေါ်တိုက်ပွဲများကို ခပ်စိပ်စိပ်ဖော်ဆောင်လာသော်လည်း လက်နက်အင်အား ကွာဟမှုကြောင့် တပ်ရင်း၂ စခန်းကို သုံးကြိမ် လက်လွှတ်ခဲ့ရပြီး တပ်မဟာဌာနချုပ်ကို တစ်ကြိမ် လက်လွှတ်ခဲ့ရသည်ဟု တာဝန်ရှိသူက ပြောသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် ထိန်းချုပ်စိုးမိုးထားသည့် နယ်မြေများ၏ စစ်ရေးစရိတ်များသာမက အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုပါ တွဲ၍ ဆောင်ရွက်နေရပြီး ယင်းကုန်ကျစရိတ်များ ရှိသောကြောင့် ဘဏ္ဍာငွေ ထောက်ပံ့မှုများ ပိုမိုလိုအပ်နေခြင်းဖြစ်သည်။
တချို့ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ မြို့နယ်များမှ ပြည်သူများသည် ထောက်ပံ့ကူညီနိုင်မှု အားနည်းသောကြောင့် ချင်းကာ ကွယ်ရေးတပ်ဖွဲ့များမှာ တော်လှန်ရေးအချိန်ကြာလာသည့်နှင့် ပိုမိုခက်ခဲလာရသည်ဟု ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
မြေပြန့်ဒေသတွင် စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်နေသည့် CDF – အရှို တပ်ဖွဲ့၏ “အောက်ချင်းတောင်ပံ” ရန်ပုံငွေ ကမ်ပိန်းမှာလည်း ကမ်ပိန်းကာလ သတ်မှတ်ရက် နှစ်လပြည့်ချိန်တွင် ၂၂ ရာခိုင်နှုန်းသာ ရရှိခဲ့သည် တာဝန်ရှိသူက ပြောသည်။
စစ်မြေပြင်မှာ အသုံးပြုရန်၊ သတင်းထောက်လှမ်းရန်နှင့် ရန်သူစခန်းဗုံးကြဲချရန် ဒရုန်တစ်စင်းကို ဝယ်ယူနိုင်ရေးအတွက် ယင်းကမ်ပိန်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ်ပိန်း၏ ၇၅ ရာခိုင်နှုန်းနှင့်အထက် ရရှိမှ ကမ်ပိန်း ရည်မှန်းချက်ကို အောင်မြင် မည်ဖြစ်သည်ဟုဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၅ ရက်တွင် ၂၂ ရာခိုင်နှုန်းဖြင့်သာ ကမ်ပိန်းကို အပြီးသတ်လိုက်ရတော့မည်ဖြစ်ပြီး ဒရုန်းဝယ်ယူမည့် အိမ်မက်ကို စွန့်လွှတ်ရတော့မည်ဟု CDF- အရှိုတပ်ဖွဲ့၏ တာဝန်ခံ ဆလိုင်းရိုးရှင်းက ပြောသည်။
“ပြည်သူတွေရဲ့ ပါဝင်မှုကတော့ ကျနော်တို့လိုပဲ ကမ်းပိန်လုပ်တာက တခြားတော်လှန်ရေးအဖွဲ့တွေလည်းအ များကြီး လုပ်နေကြ တာဖြစ်တော့ ပြည်သူတွေလည်း ခြေကုန်လက်ပန်းကျနေကြတယ်။၊ အဖွဲ့တွေ များပြီးတော့မှ ထောက်ပံ့ကြတာမှာ ပင်ပန်းလာ နေကြတယ်” ဟု ၎င်းက ပြောသည်။
တော်လှန်ရေးအချိန်ကြာမြှင့်လာမှုနှင့်အတူ ချင်းပြည်သူများမှာ တောင်ယာအပါအဝင် စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ မလည်ပတ်နိုင်သောကြောင့် ပြည်သူလူထု၏ “ခံနိုင်ရည်”သည် ပိုမိုနည်းလာပြီး ရန်ပုံငွေ ကမ်ပိန်းများတွင် တော်လှန်ရေး အစပိုင်းလောက် မထည့်ဝင်လာနိုင်ခြင်းဖြစ်သည်ဟု တော်လှန်ရေးရန်ပုံငွေ ကမ်ပိန်များမှ တာဝန်ရှိသူများက ပြောသည်။
စစ်ကောင်စီသည် ချင်းပြည်သူများ၏ နေအိမ်နှင့် အဆောက်အဦးပေါင်း ၂၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်၊ ချင်းပြည်သူ တစ်သိန်းနီးပါးမှာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ယခုနှစ်တွင်လည်း တိုးလာနေသည်ဟု ချင်းရေးရာအဖွဲ့ချုပ်၏ အစီရင်ခံစာမှာဖော်ပြထားသည်။
ချင်းတော်လှန်ရေးအင်အားစုများအကြား ပဋိပက္ခဖြစ်ပွားမှုများကလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့တချို့ပေါ် ချင်းပြည်သူများ၏ ထောက်ပံ့ကူညီမှုများက ရိုက်ခတ်မှုများ ရှိနေသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ကမ်ပိန်းတာဝန်ရှိသူက ပြောသည်။
“ချင်းတွေရဲ့ တူမီး မောင်းပြန်နဲ့ပြီး ဆိုပေမယ့် ချင်းတွေရဲ့ ထည့်ဝင်မှု အားနည်းနေတယ်ဆိုတော့ ကျနော်တို့တွေ CNDF အနေနဲ့ တခြားအဖွဲ့အစည်းတွေနဲ့ အဖွဲ့အစည်း ကွဲပြားမှုကြောင့်လားပေါ့နော်။ အများကြီး ရိုတ်ခတ်နေတယ်။ စည်းစည်းလုံးလုံးနဲ့ ရှေ့ဆက်သွားကြဖို့ ဖြစ်စေချင်တယ်” ဟု ၎င်းက ပြောသည်။
ချင်းအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (CNDF)သည် ဖလမ်းမြို့နယ်အရှေ့ပိုင်းတွင် စစ်ရေးလှုပ်ရှားသည် တပ်မဟာ (၁)ကို ချေမှုန်းရေးရိုင်ဖယ်များ တပ်ဆင်ပေးနိုင်ရန်အတွက် “ချင်းတို့ရဲ့ တူမီး မောင်းပြန်နဲ့အပြီး” သိန်း ငါးထောင် ရန်ပုံငွေကမ်ပိန်းကို တစ်လနီးပါးကြာ ပြုလုပ်နေသော်လည်း ၁၀ ရာခိုင်နှုန်းဝန်းကျင်သာ ရရှိနေသည်ဟု သိရသည်။
ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ၍ ချင်းလဲန်းကောင်စီ ဖွဲ့စည်းပြီး ချင်းပြည်နယ်၏ ကိုယ်ပိုင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကို အကောင်အထည်ဖော်နေသည့် ချင်းတော်လှန်ရေးအင်အားစုများက ပြည်တွင်း/ပမှ ပြည်သူများအနေဖြင့် ချင်းလဲန်တော်လှန်ရေးတွင် တထောင့်တနေရာက ပါဝင်နေကြဖို့ တိုက်တွန်းကြသည်။