(003PT)
ကလေး-ဖလမ်း လမ်းမကြီးအသွားလာပိတ်ပင်ထားခြင်းကြောင့် ဖလမ်းမြို့နယ်အတွင်း ဓာတ်ဆီ တစ်ဂါလံ ၆၀,၀၀၀ အထိမြင့်တက်လာသည့်အတွက် ဆိုင်ကယ် အသုံးပြုမှုနည်းလာပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ရာတွင်လည်း အခက်ကြုံနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ပြည်သူအများစုမှာ တောင်ယာထွက်သီးနှံများ သယ်ယူပို့ဆောင်ရာတွင် ဆိုင်ကယ်ကို အဓိကထား အသုံးပြုလေ့ရှိကြပြီး ယခုကဲ့သို့ ဓာတ်ဆီစျေးနှုန်းမြင့်တက်မှုကြောင့် တောင်ယာလုပ်ငန်းမှာ အခက်ခဲကြုံတွေ့နေကြရခြင်းဖြစ်သည်။
ကလေး-ဖလမ်း လမ်မကြီးဘေးရှိ ဗားလုံကျေးရွာခံတစ်ဦးက “ကျွန်မတို့က ခါတိုင်းဆို တောင်ယာသွားရင်လည်း ဆိုင်ကယ်ပဲသုံးတာ၊ အထူးသဖြင့် ကော်ဖီထုပ်တွေသယ်တဲ့အခါ ဆိုင်ကယ်နဲ့ပဲသယ်တာ၊ အခုတော့ လူကပဲထမ်းနေရ တယ် အိမ်အထိ ၃ မိုင်လောက်ကို။ ပြီးတော့ ခြေလျှင်နဲ့ပဲသွားလာနေရတော့တယ်။ ဓာတ်ဆီဝယ်ဖို့တောင် ရွာထဲမှာ မရှိသလောက်ပဲအခု” ဟု ပြောသည်။
စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်ကိုဆက်သွယ်သော ကလေး-သိုင်းငင်း-ဖလမ်း ကားလမ်းမကြီးကို ချင်းကာ ကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေးအခြေအနေကြောင့် အကန့်သန့်မရှိ အသွားလာပိတ်ပင်ထားခြင်းဖြစ်ပြီး အခြေခံစား သောက်ကုန်နှင့် လောင်စာဆီများ ၀င်ရောက်နိုင်ခြင်းမရှိသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။
ယင်းကြောင့် ချင်းတောင်ဒေက သီးနှံများ အရောင်အဝယ်လုပ်ကိုင်သူများနှင့် တောင်ယာစိုက်မျိုးရေးလုပ်ကိုင်သူများမှာ အကြပ်အတည်း ထပ်ဆင့်ကြုံတွေ့နေရသည်ဟု တောင်ယာလုပ်ကိုင်သူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့က တောင်ယာကထွက်တဲ့ ကော်ဖီထုပ်နဲ့ အာလူးတွေ၊ ကောက်ပဲသီးနှံတွေအားလုံးက ကလေးကို ကားနဲ့သည်ပြီး ရောင်းနေရတာ။ အခုက ကားလမ်းကလည်းပိတ်တော့ သီးနှံတွေက ရောင်းလို့မရဘူး။ သီးနှံတွေကလည်း သူ့အချိန်နဲ့အခါ ယူရတာ၊ မဟုတ်ရင် ရစ်ကုန်ပြီးတော့ ပုပ်သိုးတာ ဖော်ဖီထုတ်တွေဆို။ အခုလလည်း ဒီတိုင်း တောင်ယာမှာ ထားလိုက်တယ် မယူတော့ဘူး။ ဝတ်စာအတွက် ပဲယူဖြစ်တယ်” ဟု ကော်ဖီထုပ်စိုက်တောင်သူတစ်ဦးက ပြောသည်။
ချင်းပြည်နယ်မြောက်ပိုင်းဒေသက ပြည်သူများမှာ သီးနှံနှင့်ကုန်စိမ်းများကို ကလေးမြို့သို့ တင်ပို့နေကြတာဖြစ်ပြီး ယခုကဲ့သို့ကားလမ်းပိတ်ပင်မှုကြောင့် တောင်ယာထွက်သီးနှံများ အရောင်းဝယ်မလုပ်ကိုင်နိုင်တော့သည့်အတွက် ဝင်ငွေပြတ်လပ်မှု အကြပ်တည်းများ ကြုံတွေ့နေကြရကြေင်း သိရသည်။