(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီက MPT/Atom ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး အူရီဒူး (Ooredoo) ဖုန်းလိုင်းတလိုင်းသာ အသုံးပြုနိုင်သည်ဟု သိရသည်။
ကလေးမြို့တွင် Atom ဖုန်းလိုင်းများဖြတ်တောက်နေသည်မှာ တလနီးပါးရှိလာပြီဖြစ်သည့်အပြင် MPT ဖုန်းလိုင်းမှာ လည်း အသုံးမပြုနိုင်သည်မှာ ၂ ပတ်ခန့်ရှိလာပြီးဖြစ် သည်ဟု သိရသည်။
ကလေးမြို့တာဟန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “တယ်လီနော (Atom) လိုင်းမရတာကြာပြီ၊ ကလေးမြို့ထဲမှာတောင် တာဟန်းရပ်ကွက်ဖက်ဆို MPT လုံးဝခေါ်လို့မရဘူး၊ တခြားရပ်ကွက်ဆို ခေါ်လို့ရပြန်ရော၊ အခုက Sim Card ကို တခုပြီးတခု ပြောင်းသုံးနေရတယ်” ဟု ပြောသည်။
ကလေးမြို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသည့်ဒေသဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့သည် မြို့ပေါ်ကိုသာ ထိန်းချုပ်နိုင်တော့သည့်အခြေအနေတွင် ရှိသည်ဟု သိရသည်။
ထို့ကြောင့် ဆက်သွယ်ရေးဖုန်းလိုင်းများကို ယခင်ကလည်း မကြာခဏ ဖြတ်တောက်လေ့ရှိသည်။
ကလေးမြို့တွင် စစ်ကောင်စီတပ်စခန်းနှင့် ၎င်းတို့တပ်စွဲရာအနီးတွင်နေထိုင်သော ပြည်သူများအားလုံး ဒီဇင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထားပြောင်းရွှေ့ကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အပြင် ကလေးမြို့နှင့် ကျေးရွာများဘက်သို့ ဆက်သွယ်သော လမ်းကြောင်းများကိုလည်း အသွားအလာပိတ်ပင်ထားပြီး စစ်ရေးအခြေအနေ ပြင်းထန်လာမည်ကို ပြည်သူများက စိုးရိမ်နေကြသည်ဟု သိရသည်။
ကလေးမြို့ထဲက စစ်ကောင်စီ အထိုင်တပ်စခန်းကနေလည်း ညတိုင်းနီးပါး လက်နက်ကြီးများပစ်ခတ်နေပြီး၊ နေ့ခင်းပိုင်းတွင်လည်း လုံခြုံရေးစစ်ဆေးမှု ပိုပိုတင်းကြပ်လာနေသည်ဟု သိရသည်။