(006SV)
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ခွဆုံ (ချင်း)ရွာက ကလေးငယ် အပါအဝင် ဒေသခံပြည်သူ ၄၀ ကျော်မှာ အရေပြားရောဂါဖြစ်ပွား နေကြောင်း သိရသည်။
ချင်းလူမျိုးများ နေထိုင်သည့် ခွဆုံကျေးရွာတွင် ရေကြီးလျှံမှုကြောင့် အစောပိုင်းရက်များမှာ ၂ ဦးဝန်းကျင်သာ ဖြစ်ပွားခဲ့သော် လည်း လက်ရှိတွင် အရေပြားရောဂါဖြစ်ပွားမှု ၄၀ ကျော်အထိ တိုးလာခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
“လက်ရှိ ဒေတာအရက တခြားရွာတွေမှာ မကြားမိသေးဘူး။ ဆရာဝန်၊ ဆရာမတွေ လိုအပ်တယ်။ ဆေးဝါးတွေ လိုအပ်တယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်တယ်။ ဒါတွေက လုံးဝကို ဇီရိုးဖြစ်နေတယ်။ဘာမှကို မရှိဘူး” ဟု စစ်ရှောင်ကူညီနေသူ တစ်ဦးက ပြောသည်။
အရေပြားရောဂါဖြစ်ပွားမှုသည် ဆေးဝါးအခက်အခဲများကြောင့် မိမိအိမ်မှာရှိသော ရိုးရာဆေးဝါးများဖြင့်သာ ကုသနေရကြောင်း သိရသည်။
စက်တင်ဘာလ ဒုတိယပတ်အတွင်းက ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ခွဆုံကျေးရွာတွင် သောက်ရေသန့်၊ ဆေးဝါးနှင့် အခြေခံစားနပ်ရိက္ခာများ ခက်ခဲနေကြောင်း သိရသည်။