Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“𝗠𝗮𝗻𝗶𝗽𝘂𝗿 𝗩𝗶𝗼𝗹𝗲𝗻𝗰𝗲 (သို့) ကသည်း-ကူကီး လူမျိုးရေး အဓိကရုဏ်း”

“𝗠𝗮𝗻𝗶𝗽𝘂𝗿 𝗩𝗶𝗼𝗹𝗲𝗻𝗰𝗲 (သို့) ကသည်း-ကူကီး လူမျိုးရေး အဓိကရုဏ်း”

0
By Editor on October 31, 2024 Featured

ရေး – Exodus

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်ပိုင်း မဏိပူရ်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်မေလအတွင်း၌ ကသည်းလူမျိုးများနှင့် ကူကီး-ဇို လူမျိုးများအကြား လူမျိုးရေးအဓိကရုဏ်း စတင်ဖြစ်ပွားခဲ့သည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့တွင် ထုတ်ပြန်သည့် စာရင်းအရ အထက်ပါပဋိပက္ခအတွင်း သေဆုံးသူ (၁၄၂) ဦးရှိပြီး (၃၀၀) ဦး ဒဏ်ရာရရှိကာ လူဦးရေ ၅၄,၄၈၈ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်ဟု ထုတ်ပြန်ထားသည်။

(၁) “𝗦𝗖, 𝗦𝗧, 𝗢𝗕𝗖, 𝗚𝗲𝗻 သတ်မှတ်ချက်နှင့် မဏိပူရပြည်နယ်အတွင်းရှိ လူမျိုးစုများ”

မဏိပူရပြည်နယ်အတွင်းရှိ လူမျိုးစုများအား သတ်မှတ်ရာတွင် 1950 အိန္ဒိယ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ SC (Scheduled Caste), ST (Scheduled Tribe), OBC (Other Backward Class) နှင့် Gen (General Caste) ဟု ခွဲခြားသတ်မှတ်ထားသည်။ ကသည်းလူမျိုးများအား SC (ဇာတ်အနိမ့်အမြင့် ခွဲခြားမှုအရ အနိမ့်ဆုံးလူမျိုးစု (ဝါ) အစိုးရမှအထူးအကူအညီ ပံ့ပိုးပေးရမည့်လူမျိုးစု) အနေဖြင့်၎င်း၊ OBC (ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့်လူမျိုးစု) အဖြစ်နဲ့သာမက Gen (လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးတွင် အခြေခံလူတန်းစားများထက် ပိုမိုမြင့်မားသည့် ကြွယ်ဝမှုရှိသောကြောင့် SC,STနှင့် OBC များ၏ အခွင့်အရေးခံစားမှုများနှင့်အကြုံးမဝင်သည့် လူတန်းစား) အဖြစ်ပါ သတ်မှတ်ထားပြီး၊ ကူကီး-ဇို နှင့် နာဂလူမျိုးများကိုမူ ST (တောင်တန်းဒေသနေ ဌာနေတိုင်းရင်းသားလူမျိုးစု) အဖြစ် သတ်မှတ်ထားသည်။

၂၀၁၁ ခုနှစ်တွင် ကောက်ခံခဲ့သည့် အိန္ဒိယနိုင်ငံသန်းခေါင်စာရင်းအရ မဏိပူရပြည်နယ်၏ လူဦးရေ ၅၃% ခန့်မှာ ကသည်းလူမျိုးများဖြစ်ပြီး ကူကီး-ဇို ၁၅% ခန့်နှင့် နာဂ ၂၀% ခန့်ရှိသည်။ မဏိပူရပြည်နယ်၏ တည်ဆဲဥပဒေအရ ကူကီး-ဇို နှင့်နာဂလူမျိုး (ST) များသည် မဏိပူရချို့ဝှမ်း အင်ဖာမြို့တော်ဒေသတွင် အခြေချနေထိုင်ခွင့်ရှိသော်လည်း SC, OBC & Gen ဖြစ်သည့် ကသည်းလူမျိုးများမှာမူ Hill Tribal Council (HTC)၏ ခွင့်ပြုချက်ရမှသာ ပြည်နယ် ဧရိယာ၏ ၉၀%ခန့်ရှိသော တောင်တန်းဒေသများတွင် အခြေချနေထိုင်ခွင့်ရနိုင်သည်။

မဏိပူရပြည်နယ် မြို့တော် အင်ဖာချိုင့်ဝှမ်းဒေသမှနေ၍ ST (Tribal) များ၏ နယ်မြေအား နယ်မြေချဲ့လိုသည့် ကသည်းလူမျိုး များသည် ST အဖြစ်သတ်မှတ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသည်။ သို့ရာတွင် 1982 ခုနှစ်တွင်တစ်ကြိမ်၊ 2001 ခုနှစ် တွင်တစ်ကြိမ် ဗဟိုအစိုးရမှ ငြင်းဆိုပယ်ချခဲ့သည်။

၂၀၂၃ ခုနှစ် ဧပြီလ (၂၀) ရက်နေ့တွင်မူ မဏိပူရပြည်နယ် တရားရုံးချုပ်မှနေ၍ ကသည်းလူမျိုးများအား Scheduled Tribes အဖြစ်သတ်မှတ်ရေးနှင့်ပက်သက်ပြီး မဏိပူရပြည်နယ်လွှတ်တော်ကို သီတင်း (၄) ပတ်အတွင်း ဆုံးဖြတ်ချက်ချမှတ်ပေးရန် ညွှန်ကြားခဲ့သည်။ တောင်တန်းဒေသနေ ST လူမျိုးစုများဖက်မှ Manipur တရားရုံးချုပ်နှင့် ပြည်နယ်လွှတ်တော်၏ လုပ်ပိုင်ခွင့်အား ကျော်လွန်အသုံးချမှု၊ အာဏာအလွဲသုံးစားမှုတို့ကို လက်မခံနိုင်ခဲ့ကြပဲ၊ ၎င်းတို့ဒေသအတွင်း လူမျိုးကြီး ကသည်းလူမျိုးများမှ နယ်မြေချဲ့ထွင်လာမည့်အရေးနှင့် လူမျိုးရေးဝါးမြိုမှုများ ပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် All Tribal Student Union of Manipur (ATSUM) ခေါ် ကျောင်းသားအဖွဲ့မှ ဦးဆောင်ပြီး ကသည်းလူမျိုးများကို STအဖြစ် သတ်မှတ်ရေးနှင့်ပက်သက်ပြီး ဆန့်ကျင်သည့် အထွေထွေသပိတ်ဆင်နွှဲခဲ့ကြသည်။

တစ်ဖက်တွင်လည်း ကူကီး-ဇိုလူမျိုးများ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့်အချိန်တွင် ကသည်းလူမျိုးများမှ Anglo – Kuki War (အင်္ဂလိပ်-ကူကီး စစ်ပွဲ (ဝါ) ကူကီးတော်လှန်ရေး) အထိမ်းအမှတ်ဂိတ်အား မီးရှို့ဖျက်စီးခဲ့ကြသည်။ ထို့အပြင် ကူကီး-ဇိုရပ်ကွက် အတွင်းရှိ လူနေအိမ်များကို မီးရှို့ခြင်းနှင့် ကူကီး-ဇို လူမျိုးများအား ကိုယ်ထိလက်ရောက် ရိုက်နှက်သတ်ဖြတ်ခဲ့ရာမှစတင်ပြီး ကသည်း-ကူကီး လူမျိုးရေးအဓိကရုဏ်း စတင်ဖြစ်ပေါ်လာခံ့ရသည်။

(၂) “အခြားနောက်ခံ အကြောင်းအရင်းများ”

မဏိပူရပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၉ နေရာအား Scheduled Tribes များအတွက် သီးသန့် နေရာဖယ်ပေးထားရသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်မူ ကသည်းလူမျိုးများဖက်မှ လွှတ်တော်ကိုယ်စားလှယ် ၃၉ နေရာအထိရရှိခဲ့သည်။ ကသည်းလူမျိုးအများစု လွှမ်းမိုးထားသည့် ပြည်နယ်လွှတ်တော်မှနေ၍ အစိုးရအသုံးစရိတ်နှင့် ဒေသအသုံးစရိတ်များအတွက် ရန်ပုံငွေခွဲဝေရာတွင် ကသည်းလူမျိုးအများစုနေထိုင်ရာ အင်ဖာချိုင့်ဝှမ်းလွင်ပြင်ဒေသကို ပို၍ဦးစားပေးခဲ့ပြီး တောင်ပေါ်ဒေသ တိုင်းရင်းသားများအတွက်မူ မစို့မပို့သာ ရန်ပုံငွေခွဲတမ်းပေးခဲ့ရာ တောင်တန်းဒေသ ဌာနေတိုင်းရင်းသား (ST) များအတွက် အဆိုပါခွဲခြားခံရမှုမှာ မကျေနပ်စရာဖြစ်ခဲ့သည်။

ထို့အပြင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် ကသည်းလူမျိုးဝန်ကြီးချုပ် N. Biren Singh ၏ မဏိပူရ ပြည်နယ်အစိုးရမှနေ၍ မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော ကျူးကျော်နေထိုင်ကြသူများအား နှင်ထုတ်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် Churachandpur၊ Kangpokpi နှင့် Tengnoupal ခရိုင်အစရှိသည့် Tribal လူမျိုးစုနယ်မြေအတွင်းရှိ ဒေသများကို ဘေးမဲ့ သစ်တောများအဖြစ် သတ်မှတ်ခဲ့ပြီး ဒေသခံ ဌာနေတိုင်းရင်းသားများကို နှင်ထုတ်ခဲ့သည်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်း မဏိပူရပြည်နယ် မိုးရေးမြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော စစ်ကိုင်းတိုင်း တမူးခရိုင်မှ စစ်ဘေးရှောင်ပြည်သူ ထောင်နှင့်ချီမှာ အိန္ဒိယနိုင်ငံ မိုးရေးမြို့ထဲသို့ ဝင်ရောက်ခိုလှုံခဲ့ကြရသည်။ မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ဒုက္ခသည်များဝင်ရောက်လာမှုကို မဏိပူရပြည်နယ်အစိုးရနှင့် ကသည်းအဖွဲ့အစည်းများဖက်မှ အကြိမ်ကြိမ်ကန့်ကွက်ခဲ့ကြသော်လည်း ကူကီး-ဇို အရပ်ဖက်အဖွဲ့အစည်းများနှင့် Hill Tribal Council ခေါ် တောင်တန်းဒေသ ဌာနေတိုင်းရင်းသားလူမျိုးစုကောင်စီမှ လက်ခံစောင့်ရှောက်ထားပေးခြင်းကိုလည်း ကသည်းလူမျိုးများနှင့် ပြည်နယ်ဝန်ကြီးချုပ်မှ မကျေမနပ်ဖြစ်ပြီး မီဒီယာအင်တာဗျူးများတွင်ရော၊ ဆိုရှယ်မီဒီယာတွင်ပါ အကြိမ်ကြိမ်ဝေဖန်တိုက်ခိုက်ခဲ့သည်။

၂၀၀၅ ခုနှစ် ဩဂတ်လ (၁) ရက်နေ့မှစတင်၍ အိန္ဒိယဗဟိုအစိုးရနှင့် ငြိမ်းချမ်ရေးယူထားသည့် ကူကီးလူမျိုးရေးလက်နက်ကိုင် အဖွဲ့ပစည်းများဖြစ်သော Kuki National Organization (KNO)၊ The United People’s Front (UPF) များနှင့် သဘောတူ ထားသည့် အပစ်အခတ်ရပ်စဲရေး၊ ဒေသတွင်းသွားလာလှုပ်ရှားခွင့် သဘောတူညီချက်များအား ၂၀၂၃ ခုနှစ် မတ်လတွင် မဏိပူရပြည်နယ်အစိုးရမှ နှုတ်ထွက်ကြောင်း ကြေငြာခဲ့သည်။ ထို့နောက် ဧပြီလ (၁၁) ရက်နေ့တွင်လည်း အင်ဖာချိုင့်ဝှမ်းဒေသရှိ Tribal လူမျိုးစုများနေထိုင်ရာ ရပ်ကွက်အတွင်းမှ ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၃) ကျောင်းအားလည်း အစိုးရပိုင်မြေပေါ်တွင် တရားမဝင်တည်ဆောက်ထားသည်ဟု အကြောင်းပြကာ ဖြိုချဖျက်ဆီးခဲ့ကြသည်။

(၃) “𝗞𝘂𝗸𝗶-𝗭𝗼 𝗩𝗶𝗹𝗹𝗮𝗴𝗲 𝗩𝗼𝗹𝘂𝗻𝘁𝗲𝗲𝗿𝘀 (သို့) ကူကီး-ဇို ဒေသကာကွယ်ရေးတပ်ဖွဲ့ပေါ်ပေါက်လာခြင်း”

ကသည်း – ကူကီး လူမျိုးရေးပဋိပက္ခအတွင်းတွင် ကသည်းလူမျိုးအများစုပါဝင်သည့် ပြည်နယ်ရဲတပ်ဖွဲ့၊ အထူးကွန်မန်ဒိုအဖွဲ့နှင့် မဏိပူရဝန်ကြီးချုပ် N Biren Singh ၏ ပံ့ပိုးကူညီပေးမှုကို ရရှိထားသော Arambai Tenggol နှင့် Meitei Leepun ခေါ် ကသည်း လူမျိုးရေးအဖွဲ့ စသည့် လက်နက်ကိုင်တပ်များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် Kuki-Zo လူမျိုးစုဝင်များဖက်မှ လူနေအိမ်ခြေနှင့် Church ဘုရားကျောင်း ရာနှင့်ချီအပါအဝင် အပြစ်မဲ့သတ်ဖြတ်ခံရသူ ၇၀ ကျော် ရှိခဲ့သည်။

လူမျိုးရေး အဓိကရုဏ်းအစပိုင်းတွင် ကြိုတင်ပြင်ဆင်ထားမှု မရှိသည့်အပြင် အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများဖက်မှ ကာကွယ်ပေးမှု မရရှိခဲ့ကြသည့် Kuki-Zo လူမျိုးစုဝင်များသည် ကသည်းလူမျိုးများနှင့် ကသည်း လက်နက်ကိုင်တပ်ဖွဲ့များ၏ စိတ်တိုင်းကျ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုကို ခံခဲ့ကြရသည်။ ထိုမျှသာမကပဲ ကျေးရွာ၊ နေအိမ်များကိုပါ မီးရှို့ဖျက်စီးခံခဲ့ကြရသည်။

ကသည်းလူမျိုးများဖက်မှနေ၍ ကူကီး-ဇို လူမျိုးစုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများမှာ လူမျိုးရေးပဋိပက္ခအဆင့်ကို ကျော်လွန်ကာ Ethnic Cleansing (ဝါ) လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုအား ဦးတည်လာချိန်တွင်မူ ကူကီး-ဇိုလူမျိုးများသည် ၎င်းတို့ကျေးရွာနှင့် ပြည်သူများကို ကာကွယ်ရန်အတွက် Kuki-Zo Village Volunteers ခေါ် ကျေးရွာ (ဒေသ) ကာကွယ်ရေးတပ်ဖွဲ့များကို ကိုယ်ထူကိုယ်ထ စတင်ဖွဲ့စည်းခဲ့ကြသည်။

စတင်ဖွဲ့စည်းကာစတွင် ရိုးရာယဉ်ကျေးမှုအရ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းခဲ့ကြသည့် အမဲလိုက်တူမီးသေနတ်များ၊ လက်လုပ်တစ်လုံးထိုးသေနတ်များသာရှိသည့် ကူကီး-ဇို ကျေးရွာကာကွယ်ရေးတပ်များသည် ၎င်းတို့ကျေးရွာအား မီးရှို့ဖျက်ဆီးရန်လာသည့် ကသည်းလူမျိုးများနှင့် ကသည်းလက်နက်ကိုင်တပ်များကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့ကြပြီး ကသည်းလူမျိုးများဖက်မှ အကျအဆုံးများခဲ့ရခြင်းကြောင့် ကူကီး-ဇိုကျေးရွာများကို မီးရှို့ဖျက်ဆီးလိုပြီး ကူကီး-ဇိုလူမျိုးစုအား လူမျိုးတုံးသုတ်သင်လိုသည့် ကသည်းလူမျိုးများ၏ အကြံအစည်မှာ ထင်သလို ဖြစ်မလာနိုင်ခဲ့ချေ။

(၄) “မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် လူအခွင့်အရေးချိုးဖောက်မှုများ”

၂၀၂၃ ခုနှစ် မေလ (၃) ရက်နေ့မှစတင်ပြီး မဏိပူရအစိုးရသည် မဏိပူရပြည်နယ်အတွင်း အင်တာနက်ဝန်ဆောင်မှုကို ဖြတ်တောက်ရန်အမိန့်ပေးခဲ့သည်။ ကသည်းလူမျိုးနှင့် ကူကီး-ဇိုမျိုးနွယ်စုများအကြား လူအခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုနှင့် ပက်သက်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲပြောဆိုနေခဲ့ကြသော်လည်း အင်တာနက် ဖြတ်တောက်ထားမှုကြောင့် မြေပြင်အခြေအနေမှန်ကို သိရှိရန်အတွက် ခက်ခဲခဲ့သည်။

ဇူလိုင်လ (၁၉) ရက်နေ့တွင် ဆိုရှယ်မီဒီယာအပေါ် တက်လာသည့် ဗီဒီယိုတစ်ခုသည် အိန္ဒိယနိုင်ငံသား ဆိုရှယ်မီဒီယာ သုံးစွဲသူများအကြား ပျံ့နှံ့သွားပြီး ကသည်းလူမျိုးများအပေါ် အိန္ဒိယပြည်သူများ၏ အံ့အားသင့်ဒေါသထွက်မှုနှင့်အတူ ကူကီး-ဇိုလူမျိုး စုဖက်မှနေ၍ အတူရပ်တည်ပေးကြောင်း အိန္ဒိယနာမည်ကြီးအနုပညာရှင်များ၊ Social Influencer များနှင့် ပြည်သူများမှ ထုတ်ဖော်ပြသခဲ့သည်။ ထိုအချိန်မတိုင်ခင်အထိ အိန္ဒိယပြည်သူများအကြား မဏိပူရအရေးအခင်းသည် လူစိတ်ဝင်စားမှု နည်းပါးခဲ့သည်။

ဇူလိုင်လ (၁၉) ရက်နေ့ ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်အရ အင်အား ၈၀၀-၁၀၀၀ ခန့်ရှိသော ကသည်းလူမျိုး လူအုပ်ကြီးမှ Phainom ရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံရသောကြောင့် ထွက်ပြေးလာသည့် ကူကီး-ဇို အမျိုးသမီး (၂) ဦးအား ဖမ်းဆီး၍ မုဒိန်းကျင့်ကာ အဝတ်ဗလာဖြင့် အတင်းအဓမ္မဆွဲခေါ်လာသည်ကို တွေ့မြင်ရသည်။ အဆိုပါ ကသည်းလူမျိုး လူအုပ်ကြီးသည် Meitei Youth Organizations, Meetei Leepun, Kangleipak Kanba Lup, Arambai Tenggol နှင့် World Meitei Council, Schedule Tribe Demand Committee အစရှိသည့် ကသည်းလူမျိုးအဖွဲ့အစည်းဝင်များဖြစ်ကြသည်ဟု Zero FIR (ကနဦးတိုင်ကြားချက် အမှတ်သုည) အရသိရပြီး မေလ (၄) ရက်နေ့တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

(၅) “မဏိပူရ အရေးအခင်းနှင့် အိန္ဒိယနိုင်ငံရေး”

ကသည်းလူမျိုးများ၏ ကူကီး-ဇို အမျိုးသမီး (၂) ဦးအပေါ် ကျူးလွန်ခဲ့သည့် အုပ်စုဖွဲ့မုဒိန်းကျင့်သည့် အကြမ်းဖက်လုပ်ရပ်အပြီးတွင် ကူကီး-ဇို လွှတ်တော်ကိုယ်စားလှယ် (၁၀) ဦးမှ အတူတကွ စုပေါင်းပြီး “လက်ရှိမဏိပူရအရေးအခင်းကို ကြည့်ခြင်းအားဖြင့် မိမိတို့တောင်တန်းဒေသနေ Tribal လူမျိုးစုများအနေဖြင့် ကသည်းလူမျိုးများနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမှာ မဖြစ်နိုင်တော့ကြောင်း ပေါ်လွင်ထင်ရှားနေပြီဖြစ်သောကြောင့်၊ မိမိတို့ Tribal မျိုးနွယ်စုများ၏ အသက်အိုးအိမ်နှင့် နိုင်ငံသားအခွင့်အရေး၊ လူသားအခွင့်အရေးအား ကာကွယ်ရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ကူကီးပြည်နယ်” အား တောင်းဆိုပါကြောင်း” နှင့် ကသည်းလူမျိုးဖြစ်သည့် မဏိပူရပြည်နယ်ဝန်ကြီးချုပ် N. Biren Singh ဦးဆောင်သော မဏိပူရပြည်နယ်အစိုးရအား အယုံအကြည်မရှိကြောင်း သဘောထားထုတ်ပြန်ခဲ့ကြသည်။

အိန္ဒိယပါလီမန်အတွင်းတွင်လည်း အာဏာရ BJP (အမျိုးသားရေး) ပါတီနှင့် အိန္ဒိယဝန်ကြီးချုပ် Modi ကို မဏိပူရအရေးအခင်းနှင့် ပက်သက်ပြီး နှုတ်ဆိတ်နေမှု၊ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းမှုမရှိခြင်းတို့ကြောင့် အတိုက်အခံနိုင်ငံရေးအင်အားစုများဖက်မှ အပြင်းအထန်ဝေဖန်ခဲ့ကြပြီး မိုဒီအစိုးရအပေါ် အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းခဲ့ကြသည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah မှနေ၍ ၂၀၂၃ ခုနှစ် ဩဂတ်လ (၉) ရက်နေ့ အိန္ဒိယပါလီမန်တွင် မဏိပူရလူမျိုးရေး ပဋိပက္ခနှင့် ပက်သက်ပြီးရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံမှ တရားမဝင်ဝင်ရောက်ကြသူများ၊ မြန်မာပြည်လက်နက်ကိုင်အဖွံ့များနှင့် Kuki Democratic Front (KDF) များကြောင့် မဏိပူရအရေးအခင်းဖြစ်ပွားရခြင်းဖြစ်သည်ဟု ပြေပြင်အချက် အလက်များအား မျက်ကွယ်ပြုကာ မြန်မာနိုင်ငံမှစစ်ဘေးရှောင်များနှင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များကို အပြစ်ဖို့ခဲ့သည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah ၏ ပြောကြားမှုနှင့်ပက်သက်ပြီး မြန်မာနိုင်ငံဖက်တွင် ကူကီးဒီမိုကရက်တစ်တပ်ဦး (KDF) မရှိကြောင်း အတိုက်အခံများဖက်မှ ထောက်ပြခဲ့ရာ ပြည်သူ့ဒီမိုကရက်တစ်တပ်ဦး People Democratic Front (PDF) များကို ရည်ရွယ်ခြင်းဖြစ်ကြောင်း Amit Shah မှ ပြန်ပြောင်းပြောဆိုခဲ့သည်။ အမှန်စင်စစ် မြန်မာနိုင်ငံအတွင်းတွင် အိန္ဒိယပြည်ထဲရေး ဝန်ကြီး ရည်ညွှန်းပြောဆိုသည့် People Democratic Front (PDF) မှာမရှိချေ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် People Defense Force (PDF) များအား ရည်ရွယ်ပြောလိုခြင်း ဖြစ်တန်ရာသည်။

(၆) “မဏိပူရပြည်နယ်အစိုးရ၏ မြန်မာစစ်ဘေးရှောင်များအပေါ် သဘောထား”

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ အာဏာသိမ်းပြီးသည့်နောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြကြသည့် အပြစ်မဲ့ပြည်သူများအား လက်နက်အားကိုးဖြင့် အင်အားသုံးကာ အကြမ်းဖက်ဖိနှိပ်ဖြိုခွင်းခဲ့သည်။ မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူထောင်နှင့်ချီကာ နယ်နိမိတ်ချင်းထိစပ်နေသည့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်းရှိ မိုးရေးမြို့သို့ ဝင်ရောက်ခိုလှုံခဲ့ကြရသည်။ မဏိပူရပြည်နယ်အစိုးရမှနေ၍ ၂၀၂၃ ခုနှစ် မတ်လ (၂၈) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြေငြာစာအရ မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များကို လက်ခံခြင်း၊ နေစရာပေးခြင်းနှင့် ရိက္ခာထောက်ပံ့ခြင်းများ မပြုလုပ်ရန်ပါရှိသည်။
သို့သော် Moreh (မိုးရေး) မြို့ရှိ ကူကီး-ဇို လူမျိုးစုများ၊ လူမျိုးစုအဖွဲ့အစည်းများနှင့် တောင်တန်းဒေသ ဌာနေတိုင်းရင်းသားများကောင်စီ (HTC) တို့မှာမူ ပြည်နယ်အစိုးရ၏ အမိန့်ထက် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများအပေါ် လူမျိုးဘာသာမခွဲခြားပဲ ကူညီပေးခြင်းဖြင့် လူသားချင်းစာနာမှုကို ပြသခဲ့ကြသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ကသည်းလူမျိုး မဏိပူရပြည်နယ် ဝန်ကြီးချုပ် N. Biren Singh ၏ ညွှန်ကြားမှုဖြင့် မိုးရေးရဲတပ်ဖွဲ့၊ ပြည်နယ်အထူးကွန်မန်ဒိုတပ်ဖွဲ့များမှ မိုးရေးမြို့အနီး ကျေးရွာများရှိ မြန်မာစစ်ဘေးရှောင်ဒုက္ခသည် အမျိုးသား (၈၁) ဦးကိုဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသည့် (၈၁) ဦးအနက် အသက်မပြည့်သေးသည့် ကလေးသူငယ် ၉ ယောက်နှင့် အသက် ၇၀ ကျော် အရွယ် နှစ်ယောက်ပါရှိပြီး ၎င်းတို့ကို မဏိပူရပြည်နယ် အင်ဖာ ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင်လည်း ,Churachandpur ခရိုင် Lamka မြို့တွင် မြန်မာစစ်ဘေးရှောင် (၁၀) ဦးကို တရားမဝင်နေထိုင်သည်ဟုဆိုကာ ဖမ်းဆီးထောင်ချခဲ့ပြန်သည်။

မဏိပူရပြည်နယ် ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာစစ်ဘေးရှောင်များသည် လူ့အခွင့်အရေးဖောက်ဖျက်ခံရမှူနှင့် အာဏာပိုင်များ၏ မတရားအနိုင်ကျင့်မှုကိုလည်း ခံကြရသည်။ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် အင်ဖာအကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရသည့် Mr. Lamkhochon Guite လမ်းခိုကျွန်း အသက် (၃၂) နှစ်မှာ ရုတ်တရက် ထောင်ထဲတွင် ဆုံးသွားခဲ့သည်။

ထို့အပြင် Sajiwa Jail & detention Centre တွင်ထိန်းသိမ်းခံထားရသည့် အသက် ၁၈ နှစ်အောက် (၂၂) ဦးအပါအဝင် အမျိုးသား ၇၅ ဦးနှင့် အမျိုးသမီး ၃၀ ဦး စုစုပေါင်း ၁၀၅ ဦးပါဝင်သည့် မြန်မာစစ်ဘေးရှောင်များကို ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ ၈၆ ဦးမှာ ၎င်းတို့ကျခံသင့်သည့် ထောင်ဒဏ်နှင့် ငွေဒဏ်များကိုကျခံပြီးဖြစ်၍ ၂၀၂၃ ခုနှစ်ဒီဇင်ဘာလ ၁၅ ရက် တွင်ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ထောင်အာဏာပိုင်များမှ ကတိပြုခဲ့သည်ဟု သိရသည်။ သတ်မှတ်ရက်တွင် ပြန်လွတ်ပေးခြင်း မရှိသဖြင့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှစပြီး အစာငတ်ခံဆန္ဒပြခဲ့ကြသည်။ အစာငတ်ခံဆန္ဒပြသူများကို ထောင်အာဏာပိုင်များက ဒီဇင်ဘာလ ၁၈ ရက်နေ့မှစပြီး နှင်းကျသည့်နေရာတွင် အိပ်စေခြင်း၊ အဝတ်အစားများချွတ်ခိုင်းခြင်း၊ ရိုက်နှက်ခြင်းတို့ကြောင့် တစ်ချို့လူများတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြသည်။

(၇) “မြန်မာ့နိုငံရေးနှင့် မဏိပူရ် ကသည်းလူမျိုးများ”

မြန်မာနိုင်ငံတွင် နဝတ နအဖ အစရှိသည့် စစ်အစိုးရလက်ထက်ကတည်းမှ အိန္ဒိယနိုင်ငံနှင့် ၇၈ မိုင်ခန့် ထိစပ်နေသော အိန္ဒိယ-မြန်မာနယ်စပ်တစ်လျောက် တမူးခရိုင် နယ်နိမိတ်အတွင်း အိန္ဒိယခွဲထွက်ရေး ကသည်းလက်နက်ကိုင်တပ်များကို အခြေစိုက်နေထိုင်ခွင့်ပေးခဲ့သည်။ ကသည်းလက်နက်ကိုင်အဖွဲ့အစည်းများထဲရှိ အဖွဲ့ဝင်များကိုလည်း တမူးမြို့ပေါ်တွင် နေထိုင်ခွင့်ပြုခဲ့ရုံတင်မကပဲ နိုင်ငံသား စိစစ်ရေးကဒ် (ပန်းရောင်ကဒ်) များပါ ထုတ်ပေးခဲ့သည်။

တမူးမြို့ပေါ်တွင်နေထိုင်သည့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များအချင်းချင်း လုပ်ကြံသတ်ဖြတ်ခြင်း၊ သေနတ်ဖြင့်ပစ်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ တမူးမြို့ နန့်ဖာလုံဈေးသို့ မဏိပူရပြည်နယ်မှ ဈေးဝယ်လာသော ကသည်းလူမျိုးများကို ဆက်ကြေးကောက်ခြင်း၊ မြို့ထဲရှိ နေအိမ်များတွင် လက်နက်ခဲယမ်းများ သိုလှောင်ခြင်း၊ လူနေရပ်ကွက်ထဲရှိ နေအိမ်များတွင် သိုလှောင်ထားသည့် လက်နက်ခဲယမ်းများ မီးလောင်ပေါက်ကွဲခြင်း စသည်အဖြစ်အပျက်များသည် တမူးမြို့ပေါ်တွင် ၂၀၀၀ ခုနှစ်နောက်ပိုင်း နှစ်စဉ်နီးပါး ဖြစ်ပွားလာခဲ့သည်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင်လည်း တမူးခရိုင်၊ မြို့သစ်မြို့နယ်ရှိ နန်းသလက် ချောင်းကူးတံတားကို UNLF အဖွဲ့က မိုင်းခွဲတိုက်ခိုက်သည်အထိ ကသည်းသူပုန်တို့ မြန်မာဘက်ခြမ်းတွင် အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ခဲ့ကြသည်။

အရပ်သားအစိုးရလက်ထက် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်အမှတ် ၉ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်း ခိုအောင်း လှုပ်ရှားနေသော ကသည်းသူပုန်များအား ရှင်းလင်းဖယ်ရှားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းကို မေးမြန်းခဲ့ရာ “တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး နယ်စပ်မြို့တွေ လုံခြုံရေးအတွက် လုပ်ဆောင်ပေးနေပါတယ်၊ ဒေသခံတွေအနေဖြင့်လည်း အချိန်မှီ သတင်းပေးခြင်းဖြင့် ပူးပေါင်းပါဝင်ဖို့ လိုပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်မှ ပြန်လည်ဖြေကြားခဲ့သည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်၏ နေအိမ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့ ည (၇) နာရီအချိန်ခန့်တွင် 91 အမျိုးအစား လက်ပစ်ဗုံးပစ်ခံခဲ့ရပြီး ဗုံးမကွဲသောကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ပေ။

၂၀၂၁ ခုနှစ် စစ်တပ်၏ အာဏာသိမ်းမှုမတိုင်ခင် မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်မှ ကသည်းလက်နက်ကိုင်တပ်များဖြစ်သည့် United National Liberation Front (UNLF) နှင့် People’s Liberation Army (PLA) တို့ကို တမူးမြို့နယ်အတွင်း အခြေစိုက်နေထိုင်ခွင့်ပြုခဲ့ပြီး အပြန်အလှန်အနေနဲ့ ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းချိန်မှစပြီး စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ဒီမိုကရေစီလိုလားသူများနှင့်၊ တော်လှန်ရေးအင်အားစုများကို ဖိနှိပ်ရာတွင်၎င်း၊ မြန်မာတစ်နိုင်ငံလုံးအနှံ့ လက်နက်ကိုင်တော်လှန်ရေး စတင်ချိန်မှစပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် လူမျိုးစုတော်လှန်ရေး လက်နက်ကိုင်တပ် (ERO) များအပေါ် စစ်ဆင်ရေးများလုပ်ရာတွင် ကသည်းလက်နက်ကိုင်တပ်များသည် အကြမ်းဖက် စစ်ကောင်စီဖက်မှနေ၍ ပါဝင်ကူညီ တိုက်ခိုက်ပေးခဲ့သည်။ ထိုမျှသာမကပဲ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဒေသခံပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်စီးခြင်းအစရှိသည့် စစ်ရာဇဝတ်မှုများကိုလည်း နွေဦးတော်လှန်ရေး (၃) နှစ်တာကာလအတွင်း ကသည်းလူမျိုးလက်နက်ကိုင်တပ်များမှ အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် တမူးမြို့အထက်ပိုင်း သနန်ကျေးရွာရှိ အကျဉ်းဦးစီးဌာနနှင့် သနန်-တုံဟဲ ကျေးရွာနှစ်ခု အကြားတွင် အခြေစိုက်စခန်းချထားသည့် UNLF/PLA ကသည်းစခန်းအား ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma နှင့် တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ် (PDF) များမှ စီးနင်းတိုက်ခိုက်ခဲ့ရာ လက်နက်အမြောက်အမြားသိမ်းဆည်းရမိခဲ့သည်။ အထက်ပါတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသည့် သနန်ကျေးရွာဒေသခံ ကိုဟန်ထွန်းအား လူသားချင်းစာနာထောက်ထားသောအားဖြင့် အမှတ် (၈) အာသံရိုင်ဖယ်မှ တာဝန်ခံပြီး အင်ဖာ (JNIMS) ဆေးရုံတွင် ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူစေခဲ့သည်။ သို့ရာတွင် နောက်တစ်နေ့ နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ဆေးရုံရှေ့၌ ကသည်းလူထုများစုရုံးကာ ၎င်းလူနာသည် ကူကီးလူမျိုးဖြစ်သည်ဟု စွပ်စွဲကြရာ ဆေးရုံတာဝန်ရှိသူများနှင့် ပို့ဆောင်ပေးသည့် အာသံရိုင်ဖယ်တာဝန်ရှိသူများမှလည်း မြန်မာလူမျိုးဖြစ်ကြောင်း ရှင်းပြသော်လည်း ကသည်းလူမျိုးများမှ မြန်မာနိုင်ငံသားလည်း ဆေးကုခွင့်မရှိ၊ သတ်ပစ်ကြဟုကြွေးကြော်ကာ ဆေးရုံရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်း သတ်ဖြတ်လိုက်ကြပါသည်။

အထက်ပါဖြစ်စဉ်နှင့် အကြောင်းအရာများကို ကြည့်ခြင်းအားဖြင့် ကသည်းလူမျိုးများသည် နိုင်ငံရေးအခြေအနေကြောင့် အတိဒုက္ခရောက်နေကြသည့် စစ်ဘေးရှောင် မြန်မာလူမျိုးများနှင့် မြန်မာနိုင်ငံသားများအပေါ်တွင် လူသားချင်းစာနာထောက်ထားမှု မရှိရုံမျှမကပဲ အထင်အမြင်သေးကာ ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိကြောင်း သိမြင်နိုင်ပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright Š 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.