(006SV)
အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်သည့် ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးကာကွယ်သူဆုကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ စီမံကိန်းမန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က ရရှိခဲ့သည်ဟု သိရသည်။
လူ့အခွင့်အရေးကာကွယ်သူဆုကို မြန်မာလူထုအတွက် လူ့အခွင့်အရေး၊ ဘာသာရေး လွတ်လပ်ခွင့်နှင့် တရားမျှတမှုတို့ကို မဆုတ်မနစ် ဆောင်ရွက်နေသောကြောင့် အသိအမှတ်ပြုမှုအဖြစ် ချီးမြှင့်ခံရခြင်းဖြစ်သည်ဟု CHRO အဖွဲ့က ဒီဇင်ဘာလ ၁၀ ရက်မှာ သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ မတရားကျူးလွန်မှုတွေကို ခံစားရသည့် ချင်းတိုင်းရင်းသားနှင့် တခြားလူနည်းစုတိုင်းရင်းသားများ ကိုယ်စား ဆလိုင်းမာန်ဟရဲလျန်က အစဉ်တစိုက်ရပ်တည်လုပ်ဆောင်မှုအပေါ် ထောက်ခံအားပေးပြီး အသိအမှတ်ပြုခြင်းဖြစ်သည်ဟု သိရသည်။
“ဒီဆုကို ချီးမြှင့်တဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနကို ကျေးဇူးတင်ပါတယ်။ ဒါက ကျနော်တို့အလုပ်ကို အသိအမှတ်ပြု တာထက် ကျော်လွန်ပြီးတော့ ချင်းလူမျိုးအပါအဝင် တခြားတိုင်းရင်းသာားတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားခြင်းခံရတဲ့ ဒုက္ခအခက်အခဲတွေကို အသိအမှတ်ပြုမှုဖြစ်ပါတယ်” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။
ယင်းဆုပေးအပ်ပွဲအခမ်းအနားကို “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့” ဖြစ်သည့် ဒီဇင်ဘာလ ၁၀ ရက်က အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ပြီး မြန်မာ၊ အဇာဘိုင်ဂျန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ ဂါနာ၊ ကူဝိတ်၊ အက်စဝါတီနီ နှင့် ကာဂျစ် စသည့် စုစုပေါင်း ၈ နိုင်ငံက လူ့အခွင့်အရေးဆောင်ရွက်သူများကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။
ဆလိုင်းမာန်ဟရဲလျန်သည် ဆယ်စုနှစ်များစွာအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်မှု၊ ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုနှင့် မြန်မာ့နိုင်ငံရေးမှာ လူငယ်များပါဝင်နိုင်ရေး ဆောင်ရွက်နေသူဖြစ်သည်ဟု CHRO က ထုတ်ပြန်သည်။
ချင်းလူ့အခွင့်အရေးအဖွဲ့၏ ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဆလိုင်းမာန်ဟရဲလျန်သည် ကုလသမဂ္ဂ ECOSOC အထူးအတိုင်ပင်ခံ အဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ အသိပညာပေးခြင်း၊ ပြည်တွင်းအခြေအနေကို နိုင်ငံတကာ အာရုံစိုက်လာစေခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ကျူးလွန်မှုများကို ဖော်ထုတ်မှတ်တမ်းတင်နိုင်ရေးအတွက် CHRO ၏ လူ့အခွင့်အရေး မှတ်တမ်းပြုစုရေးအဖွဲ့ကို ဆလိုင်းမာန်ဟရဲလျန်က ဦးဆောင်ခဲ့ကြောင်း၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် တခြား လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျ ပြုစုနိုင်ခဲ့ကြောင်း သိရသည်။
ယင်းအထောက်အထားများဖြင့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတွင် စစ်ကောင်စီ ခေါင်းဆောင်များကို Universal Jurisdiction (UJ) အရ အရေးယူနိုင်ရေးအပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆွေးနွေးမှုများနှင့် နိုင်ငံတကာက အရေးယူနိုင်ရေး ဖိအားပေးဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။