Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ နစ်နာသူတွေအတွက် တရားမျှတမှု ရရှိအောင် နည်းလမ်းမျိုးစုံနဲ့ ဆက်လုပ်ဖို့ ရည်ရွယ်ထားတယ်”
Salai Mang Hre Lian - ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO

“လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ နစ်နာသူတွေအတွက် တရားမျှတမှု ရရှိအောင် နည်းလမ်းမျိုးစုံနဲ့ ဆက်လုပ်ဖို့ ရည်ရွယ်ထားတယ်”

0
By Editor on December 30, 2024 Featured

(006SV)

မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ၂၀၂၄ ခုနှစ်လည်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ပေါ် ပေါက်လာတဲ့ မြန်မာ့နွေဦးတော်လှန်ရေးကလည်း ၄ နှစ် ပြည့်လာတော့မှာဖြစ်ပါတယ်။

လက်ရှိ စစ်ရေးအနေအထားမှာတော့ စစ်ကောင်စီဘက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့အပြင် နယ်မြေအမြောက်အများကို ဆုံးရှုံးထားရသလို လေကြောင်းတိုက်ခိုက်မှုကိုသာ အဓိက အားထားနေရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုရမှာပါ။

ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်မသွားဘဲ အရပ်သားသတ်ဖြတ်မှုတွေ၊ လူနေအိမ်၊ ဘာသာရေးအဆောက်အအုံ မီးရှို့ဖျက်ဆီးမှုတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က Salai Mang Hre Lian ပြောပါ တယ်။

Salai Mang Hre Lian ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ချီးမြှင့်တဲ့ ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆု ရရှိထားသူဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – စစ်အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဘယ်လိုရှိနေပါသလဲ။

ဖြေ – စစ်အာဏာသိမ်းပြီးနောက် အခုဆိုရင် ၄ နှစ်ထဲ ဝင်လာပြီပေါ့နော်။ အာဏာစသိမ်းကတည်းကနေ စစ်ကောင်စီက လူ့အခွင့်အရေးအချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်းလုပ်ဆောင်တယ်။ လုပ်ဆောင်တဲ့ နေရာမှာ တနှစ်ထက် တနှစ် ပိုပြီးတော့ ရက်စက်လာတာကို တွေ့ရတယ်။ တတိယနှစ်ပိုင်းမှာဆိုရင် စစ်ကောင်စီအနေနဲ့ မြေပြင် စစ်ဆင်ရေးတွေ မလုပ်နိုင်တော့ဘူး။ သူတို့ စစ်တွေရှုံးနိမ့်လာတယ်ပေါ့နော်။ စစ်ရှုံးလာပေမယ့်လည်း သူတို့ လူ့အခွင့်အရေး ချိုးဖောက်မှုက ရပ်တန့်သွားတာ မဟုတ်ဘူး။ သူတို့ ရှိသမျှ အင်အားနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတာ တွေ့ရတယ်။ အဓိက အားဖြင့် လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုပြီးတော့ အရပ်သားပြည်သူတွေရဲ့ ဆေးရုံး၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေကို တိုက်ခိုက်ပြီးတော့ အရပ်သားသေဆုံးမှုက တနှစ်ထက် တနှစ် ဆိုးဝါးလာတယ်။ ကြီးမားလာတာကို တွေ့ရတယ်။ ဒီလို တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ ဥပဒေအရ စစ်ပွဲအတွင်းမှာ ဘယ်သူမှ မတိုက်ခိုက်ရဘူးလို့ တားမြစ်ထားတဲ့ အရာတွေပေါ့နော်။ ဒီလိုတားမြစ်ထားတဲ့အရာတွေကို စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်လာတာကို တွေ့ရတယ်။ စစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကြည့်တဲ့အခါမှာ စစ်ရာဇဝတ်မှု ကျူးလွန်မှုက ပိုများလာတယ်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပိုများလာတယ်လို့ ပြောလို့ ရပါတယ်။

မေး – ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေက အာဏာသိမ်းပြီးကတည်းကနေ ယနေ့အထိ ဘယ်လိုအခြေအနေ တွေ့ရှိရပါသလဲ။

ဖြေ – နွေဦးတော်လှန်ရေးမှာ ချင်းပြည်နယ်က မြန်မာမှာ ပထမ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး စစ်ကောင်စီကို တိုက်တဲ့ ပြည်နယ်လို့ ပြောလို့ရတယ်။ အဲလိုအခြေအနေမှာ ချင်းပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှု အပိုင်းမှာ စစ်ကောင်စီရဲ့ ရက်ရက်စက်စက်နဲ့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ပထမဆုံး တိုက်ခိုက်ခံရတဲ့ ပြည်နယ်လို့လည်း ပြောလို့ရတယ်။ ကျနော်တို့ကို နည်းမျိုးစုံနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို တွေ့ရတယ်။ ဖမ်းဆီး စစ်ဆေးတာတင် မဟုတ်ဘူး။ အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ ဖမ်းဆီး နှိပ်စက် ညှင်းပန်းမှုတွေ တင်လည်း မဟုတ်ဘူး။ ဘာသာရေး သင်အုပ်ဆရာတွေ အပါအဝင် ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်လာတာ‌ အများကြီး တွေ့ရတယ်။ ကျနော်တို့ အထွဋ်အမြတ်ထားတဲ့ ဘုရားကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို အများကြီးကို ချင်းပြည်နယ်မှာ ဖျက်စီးခံရတာ ရှိတယ်။ အခုဆိုရင် ချင်းပြည်နယ်ထဲက ဘာသာရေးအဆောက်အအုံကို ဖျက်စီးတာ ၁၃၀ ကျော် ရှိနေပြီ။ ဒါက သမိုင်းမှာ မကြုံဖူးတဲ့ ရာခိုင်နှုန်းနဲ့ ချိုးဖောက်ခံရမှုလည်း ဖြစ်ပါတယ်။ ချင်းမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကြည့်မယ်ဆိုရင် နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်ခံရတယ်။ ချိုးဖောက်ခံရတယ်။ တခြားဒေသထက်တောင် ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ခံရတယ်လို့ ပြောလို့ရတာပေါ့နော်။

မေး – ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူ ဆုကို ချီးမြှင့်ခံရတယ်လို့ သိရပါတယ်။ တခြားနိုင်ငံ ၈ နိုင်ငံနဲ့အတူ CHRO က ဆရာအနေနဲ့ ဘယ်လို ချီးမြှင့်ခံရတယ်ဆိုတာ ပြောပြပေးပါဦးခင်ဗျာ။

ဖြေ – လူ့အခွင့်အရေး ကာကွယ်သူဆုကို ဘယ်လို ချီးမြှင့်ခံရသလဲဆိုရင် အမေရိကန်အစိုးရအနေနဲ့ ကမ္ဘာမှာ နိုင်ငံပေါင်း ၂၀၀ နီးပါးမှာ သူတို့ သံရုံးတွေ ရှိတယ်။ အဲဒီက သံရုံးတွေ တိုင်းကနေ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို စာရင်းတင်သွင်းပြီး တော့ အဲဒီကနေ လူ ၂၀၀ နီးပါးကို ရွေးချယ်တယ်။ အဲဒီထဲကနေ ၈ ယောက်ကို ရွေးချယ်တယ်။ ကျနော်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ရှိတဲ့ အမေရိကန်သံရုံးကနေ တင်သွင်းတဲ့ဟာကို ဒေသတွင်းအဆင့်ကိုတင်တယ်။ အဲဒီကနေ အာရှင်အဆင့်ကို တင်တယ်။ အဲဒီ ကနေမှ နိုင်ငံခြားရေးဌာနကို ရောက်သွားတယ်။ အဲဒီလို အဆင့်ဆင့် ကျော်ဖြတ်ပြီးတော့ CHRO ရယ်၊ ကျနော်ရယ် ဆောင်ရွက်မှုကို ထိုက်တန်တယ်လို့ နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေက ယူဆတဲ့အတွက် တခြားနိုင်ငံက လူ ၇ ယောက်နဲ့အတူ ချီးမြှင့်ခြင်းခံ ရတာဖြစ်ပါတယ်။

မေး – ဒီဆုက ချင်းလူအခွင့်အရေးလှုပ်ရှားသူတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေ အပါအဝင် မြန်မာလူထုအတွက် ဘယ်လို သဘောဆောင်ပါသလဲ။

ဖြေ – ဒီဟာက စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ CHRO ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်ကို အသိအမှတ်ပြုတယ်လို့ မြင်တယ်။ ဥပမာ – CHRO ရဲ့ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက ထန်တလန်မှာ ဖြစ်ပျက်တဲ့ အကြောင်းအရာကို ဗြိတိန်အစိုးရကို CHRO အနေနဲ့ တိုက်တွန်းနိုင်ပြီးတော့ ၂၀၂၁ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို တံခါးပိတ်ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း ချင်းပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိသူတွေ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင်ပေါ့လေ။ ကျနော်တို့ တရားစွဲဆိုမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်။ အန်တိုနီဘလင်ကန် ကလည်း ဒီဆုကို ဘာကြောင့်ချီးမြှင့်တာလဲဆိုတာမှာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးအရာတွေကို နိုင်ငံတကာက ပိုသိမြင်လာအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောဆိုတာ ရှိတယ်။ ဒါဟာ CHRO ရဲ့ စွမ်းဆောင်မှုကို ကျနော်က CHRO မှာ ပါဝင်တဲ့ ခေါင်းဆောင် တယောက်အနေနဲ့ ဆောင်ရွက်နိုင်လို့ ဒီဆုကို ချီးမြှင်ခြင်းဖြစ်တယ်လို့ ကျနော်က ယူဆတယ်။

မေး – လူအခွင့်အရေး လှုပ်ရှားမှု လုပ်ဆောင်မှုတွေထဲမှာ အကြီးမားဆုံး အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ဘာတွေ ဖြစ်မလဲခင်ဗျာ။

ဖြေ – စိန်ခေါ်မှုတွေက အများကြီးရှိတာပေါ့လေ။ အဓိကက ကျနော်တို့ လုံခြုံရေးအရ၊ ဒီလိုဆောင်ရွက်ရမှုကနေ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို အများကြီး ခြိမ်းခြောက်မှုတွေ ရှိတာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ခံယူချက်က ဒီလို လူ့အခွင့်အရေး ခြိမ်းခြောက်မှုတွေ ကျနော်တို့ ရှေ့မှာ ရှိနေတဲ့ဟာကို ကျနော်အနေနဲ့ နှုတ်ဆိတ်မနေနိုင်ဘူး။ ဒီလိုချိုးဖောက်ခံရတဲ့ ပြည်သူ လူထုအတွက် နစ်နာခဲ့တဲ့ လူတွေအတွက် သူတို့ကိုယ်စား ပြောပေးဖို့ တာဝန်ရှိတယ်။ သူတို့ တရားမျှတမှု ရရှိနိုင်ရေး ဆောင်ရွက်ဖို့ ရှိတယ်ဆိုတာက ကျနော်ရဲ့ ခံယူချက်ပေါ့နော်။ ဒီခံယူချက်နဲ့ပဲ ကျနော် လုပ်ဆောင်တယ်။ တခါတလေ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို မှတ်တမ်းပြုစုတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာတွေလည်း ထိခိုက်ရမှုတွေ ရှိတယ်။ ဘာကြောင့်လဲဆိုရင် ထိခိုက်နစ်နာတဲ့ လူတွေရဲ့ အမြဲတမ်းဆက်သွယ်ရတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဓါတ်ပုံတွေ၊ ရုပ်သံတွေကို အမြဲတမ်းကြည့်ပြီးတော့ ပြောဆိုဆက်ဆံရတဲ့အခါမှာ ကိုယ်ရဲ့ စိတ်ကို ထိခိုက်ခံစားရတာတွေ အများကြီးကြုံတွေ့ရပါတယ်။ ဒါတွေကို ကြုံတွေ့နေရပေမယ့် ဒါက စွန့်လွတ်လို့ မရတဲ့ အလုပ်ဖြစ်တယ်။ ဒီလိုနစ်နာခဲ့ရတဲ့ လူတွေကိုယ်စား ပြောပေးဖို့၊ ဆောင်ရွက်ပေးရဖို့ တာဝန်ရှိတယ်။ ဒီခံယူချက်နဲ့ ရှေ့ဆက်ပြီးတော့ လူ့အခွင့်အရေး လုပ်ငန်းတွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။

မေး – ကုလသမဂ္ဂ ECOSOC မှာ ပါဝင်ဆောင်ရွက်တယ်လို့ သိရပါတယ်။ အဲဒီအကြောင်း ပြောပြပေးပါဦး။ အဲဒီကနေ နိုင်ငံတကာမှာ ဘယ်လိုအောင်မြင်မှုတွေ ရရှိပါသလဲ။

ဖြေ – CHRO က ၂၀၁၈ ခုနှစ်ကတည်းက ကုလသမဂ္ဂက အတိုင်ပင်ခံအဖွဲ့အစည်းအနေနဲ့ အသိအမှတ်ပြုထားတယ်။ အဲဒီအသိ အမှတ်ပြုထားတဲ့အတွက် ကျနော်တို့က ပိုပြီးတော့ အခွင့်အရေးတွေလည်း များတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေးကောင်စီ အစည်းအဝေးတွေ ရှိတဲ့အခါမှာ ကျနော်တို့ CHRO ကတော့ ပုံမှန်တက်လို့ ရတယ်။ ဖိတ်ဖို့ မလိုအပ်ပဲနဲ့ပေါ့နော်။ ပြီးတော့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အဖွဲ့တွေနဲ့ ထိတွေ့မှုတွေက ပိုပြီးတော့ ကျနော်တို့ရဲ့ “အသံ”က ပိုကြီးတယ်၊ ကျယ်လောင်တယ် ပြောလို့ ရတာပေါ့လေ။ ကျနော်တို့ရဲ့ အများယုံကြည်လက်ခံမှု (Credibility) က ရှိပြီးသားပေါ့လေ။ CHRO က တင်ပြတဲ့ဟာတွေ၊ ပြောဆိုတဲ့ဟာတွေကို နိုင်ငံတကာ အစိုးရတွေနဲ့ UN အပါအဝင် သူတို့က တန်ဖိုးထားပေးတယ်။ ဒီဟာလေး တွေက ကျနော်တို့အတွက် တဖက်တလမ်းကနေ ဒီလိုအဆင့်ရခြင်းအားဖြင့် ပြောအား၊ ဆိုအား ပိုကောင်းလာတယ်ပေါ့။

မေး – ဆရာတို့အနေနဲ့ ဘာတွေ ဆက်လုပ်သွားဖို့ ရှိမလဲ၊ ဘာတွေ တိုးချဲ့လုပ်သွားဖို့ ရှိမလဲခင်ဗျာ။

ဖြေ – ကျနော်တို့ CHRO အနေနဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို စနစ်တကျ မှတ်တမ်းတင်ထားတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ နစ်နာသူတွေအတွက် တရားမျှတမှု ရရှိအောင် နည်းလမ်းမျိုးစုံနဲ့ ဆက်လုပ်ဖို့ ရည်ရွယ်ထားတယ်။ မြန်မာနိုင်ငံမှာ ဒီလို လူ့အခွင့်အရေး ချိုးဖောက်တဲ့ လူတွေကို တာဝန်ယူမှု ရရှိအောင် ဘယ်လိုမှ လုပ်ဆောင်လို့ မရဘူး။ လုပ်ဆောင်လို့ ရတဲ့ နေရာက နိုင်ငံတကာ တရာရုံးနဲ့ ဥပဒေတွေမှာ လုပ်ဆောင်ဖို့ နည်းလမ်း ရှိတယ်။ အခု ဖိလစ်ပိုင်မှာ ကြိုးစားသလိုပဲ ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ စစ်ကောင်စီရဲ့ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိစေဖို့အတွက် ကျနော်တို့ ဆက်ပြီးတော့ ကြိုးစားမယ်။ မြန်မာနိုင်ငံရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြစ်တဲ့ IIMM အဖွဲ့နဲ့လည်း ပူးပေါင်းပြီးတော့ ချင်းပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု သက်သေတွေကို သက်ဆိုင်ရာ တရားရုံးတွေမှာ သက်သေပြနိုင်ဖို့ ကျနော်တို့ ထပ်ပြီး ဆွေးနွေးသွားဖို့ ရှိတယ်။ တော်လှန်ရေးအောင်မြင်လာတဲ့အချိန်မှာလည်း မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုမှာ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ လူတွေ နစ်နာတဲ့ လူတွေအတွက် တရားမျှတမှု ရရှိအောင် ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ သံဓိဌာန်ချထားပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.