(005MK)
မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်ဦးဆောင်သူများကို ဗဟိုမီဇိုးလူငယ်အသင်း (CYMA) က ယနေ့ခေါ်ယူတွေ့ဆုံ ပြီး စစ်ရှောင်အခြေအနေနှင့်ပတ် သက်၍ ဆွေးနွေးပြောဆိုခဲ့ကြသည်ဟု သိရသည်။
ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့ Central YMA ရုံးခန်းမတွင် ယနေ့မွန်းလွဲပိုင်း ၂ နာရီမှာ တွေ့ဆုံခဲ့ကြပြီး စစ်ဘေး ရှောင်များအတွက် သိသင့်သိထိုက်သောအကြောင်းအရာများကို ပြောဆိုခဲ့ကြသည်ဟု မီဇိုရမ်ဒေသတွင်းသတင်း မှာဖော်ပြထားသည်။
ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်လူဦးရေ ၂၇၇၅၁ ဦးရှိပြီး ရပ်ကွက်၊ ကျေးရွာ အလိုက် ထုတ်ပြန်သော စည်းကမ်းသတ်မှတ်ချက်များ နှင့် အစိုးရကထုတ်ပြန်သော အမိန့်များကိုလည်း စစ်ဘေးရှောင်များ အနေဖြင့် လေးစားလိုက်နာပေးကြရန် CYMA အတွင်းရေးမှူး Prof. Malsawmliana က ပြောဆိုခဲ့သည်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု နှင့် ဒုစရိုက်လုပ်ငန်းများတွင်ပါဝင်ပတ်သက်သော စစ်ဘေးရှောင်များအား သက်ညှာခြင်းရှိမည်မဟုတ်ကြောင်း၊ ဥပဒေကြောင်းအရ ထိုက်သင့်သောပြစ်ဒဏ်များကျခံစေရန် အရေးယူဆောင်ရွက် သွားမည်ဟု CYMA အတွင်းရေးမှူးကသတိပေးသည်။
ထို့အပြင် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော Adhaar Card, EPIC, Driving Licence စသည့် နိုင်ငံသား အထောက်အထားများအား ပိုင်ဆိုင်ရန်ကြိုးစားဆောင်ရွက်မှုများမပြုလုပ်ကြရန်လည်း မှာကြားခဲ့ပြီး၊ အစိုးရက ထုတ်ပေးသော စစ်ဘေးရှောင်သက်သေခံ ယာယီကတ်ပြားများကိုလည်း အကုန်ပြုလုပ်ကြရန် ပြောဆိုခဲ့သည်။
စစ်ဘေးရှောင်များသည် မိမိတို့၏ ညီအကိုများဖြစ်ကြသည့်နည်းတူ အခက် အခဲနှင့် အကူအညီများလိုအပ်သည့် အခါမျိုးတွင် CYMA က ဆက်လက်ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ စစ်ဘေးရှောင်များအား လစ်လျူရှုထားမည်မဟုတ်ကြောင်းလည်း အတွင်းရေးမှူးကပြောဆိုသည်။
ယနေ့တွေ့ဆုံမှုတွင် မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်စခန်းအသီးသီးက တာဝန်ရှိသူများ၊ စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အိုင်ဇောလ်မြို့တွင်ရှိနေကြသော ချင်းလွှတ်တော်ကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ကြသည်ဟု သိရသည်။
ဗဟိုမီဇိုးလူငယ်အသင်း (CYMA) အဖွဲ့သည် မီဇိုရမ်ပြည်နယ်တွင် ဩဇာအရှိဆုံးအရပ်ဖက်အဖွဲ့အစည်းဖြစ်ပြီး မီဇိုရမ် ပြည်နယ်တွင် အစိုးရပြီးရင် ဒုတိယဩဇာအာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်သည်ဟု သိရသည်။