(004SS)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် Chin Women Prayer Group ၏ ဦးဆောင်မှုဖြင့် ချင်းညီအစ်ကိုအချင်းချင်းအကြား ဖြစ်ပွားနေသော သတ်ဖြတ်တိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် စည်းလုံးညီညွှတ်ရေးတို့အတွက် ဆုတောင်းဆန္ဒထုတ်ဖော်မှု တစ်ရပ်ကို စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။
နယူးဒေလီမြို့ရှိ Chin Christian Church တွင် မနက် ၁၁ နာရီမှ ညနေပိုင်း ၄ နာရီအထိ ပြုလုပ်သော အဆိုပါဆန္ဒပြပွဲတွင် ချင်းပြည်နယ်၏ မြို့နယ်အားလုံး ကိုယ်စားပြုသော ချင်းစစ်ဘေးရှောင် အမျိုးသမီးများအပါအဝင် မီဇီုရမ်မှ အမျိုးသမီးမျာ၊ မဏိပိုရ်ပြည်နယ်မှ ကူကီး အမျိုးသမီးများ ရာနှင့်ချီ ပါဝင်ခဲ့ကြသည်။
“ချင်းညီအကိုအချင်းချင်း ပစ်ခတ်တိုက်ခိုက်ခြင်း လုံးဝလုံးဝ အလိုမရှိကြောင်း၊ ညီအစ်ကိုအချင်းချင်း ပစ်ခတ်တိုက် ခိုက် ခြင်းများ ချက်ချင်းရပ်ကြရန်” စသည့်တောင်းဆိုချက်များကို မိမိတို့မျိုးနွယ်စုဘာသာစကားများဖြင့် ကြွေးကြော်ခဲ့ ကြသည်ဟု သိရသည်။
ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်လာသူ CDM ဆရာမကြီး ဒေါ်ဝုန်ဟွဲက “ကျွန်မတို့ ဒီမှာ စစ်ဘေးရှောင်တွေအနေနဲ့ ရောက် ရှိလာကြတာဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံရေးအရ ပြောရရင် အရင်က ချင်းပြည်နယ်မှာ ရန်သူကို အားသွန်ခွန်စိုက် တိုက် ခိုက်ခဲ့ကြပေမဲ့၊ အခုချိန်မှာတော့ အခြေအနေအမျိုးမျိုးကြောင့် ကျွန်မတို့ ချင်းလူမျိုးတွေက တကွဲတပြား ဖြစ်နေကြတယ်။ ညီအစ်ကို မောင်နှမအရင်းခေါက်ခေါက်တွေတောင်မှ ရန်သူလို သဘောထားပြီး စိတ်ဝမ်းကွဲကာ သတ်ဖြတ်တာတွေ များခဲ့ တဲ့အတွက်ကြောင့် ဒီအရာကို ကျွန်မတို့ Chin Women Prayer Group အဖွဲ့ကနေပြီးတော့ ချင်းပြည်နယ်မှာရှိတဲ့ ညီအစ်ကို မောင်နှမတွေ အချင်းချင်း သတ်ဖြတ်ခြင်း လုံးဝပျောက်သွားအောင် ဘုရားသခင်ဆီမှာ ဆုတောင်းနေခြင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါဆုတောင်းပွဲသို့ တက်ရောက်လာသော CDM ဝန်ထမ်းချင်းအမျိုးသားတစ်ဦးက သမ္မာကျမ်းစာထဲက ရှောလမုန် မင်းကြီး၏ သားတရားစီရင်ခန်းကို ပုံဥပမာပေးကာ မိခင်အစစ်က သူ့ကလေး နာကျင်ခံစားရမည်ကို မလိုလားသကဲ့သို့ “တစ်ကယ့်ခေါင်းဆောင်မှန်ရင်၊ ချင်းလူမျိုးတွေကို တကယ်ချစ်တယ် ဆိုရင်၊ ကိုယ့်ရဲ့အသွေးအသားဖြစ်တဲ့ ချင်းလူမျိုးတွေ နာကျင်အောင်၊ သွေးထွက်သံယိုဖြစ်အောင် လုံးဝ ခေါင်းထဲမှာ မစဉ်းစားမိပါစေနဲ့” ဟု တိုက်တွန်းပြောဆိုသွားခဲ့သည်။
အစီအစဉ်တွင် ဖိတ်ကြားထားသော သိက္ခာတော်ရ ပါစတာများ၊ စစ်ဘေးရှောင် ဦးဆောင်သူများမှ ချင်းလူမျိုးများအား သမ္မာကျမ်းစာ သွန်သင်ချက်များနှင့်အညီ အချင်းချင်း ခွင့်လွှတ်ပြီး ချစ်ခင်သင့်မြတ်ကြရန် တရားဟောပြောခဲ့ကြသည်။