ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် CNO/CNDF တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံ့ပန်းများထဲက အယောက် ၂၀ ကျော်သည် မီဇိုရမ် ပြည် နယ်ဘက်သို့ ထွက်ပြေးသွားကြပြီးနောက် အိန္ဒိယစစ်တပ်က ရဟတ်ယာဉ် ဖြင့်ခေါ်ထုတ်သွားသည်ဟုသိရသည်။
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Saikhumphai ကျေးရွာမှာ ထွက်ပြေးခိုလုံနေကြသော စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၅ ယောက်ဝန်းကျင်ကို ယနေ့အောက်တိုဘာ လ ၁၅ ရက်နေ့မနက်ပိုင်းတွင် အာသံရိုင်ဖယ်တပ်ဖွဲ့က ရဟတ်ယာဉ် ဖြင့်ခေါ် ထုတ်သွားသည်ဟု မီဇိုရမ်ပြည်နယ်က စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF သည် ဖလမ်းမြို့သိမ်းတိုက်ပွဲတုန်းက စစ်ကော်မရှင်တပ်သား နှင့် ရဲ အပါအဝင် စစ်သုံ့ပန်းအများအပြားကို ဖမ်းဆီးခဲ့ပြီး တချို့ကို ၎င်းတို့ဌာနချုပ် Camp Rihli တွင် ထိန်းသိမ်းခဲ့သည်။
၂၀၂၅ ခုနှစ် ဇူလိုင်လဆန်းပိုင်းက CNDF နှင့် CDF-Hualngoram တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ Camp Rihli ဝင်တိုက်ခံရသည့်အချိန်မှာ အဆိုပါစစ်သုံ့ပန်းများသည်လည်း မီဇိုရမ်ပြည်နယ် Saikhumphai ကျေးရွာဘက်သို့ ထွက် ပြေးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
“ Camp Rihli ဝင်တိုက်ခံရတဲ့အချိန်မှာ အဲဒီစစ်သုံ့ပန်းတွေက မီဇိုရမ်ဘက်ထွက်ပြေးသွားတယ်၊ အဲဒီကနေ သူတို့နည်းသူတို့ဟန်နဲ့ အချိတ်အဆက်တွေလုပ်ပြီး မြန်မာသံရုံးကနေတဆင့် အိန္ဒိယစစ်တပ်က ခေါ်ထုတ်သွား တာ ဖြစ်တယ်” ဟု CNDF နှင့်နီးစပ်သူတစ်ဦးကပြောသည်။
၎င်းတို့ကို ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်သွားပြီးနောက် မဏိပူရ်ပြည်နယ် မိုးရေး-တမူးနယ်စပ်ကတဆင့် စစ်ကော်မရှင်ထံ လွှဲပြောင်းမည်ဟု သတင်းရင်းမြစ်ကပြောသည်။

