AA နှင့် CDF – Daai ရေရှည်ခိုင်မြဲသော မဟာမိတ်ဆက်ဆံရေး တည်ဆောက်မည်ဟု ဆို
(006SV)
ချင်းပြည်နယ်တောင်ပိုင်း ၄ မြို့နယ်ထဲရှိ ဒိုင်ရ်မျိုးနယ်စု နေထိုင်ရာဒေသများကို စုစည်း၍ အုပ်ချုပ်ရေးယူနစ်တစ်ခု အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်နေသည့် ချင်းလက်နက်ကိုင်တပ်ဖွဲ့ CDF – Daai ကို အာရက္ခတပ်တော် ULA/ AA က စစ်ရေး အကူအညီ အများအပြားပေးနေသည်ဟု သိရသည်။
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ် (CDF Daai)ကို ဖွဲ့စည်း တည်ထောင်ခြင်း ၄ နှစ်ပြည့်၏ စက်တင်ဘာလ ၂၁ ရက် ထုတ်ပြန် ချက်တွင် ULA/ AA နှင့် ဆက်ဆံရေးကို တရားဝင် အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။
CDF – Daai ကို ကျစ်လစ်ခိုင်မာပြီး အင်အားကောင်းမွန်လာစေရေး စစ်သင်တန်း ပေးခြင်း၊ လက်နက်ခဲယမ်း ထောက်ပံ့ခြင်း၊ ရိက္ခာထောက်ပံ့ခြင်းနှင့် ရှေ့တန်း စစ်မြေပြင် အတွေ့အကြုံများ ရရှိနိုင်ရေး လက်တွဲခေါ်ခြင်းတို့ဖြင့် ကူညီပေးသော ULA/ AA အထူးကျေးဇူးတင်ရှိပါကြောင်း CDF – Daai က ထုတ်ပြန်သည်။
အာရက္ခတပ်တော် ULA/ AA ၊အာလဖာ (၃) စစ်ဒေသသည် CDF – Daai ကို စစ်ရေးအကူအညီများ ပေးနေခြင်းဖြစ်ပြီး ULA/ AA နှင့် CDF – Daai တို့အကြား ရေရှည်တည်တံ့ ခိုင်မြဲသော မဟာမိတ်ဆက်ဆံရေးကို ဆက်လက် တည်ဆောက်သွားမည်ဟု CDF – Daai ထံမှ သိရသည်။
ULA / AA နှင့် CDF Daai တို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် မဟာမိတ်ဆက်ဆံရေးကို သိရှိနိုင်ရန် CDF – Daai ပြောရေးဆို ခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းသော်လည်း လောလောဆယ် ဖြေဆိုရန် အဆင်မပြေသေးကြောင်း ပြောသည်။
CDF – Daai ဖြစ်ပေါ်လာစေရေးအတွက် ပထမဆုံး အပတ်စဉ် ၁ နှင့် ၂ တို့တွင် စစ်ပညာသင်ကြားပေးသော CDF – မင်းတပ်ကို လည်း အထူးကျေးဇူးတင်ကြောင်း အသိပေးထုတ်ပြန်သည်။
ချင်းပြည်နည်တောင်ပိုင်းရှိ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ စသည့် ၄ မြို့နယ်တွင် ပြန့်ကျဲနေထိုင်သော ဒိုင်ရ်မျိုးနွယ် စုများကို စုစည်း၍ ဒိုင်ရ်ဒေန္တရ ကောင်စီ ကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေး ယူနစ်တစ်ခုတွင် စုစည်းနိုင်ရေး အိမ်မက်ကို အကောင် အထည်ဖော် ဆောင်ရွက်နေရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရရှိခဲ့ပြီဖြစ်သည်ဟု CDF Daai ကဆိုသည်။
ဒိုင်ရ်ဒေသအားလုံး အုပ်ချုပ်ရေး ယူနစ်တစ်ခုအောက်တွင် စုစည်းမှု အောင်မြင်သည်အထိ ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ပြီး ချင်းအမျိုးသား တည်ဆောက်ရေး၊ ချင်းပြည် တည်ဆောက်ရေးတို့တွင် ချင်းတော်လှန်ရေး အင်အားစုများနှင့်အတူ လက်တွဲဆောင် ရွက်သွားမည်ဟု CDF – Daai က ထုတ်ပြန်သည်။
၄ နှစ်တာကာလအတွင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းနိုင်ရေးတိုက်ပွဲတွင် အသက်ခန္ဓာ ပေးဆပ်သူများနှင့် ကိုယ်လက် အင်္ဂါ ဆုံးရှုံးသော CDF – Daai ရဲဘော်အားလုံးကို လေးစားဂုဏ်ပြု ဦးညွှတ်ပါကြောင်း အသိပေး ထုတ်ပြန်သည်။
CDF – Daai ကို အဖက်ဖက်မှ ကူညီပေးကြသော ပြည်တွင်းပြည့်ရှိ အလှူရှင်များအားလုံးကို အထူးကျေးဇူး တင်ရှိပါကြောင်းနှင့် တော်လှန်ရေးအရှိန်မပျက် တိုက်ပွဲဝင်နိုင်ရေးအတွက် ဆက်လက်ကူညီပံ့ပိုးပေးကြပါရန် တိုက်တွန်းသည်။
CDF – Daai ၏ တော်လှန်ရေး ရည်ရွယ်ချက်ဖြစ်သော အများပြည်သူများ မျှော်လင့်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်း နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်နိုင်ရေး၊ ချင်းအမျိုးသား တည်ဆောက်နိုင်ရေး လုပ်ငန်းများ အောင် မြင်ပြီးစီးသည်အထိ ညီအစ်ကို တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း ဆက်လက် တိုက်ပွဲဝင်မည်ဟု CDF – Daai က ထုတ် ပြန်သည်။
၂၀၂၄ ခုနှစ် ဇူလိုင်တွင် CDF – Daai သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင်အဖြစ်မှ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုကို နှုတ်ထွက်ပြီးနောက် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရနှင့် ICNCC ၊ ချင်းညီနောင် အဖွဲ့များတွင် ပါဝင်ခြင်း မရှိဘဲ ဒိုင်ရ် လူမျိုးစုများ၏ ဒေသများ စုစည်းနိုင်ရေး၊ အုပ်ချုပ်ရေး ယူနစ်တစ်ခုထဲ အောင်မြင်စွာ ထည့်သွင်းဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

