(006SV)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်းဒေသ၊ ထုတ်လိုင်ကျေးရွာကို ယမန်နေ့ညက စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရ သည်။
နိုဝင်ဘာလ ၁၉ ရက် ည ၁၂ နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်က တီးတိန်မြို့နှင့် သိုင်းငင်းရွာအကြားရှိ ထုတ်လိုင်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်ပြီး ဘုရားကျောင်းနှင့် စာသင်ကျောင်းဆောင်တို့ကို ဗုံးထိခိုက်၍ ထိခိုက်ပျက်စီးမှုတချို့ ရှိကြောင်း ဒေသခံတချို့က ပြောသည်။
“ထုတ်လိုင်ရွာကို မနေ့ညက သန်းခေါင်ယံ ၁၂ နာရီဝန်းကျင်မှာ ဗုံးကြဲတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ အဲဒီမှာ ဘုရားကျောင်းနဲ့ စာသင်ဆောင် တချို့ ပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
တီးတိန်မြို့နှင့် ခိုင်ကမ်းမြို့အကြားရှိ စစ်ကော်မရှင်တပ်များ၊ ဖလမ်းမြို့နှင့် ဝေဘူလမြို့အကြားရှိ စစ်ကော်မရှင်တပ်များ ကို ချင်းလဲန်းအစိုးရတပ်ဖွဲ့ စစ်ကြောင်း (၂) နှင့် ချင်းညီနောင်အဖွဲ့မှ ချင်းအမျိုးသားကာကွယ်ရေးဖွဲ့ (CNDF) ၊ PDF – Zoland ပူးပေါင်းတပ်တို့သည် လက်တွဲ၍ တိုက်ခိုက်နေကြောင်း ချင်းလဲန်းအစိုးရထံမှ သိရသည်။
သိုင်းငင်းရွာတွင် တပ်စွဲနေသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့လည်း နိုဝင်ဘာလ ၁၇ ရက်က ဖလမ်းမြို့ဘက်ရှိ သိုင်းငင်းရွာအထွက်ဝန်းကျင်းတွင် ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။
ချင်းမြောက်ပိုင်းမြို့များကို ထိုးစစ်ဆင်လာနိုင်သော စစ်ကော်မရှင်တပ်များကို တော်လှန်ရေးပူးပေါင်းတပ်များသည် ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါမြို့တို့တွင် ခုခံစစ်နှင့် တန်ပြန်ထိုးစစ်များ ပြုလုပ်နေကြောင်း သိရသည်။

