ချင်းပြည် အရင်းအမြစ်က တနိုင်ငံလုံး၏ အောင်မြင်မှုကို ပေးစွမ်းနိုင်သောကြောင့် ချင်းပြည်လွတ်မြောက်ရေးလည်း အားကြိုးမာန်တက် လုပ်ဆောင်နေဟု ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော် ပြော
(006SV)
လက်ရှိ တော်လှန်ရေး အောင်မြင်အောင် ဆင်နွှဲနိုင်ရေးအတွက် ပြန်လည်စုဖွဲ့ရေးများ လုပ်ဆောင်နိုင်ရန် အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) နှင့် K3C (KIO၊ KNU၊ KNPP၊ CNF) တို့ တွေ့ဆုံ ဆွေးနွေးမှုများ ရှိနေကြောင်း KIO/ KIA မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောသည်။
ဖေဖော်ဝါရီလ ၅ ရက် မှာ ကျရောက်သော ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ် ပြည် နယ်မှာ ကျင်းပခဲ့ရာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ကချင်လွတ်လပ်ရေးတပ် (KIA)၏ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က အွန်လိုင်းမှတဆင့် မိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောခြင်းဖြစ်သည်။
“ပြန်လည်ပေါင်းစည်းရေး၊ ပြန်လည်စုဖွဲ့ရေးတွေ လုပ်နေပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက်ကပဲ NUG ရယ်၊ NUGရယ်၊ KNUရယ်၊ KNPPရယ် ၊ CNF ရယ်၊ KIOရယ် ငါးဖွဲ့ ကျနော်တို့ အွန်လိုင်းမီတင်တွေ လုပ်ပါတယ်။ လက်ရှိတော်လှန်ရေးကို အောင်မြင်အောင် ဘယ်လို ဆင်နွှဲမလဲဆိုတဲ့ အရာကို ဦးစားပေးပြီ ကျနော်တို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ အဲဒီမှာ ဒီမီယာမှာ ပါလာတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီဟာ မျှော်မှန်းချက် ပြောတဲ့ ဝေါဟာရ ဖြစ်ပြီးတော့ အတည်ပြုထားတာတော့ မဟုတ်သေးပါဘူး။ ကျနော်တို့ ဆက်လက်ဆွေးနွေးနေတဲ့ အဆင့်မှာပဲ ရှိပါတယ်။ တော်လှန်သော အင်အားစုများဟာမှန်ကန်တဲ့ လမ်းကြောင်း ပေါ်မှာ ခိုင်ခိုင်မာမာ ရပ်ဖို့လိုပါတယ်။ စု စည်းညီညွတ်ရမှာဖြစ်ပါတယ်။ အပြန်အလှန် လေးစား အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောသည်။
NUG နှင့် K3C အဖွဲ့တို့သည် ဖေဖော်ဝါရီလဆန်းပိုင်းက အွန်းလိုင်းမှတဆင့် တွေ့ဆုံ၍ လက်ရှိတော်လှန်ရေးနှင့် ပတ်သက်၍ ထပ်မံဆွေးနွေးခြင်းဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်သည် အပြောင်းအလဲ အများအပြား ဖြစ်လာမည့် နှစ်အဖြစ် မျှော်လင့်ပြီး တောက်လျှောက် ကြိုးစားနေကြောင်း သိရသည်။
တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ထားသည့် စုပေါင်းဦးဆောင်မှုဖြစ်ရန်အတွက် NUG နှင့် K3C တို့အကြားလည်း ဆွေးနွေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
“ဒီလိုမျိုး တော်လှန်ရေးအင်အားစုတွေ ပေါင်းစပ်ထားတဲ့ စုပေါင်းဦးဆောင်မှုပေါ့နော်၊၊ ဒီဥစ္စာက ပြည်သူလူထုအားလုံးရဲ့ လိုလာချက်လည်း ဖြစ်သလို တော်လှန်ရေးအတွက်လည်း အင်မတန်မှ လိုအပ်တဲ့အချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စ အကောင်အထည်ဖော်နိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေကြားထဲမှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ကိုင် ဆောင်ရွက်နေတာ ရှိပါတယ်။ လက်ရှိအခြေအနေက ဆွေးနွေးဆဲဖြစ်တဲ့အတွက် အသေးစိတ်ကတော့ ထုတ်ပြန်ပြောဆိုလို့ မရသေးပါဘူး။ ထုတ်ပြန်ပြောဆိုလို့ ရတဲ့အချိန်မှ အများပြည်သူသိအောင် ထုတ်ပြန်သွားမှာဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။
ချင်းပြည်လွတ်မြောက်ရေးသည် တနိုင်ငံလုံးအတွက် အရေးကြီးသောကြောင့် ချင်းပြည်အရေးကို အလေးထားပြီး ကြိုးစား ဆောင်ရွက်နေကြောင်း၊ ချင်းပြည်၏ အရင်းအမြစ်များသည် တနိုင်ငံလုံး၏ အောင်မြင်မှုကို ပေးစွမ်းနိုင်လိမ့်မည်ဟု သိရသည်။
KIO/ KIA မှ အထူးတာဝန်ဖြင့် စေလွှတ်ထားသော အရာရှိများသည်လည်း ချင်းပြည်နယ်ဘက်သို့ ရောက်ရှိနေသည်ဟု သိရသည်။
“အကုန်လုံးနဲ့ လက်တွဲပြီး ဆောင်ရွက်နေပါတယ်။ ချင်းပြည်အရေးကိုလည်း အလေးထားပြီး ကြိုးစားနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ကချင်ယူနစ်၊ နာဂယူနစ်၊ ချင်းယူနစ်နဲ့ NUG စစ်ကိုင်းတိုင်း အထက်ပိုင်း ကသုံးလုံးက စတေဘယ်(တည်ငြိမ်) ဖြစ်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ဖြစ်လည်းဖြစ်နိုင်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒီအထက်ပိုင်း မြောက်ပိုင်း တစ်ခုလုံး စတေဘယ်(တည်ငြိမ်) ဖြစ်သွားလို့ရှိရင် အောက်ပိုင်းကို အလွယ်တကူ ကျနော်တို့က ထိန်း သိမ်းနိုင်မှာဖြစ်ပါတယ်။ ဒါက စစ်ရေး ရည်မှန်းချက် ဖြစ်ပါတယ်။ ချင်းပြည်ရဲ့ အရင်းအမြစ်က တစ်နိုင်လုံးရဲ့ အောင်မြင်မှုကို ပေးစွမ်းနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ချင်းပြည်နဲ့ ကျနော်တို့က ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေး အားကြိုးမာန်တက် လုပ်ဆောင်နေတယ်။ လွန်ခဲ့တဲ့ အခြေအနေမှာဟာ ခင်ဗျားတို့ မိတ်ဆွေများ၊ ခေါင်းဆောင်များနဲ့လည်း တွေ့ပါတယ်။ ချင်းခေါင်းဆောင်များနဲ့ တွေ့တယ်။ CB နဲ့ တွေ့တယ်။ အခုလည်း ကျနော်တို့ ဆီက အထူးတာဝန်နဲ့ သွားနေတဲ့ ခေါင်းဆောင်များ ချင်းပြည်ဘက် ၊ဟိုဘက်၊ အောက်ပိုင်းအထိ ရောက်နေပါတယ်” ဟု KIO/ KIA မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များ၊ ယောနှင့် ဆောမှ ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကော်မရှင်၏ တော်လှန်ရေးအင်အားစုများနှင့် တစ်ဖွဲ့ချင်း စကားပြောသည့် ပုံစံကို KIO/ KIA က လက်မခံဘဲ တော်လှန်ရေး အောင်မြင်ရန်အတွက် အကုန်လုံးနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။
လက်ရှိတွင် စစ်အာဏာသိမ်းကာလ ၅ နှစ် ရှိလာချိန်တွင် စစ်ကောာ်မရှင်သည် အတုအယောင်ရွေးကောက်ပွဲ ကျင်းပခြင်းကဲ့သို့ ပြင်ဆင်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသကဲ့သို့ တော်လှန်ရေးအင်အားစု အသီးသီးသည်လည်း တော်လှန်ရေး လျင်လျင်မြန်မြန် အောင်မြင်စေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည်ဟု သိရသည်။

