မြန်မာနိုင်ငံသားများကြောင့် ရာဇဝတ်မှုနှုန်းမြင့်တက်ဟုပြောဆိုမှုမှာ မှန်ကန်သောယူဆချက်မဖြစ်နိုင်ဟု ဆို
(005MK)
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် လွန်ခဲ့သော ၆ နှစ်အတွင်း မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးခံရသူများအနက် မြန်မာနိုင်ငံသား ၂.၉ ရာခိုင်နှုန်းသာပါဝင်ပြီး ယင်းအခြေအနေကိုကြည့်လျင် မြန်မာနိုင်ငံသား/စစ်ဘေးရှောင်များကြောင့် ရာဇဝတ်မှု(Crime rate) မြင့်တက်လာသည်ဟု ယူဆချက်မှာ မှန်ကန်ခြင်းမရှိနိုင်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်း ဌာနတစ်ခုကဖော်ြပသည်။
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် Zalen News နေ့စဉ်ထုတ်သတင်းဌာနက မီဇိုရမ်ရဲတပ်ဖွဲ့ နှင့် မူးယစ်တပ်ဖွဲ့ ထံမှ ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၆ နှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမှုစာရင်းကို တောင်းခံရာတွင် မူးယစ်ဆေးဝါး မှုကြောင့် ဖမ်းဆီးခံရသူ လူပေါင်း ၄၈၁၅ ဦးရှိခဲ့သည့်အနက် ၁၄၀ မှာ မြန်မာနိုင်ငံသားများဖြစ်ကြပြီး ရာခိုင်နှုန်းအားဖြင့် ၂.၉ ရာခိုင်နှုန်းသာရှိသည်ဟု ဖော်ပြထားသည်။
မူးယစ်မှုကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၄၀ ထဲတွင် စစ်ဘေးရှောင်မည်မျှပါဝင်သည်ကိုမူ အတိအကျမသိ ရဘဲ စစ်ဘေးရှောင်တချို့လည်းပါဝင်ကောင်းပါဝင်နိုင်သော်လည်း မြန်မာစစ်ဘေးရှောင်များ မူးယစ်ဆေးဝါးသယ်ယူ ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်နေကြကြောင်း ထင်မြင်ယူဆချက်များသည် မှန်ကန်သောယူဆချက်များမဖြစ်နိုင် ကြောင်း မီဇိုရမ်နေ့စဉ်သတင်းစာကဖော်ပြသည်။
စစ်ဘေးရှောင်များကြောင့် မီဇိုရမ်ပြည်နယ်တွင် ရာဇဝတ်မှုနှုန်းမြင့်တက်လာသည်ဟု ထင်မြင်ယူဆချက်များရှိသည့် အပေါ်တွင်လည်း အဆိုပါသတင်းစာက ဆက်လက်စုံစမ်းရာမှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မှုခင်းဆိုင်ရာ မီဇိုရမ် ရဲတပ်ဖွဲ့၏ စာရင်းကိုတောင်းခံခဲ့သည်ဟု သိရသည်။
ယင်းမှုခင်းဆိုင်ရာစာရင်းတွင် ၂၀၂၂ ခုနှစ်တွင် ပြစ်မှုဆိုင်ရာဥပဒေချိုးဖောက်မှုကြောင့် ဖမ်းဆီးခံရသူ လူပေါင်း ၃၂၁၈ ဦး ရှိသည့်အနက် မြန်မာနိုင်ငံသား ၈၅ ဦးပါဝင်ပြီး၊ ၂၀၂၃ ခုနှစ်တွင် လူပေါင်း ၃၂၇၃ အနက် မြန်မာနိုင်ငံသား ၉၅ ဦး၊ ၂၀၂၄ ခုနှစ်တွင် လူပေါင်း ၂၉၁၈ အနက် မြန်မာနိုင်ငံသား ၉၅ ဦး၊ ၂၀၂၅ ခုနှစ်တွင် လူပေါင်း ၂၅၄၄ အနက် မြန်မာနိုင်ငံသား ၁၁၈ ဦး ဖမ်းဆီးခံရသည်ဟု ဖော်ပြသည်။
အဆိုပါအခြေအနေကို ပြန်ကြည့်မည်ဆိုလျင် မီဇိုရမ်ပြည်နယ်တွင် ပြစ်မှုဆိုင်ရာဥပဒေချိုးဖောက်မှုကြောင့် ၂၀၂၂ မှ ၂၀၂၅ ခုနှစ်အတွင်း ဖမ်းဆီးခံရသူ လူပေါင်း ၁၁၉၅၃ ရှိသည့်အနက် မြန်မာနိုင်ငံသား ၃၉၃ ဦးပါဝင်ပြီး ရာခိုင်နှုန်းအားဖြင့် ၃.၂ ရာခိုင်နှုန်းဝန်းကျင်သာရှိသည်ဟု သတင်းစာကဖော်ပြသည်။
မီဇိုရမ်ရဲတပ်ဖွဲ့ နှင့် မူးယစ်တပ်ဖွဲ့ထံမှရရှိသော စာရင်းများကိုကြည့်ခြင်းအားဖြင့် “ မကောင်းမှုပြုလုပ်သော လူတစုတို့ ကြောင့် လူအများအပေါ် အကျိုးသက်ရောက်မှုရှိစေပြီး နာမည်ပျက်စေသည်” ကို တွေ့မြင်ရသည်ဟု သတင်းစာက ဖော်ပြသည်။
ဗဟိုမီဇိုးလူငယ်အသင်း CYMA အတွင်းရေးမှူး Prof. Malsawmliana က “ စစ်ဘေးရှောင်တွေထဲမှာ စခန်းမှာနေတဲ့သူ တွေကတော့ မူးယစ်မှောင်ခိုလုပ်ငန်းမှာပါဝင်မှုမရှိကြဘူးလို့ ကျနော်တို့သိထားတယ်၊ တချို့ရှိကောင်းလည်းရှိနိုင်ပါ တယ်၊ သို့သော် အနည်းစုပဲဖြစ်မယ်၊ တဖက်မှာတော့ စစ်ဘေးရှောင်လိုလိုနေပြီး နယ်စပ် နဲ့ မြို့ပြကို အမြဲသွားလာလှုပ် ရှားတဲ့သူတွေရှိတယ် အဲဒီလိုပုဂ္ဂိုလ်တွေကို အမြဲစောင့်ကြည့်ဖို့တော့လိုပါတယ်” ဟု ပြောဆိုကြောင်း မီဇိုရမ်နေ့စဉ်ထုတ် သတင်းစာကဖော်ပြသည်။
တချိန်တည်းမှာပဲ မီဇိုရမ်ပြည်နယ်တွင် ယခု ၅ နှစ်တာကာလအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမှုပမာဏမှာ ပိုပိုမြင့်တက် လာနေပြီး ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားဖမ်းဆီးမှုသည် အဆပေါင်းများစွာဖြင့် ထိုးတက်လာသည်ဟု သိရသည်။

