(004SS)
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၃) ကြိမ်မြောက် Asian Business Forum ၌ ချင်းအမျိုးသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ Pa Do Khan Tuang က အာဆီယံဒေသတွင်း ထူးချွန်ဆုနှစ်ဆုကို တစ်ပြိုင် နက်တည်း ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်အခြေစိုက် လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ယခုကဲ့သို့ အာဆီယံအဆင့် စီးပွားရေးထူးချွန်ဆုများကို ပထမဆုံး အကြိမ်အဖြစ် ရရှိခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။
၎င်းရရှိခဲ့သည့် ဆုများမှာ “ASEAN Outstanding Visionary Leader of the Year 2026” (အာဆီယံအဆင့် ထူးချွန်အမြော်အမြင်ရှိသော ခေါင်းဆောင်ဆု) နှင့် “ASEAN Outstanding Business Leader Award 2026” (အာဆီယံအဆင့် ထူးချွန်စီးပွားရေးခေါင်းဆောင်ဆု) တို့ ဖြစ်သည်။
အသက် ၄၀ အရွယ်ရှိသည့် Pa Do Khan Tuang သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇံသွီး (Zaangtui) ကျေးရွာဇာတိ ဖြစ်သည်။
၎င်းသည် လက်ရှိတွင် ကလေးမြို့၌ အခြေစိုက်ကာ ပညာရေး၊ မီဒီယာနှင့် လူမှုကူညီရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍမှ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေသူတစ်ဦး ဖြစ်ကာ ပညာရေး၊လူမှုရေး၊ စီးပွါးရေးနှင့် သတင်းမီဒီယာကဏ္ဍ အသီးသီးကို ဦးစီဦးဆောင်ပြုနေသူတစ်ဦး ဖြစ်သည်။
ကလေးမြို့တွင် အရည်အသွေးမြင့် ပညာသင်ကြားပေးနေသည့် Bridge International School (BIS) ကို တည်ထောင်ကာ ကျောင်းသားဦးရေ (၅၀၀) ကျော်အားပညာသင်ကြားပေးနေခြင်း၊ Helping Hand Organization (HHO) ကို အခြေပြုကာ ချင်းပြည်နယ်အတွင်းရှိ ဝေးလံခေါင်ဖျားသော ဒေသများတွင် လူမှုကူညီရေးနှင့် အသိပညာပေးလုပ်ငန်းများကို ကိုယ်တိုင် ကိုယ်ကျ ဦးဆောင်နေခြင်း၊ သတင်းမီဒီယာ ကဏ္ဍတွင်လည်း ZTV (Zomi Post Media) တည်ထောင်သူဖြစ်သည့်အပြင် စီးပွါးရေးကဏ္ဍတွင်လည်း Lennupa Co., Ltd. ၏ ပိုင်ရှင်အဖြစ် လုပ်ငန်းကဏ္ဍအသီးသီးကို ဦးဆောင်နေသူဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ချင်းအမျိုးသားတစ်ဦးက နိုင်ငံတကာစင်မြင့်တွင် အာဆီယံအဆင့်မြင့် ဆုတံဆိပ်များ ရရှိခဲ့ခြင်းသည် ချင်းပြည် နယ်အတွက် မိမိတို့လူမျိုးနှင့် နိုင်ငံအတွက်ပါ ဂုဏ်ယူဖွယ်ရာဖြစ်သည်။

