(006SV)
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့ပေါ်နှင့် ရုံးဌာနတချို့ကို လုံခြုံရေးနှင့် စစ်ဆေးရေးအဖြစ် ဝင်ရောက်ခဲ့ပြီး ပြည်သူနှင့် အနီးကပ်ဆုံးမှာ တည်ရှိနေကြောင်း ပြသခဲ့သည်ဟု CDF – အရှိုတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။
ဧပြီလ ၄ ရက် ညပိုင်းတွင် ငဖဲမြို့နယ်အတွင်းရှိ မြို့နယ်ပညာရေးမှူးရုံးနှင့် ကြံ့ခိုင်ရေးပါတီရုံးများသို့ CDF – အရှို စစ်ကြောင်းမှူး မြွေပွေး ဦးဆောင်၍ ဝင်ရောက်ခြင်းဖြစ်ပြီး မြို့ပေါ်တိုက်ပွဲ ဖော်ဆောင်သော စစ်ဆင်ရေး မဟုတ်ဘဲ မြို့တွင်းအင်အားပြခြင်းသာ ဖြစ်ကြောင်း သိရသည်။
“မြို့တွင်းကို ဝင်ပြီး အခုလို အင်အားပြရတယ်ဆိုတာက ပြည်သူတွေအနေနဲ့ လက်ရှိလည်း စစ်တပ်က အာဏာ သိမ်းထားဆဲပဲ၊၊ စစ်အစိုးရစနစ်နဲ့ အုပ်ချုပ်နေဆဲ ဆိုတာကို မေ့လျော့မသွားအောင်လို့ ပြည်သူကို သတိပေးတဲ့အနေနဲ့ ကျနော်တို့ မြို့တွင်းကို ဝင်ရောက်တာ ဖြစ်ပါတယ်။ နောက်တစ်ခုက ပြည်သူနဲ့ အနီးစပ်ဆုံးမှာ ရှိနေပါတယ်ဆိုတဲ့ စိတ်ဓါတ်ကိုလည်း ပြချင်တာလည်း ပါပါတယ်။ တချို့ထင်ထားတာက တော်လှန်ရေး ၅ နှစ်ကျော် ရှိလာပြီ ဆိုပေမယ့်လည်း တော်လှန်ရေးလုပ်တဲ့ လူတွေက မြို့နဲ့အဝေးဆုံး တောတောင် ရေမြေတွေ၊ လူသူ အရောက်အပေါက် နည်းတဲ့ နေရာတွေမှာပဲ နေထိုင်နိုင်တယ်၊ တည်ရှိကြတယ်လို့ သိထားတဲ့ အရပ်သား ပြည်သူတွေ ရှိတဲ့အတွက် အဲလို မဟုတ်ဘူးဆိုတဲ့အကြောင်း ပြည်သူတွေနဲ့ အနီးနားဆုံးမှာ ကျနော်တို့ ရှိနေတယ်ဆိုတဲ့အကြောင်း ပြည်သူကို မက်ဆေ့ပေးချင်တဲ့အတွက်ကြောင်း မြို့ထဲကို ဝင်ရောက်တဲ့ စစ်ဆင်ရေးကို ကျနော်တို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ တိုက်ပွဲ တိုက်ခိုက်မှု စစ်ဆင်ရေး မဟုတ်ပါဘူး” ဟု ဆလိုင်းရိုးချင်းက ပြောသည်။
စစ်ကြောင်းမှူး မြွေပွေး ဦးဆောင်သော CDF – အရှိုတပ်ဖွဲ့သည် ငဖဲမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးအနီး တည်ရှိနေသည့် ဓါတ်တော်နှင့် အောင်မြေဒီပါ စေတီတော်များကို ဖူးမြှော်ခဲ့ပြီး အာဏာရှင်အကြမ်းဖက် သမ္မတသစ်ကို ပုန်ကန်ကြရန်နှင့် စစ်တပ် ကာကွယ်ရေး ဦးစီချုပ်အသစ် လက်ထက်တွင် ထပ်မံ၍ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများအား ပြည်သူများ မမေ့လျော့သွားစေရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။
ရခိုင်- မကွေးအစပ်၊ ငဖဲမြို့နယ်ထဲက စစ်ကော်မရှင်တပ်စခန်းများကို တိုက်ခိုက်ရာတွင် CDF – အရှိုတပ်ဖွဲ့သည် အာရက္ခတပ်တော် (ULA/AA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပါဝင် တိုက်ခိုက်နေကြောင်း သိရသည်။
မတ်လ ၂၅ ရက်ကလည်း ငဖဲမြို့၊ မန်းချောင်း ကြောင်နွားသိုးဆည်းအနီးတွင် ယာယီတပ်စွဲထားသော စစ်ကော်မရှင်တပ်ကို CDF အရှိုနှင့် လူ့ဘောင်သစ်တပ်မတော်တို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိကြောင်း သိရသည်။

