(006SV)
CNF ၊ KNU ၊ ABSDF စသော NCA လက်မှတ်ရေးထိုးထားသည့် EAOs အဖွဲ့များကို ဇူလိုင် ၃၁ ရက် မတိုင်မီ တွေ့ဆုံဆွေးနွေးရန် စစ်အာဏာရှင် မင်းအောင်လှိုင်၏ ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး (CNF) က ငြင်းပယ်လိုက်ပြီး SCEF ၏ ရပ်တည် ချက်အတိုင်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားမည်ဟု သိရသည်။
“NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်) က အစ, ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေ လုပ်ဆောင်မှု မှန်သမျှ ကန်ကွက်ငြင်းပယ်တယ်၊၊ SCEF ရဲ့ နိုင်ငံရေး ရပ်တည်ချက် အတိုင်းပဲ ဆက်လက် လုပ်သွားမှာပါ၊ ရပ်တည်သွားမှာပါ” ဟု ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
ဧပြီလ ၂၀ ရက်က အာဏာသိမ်းစစ်အစိုးရသစ်၏ ပထမဆုံးအစိုးရအစည်းအဝေးနှင့် ရက် ၁၀၀ စီမံကိန်းများနှင့် ပတ်သက်၍ မူဝါဒ များ ပြောကြားရာတွင် စစ်အာဏာရှင် မင်းအောင်လှိုင်က NCA ရေးထိုးထားသော EAOs အဖွဲ့နှင့် ရေးမထိုး ရသေးသည့် EAOs အဖွဲ့များ အားလုံးကို ယခုနှစ် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထား၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြောခြင်း ဖြစ်သည်။
“လက်မှတ်ရေးထိုးထားပြီးတော့မှ ဒီငါးနှစ်အတွင်းမှာ တွေ့ဆုံခြင်း မပြုတဲ့ အဖွဲ့တွေ ရှိတယ်။ ဥပမာအားဖြင့် – KNU ၊ CNF ၊ ABSDF တို့ အဖွဲ့တွေကို ကျနော်တို့ ဖိတ်ခေါ်ပါတယ်။ ဘာလုပ်ချင်လဲ ဆွေးနွေးဖို့အတွက် ကျနော်တို့ EAO တွေကို ဖိတ်ခေါ်ပါတယ်။ နောက်လက်မှတ် ရေးထိုးထားပြီးတော့မှ သဘောတူညီချက် ယူထားတာတွေ ရှိတယ်။ ဥပမားအားဖြင့် ၄၃ ချက် သဘောတူထားချက်တာ ရှိတယ်၊၊ NCA လက်မှတ်ရေးထိုးပြီးတော့မှ ဆွေးနွေးခဲ့တဲ့အထဲမှာ Union Accord ရထားတဲ့ သဘောတူညီချက်တွေ ရှိတယ်။ အဲဒါကိုလည်း လာမယ့် ပြည်ထောင်စု လွတ်တော်တွေမှာ တင်ပြပြီး အပိုင်းလိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု စစ်အစိုးရသစ် ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့က အစည်းအဝေးမှာ ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကိုလည်း ရက်ပေါင်း ၁၀၀ အတွင်း တွေ့ဆုံဆွေးနွေးခြင်းနှင့် ငြိမ်းချမ်းရေးအတွက် အလင်းဝင်ရန် ဖိတ်ခေါ်ကြောင်း စစ်အစိုးရ ခေါင်းဆောင်က ပြောသည်။
ချင်းအမျိုးသားတပ်ဦး (CNF/ CNA) သည် NUG ၊ KIO ၊ KNU၊ ကရင်နီ အင်အားစုများနှင့် ပူးပေါင်း၍ ဖွဲ့စည်းတည်ထောင်းထားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ မူဝါဒ ရပ်တည်ချက်အတိုင်း ဆက်လက် ရပ်တည် မည်ဟု ဆိုသည်။
SCEF ၏ နိုင်ငံရေးရပ်တည်ချက်များမှာ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝ ထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှ တိုက်ဖျက်ရန်၊ သက်ဆိုင်သူအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အသစ်အား တည်ဆောက်ရန်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန်တို့ကို ဖော်ဆောင်ရန်တို့ဖြစ်သည်။

