အမေရိကန်အခြေစိုက် မြန်မာနိုင်ငံသုတေသနအဖွဲ့ (Burma Research Institute – BRI) ၏ ဦးဆောင်မှုဖြင့် (၇) ကြိမ်မြောက် မြန်မာ့အရေးရှင်းလင်းတင်ပြသည့် ကွန်ဂရက်လွှတ်တော်ဆွေးနွေးပွဲကို ဧပြီလ ၁၅ ရက်နေ့က ကျင်းပခဲ့ကြသည်ဟု သိရသည်။
“ဟန်ပြရွေးကောက်ပွဲများအလွန် အမေရိကန်၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ အထက် လွှတ်တော်ရုံး Dirksen Senate Office Building မှာ လူကိုယ်တိုင်ရော အွန်လိုင်းမှပါ တက်ရောက်နိုင်သည့် စနစ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါမြန်မာ့အရေးဆွေနွေးပွဲတွင် အမေရိကန်အထက်လွှတ်တော်အမတ် Chris Van Hollen၊ အောက်လွှတ်တော်အမတ် Bill Huizenga တို့တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကရင်နီပြည်ကြားဖြတ်အုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူဦးရယ်၊ ပြည်ထောင် စုလွှတ်တော်ကိုယ်စားပြု ကော်မတီ-CRPH ကိုယ်စား အဖွဲ့ဝင် ဒေါ် ဖြူ ဖြူသင်းတို့ကလည်း ဗီဒီယိုမှတဆင့် မိန့်ခွန်းအမှာစကား ပြောကြားခဲ့ကြ ပြီး BRI ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Pu Zo Tum Hmung က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့သည်။
ထို့အပြင် အဆိုပါဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ၏ အကြံပေးပုဂ္ဂိုလ် ဦးကျော် ဇော်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နိုင်ငံခြားရေးဌာန တာဝန်ခံနှင့် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၊ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦး၊ အမျိုးသမီးအရေး လှုပ်ရှားသူ Gender Equality Network အမှုဆောင်ဒါရိုက်တာ မေစံပယ်ဖြူ နှင့် ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင် (BROUK ဥက္ကဋ္ဌ)တို့ကလည်း လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်ဟု သိရသည်။

