ဒေသခံများ နေ့စဉ်ရေရရှိရေး အခက်တွေ့နေ
(004SS)
ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်ရှိ ဒေသခံပြည်သူများ အဓိကသောက်သုံးရေရရှိရာ Sialtang ရေလိုင်းမှာ သင်္ကြန် ကာလအတွင်း လုံးဝဖြတ်တောက်ခံထားရသဖြင့် ဒေသခံပြည်သူများ နေ့စဉ်ရေရရှိရေး အခက်တွေ့နေရကြောင်း သိရသည်။
တီးတိန်မြို့အတွက် အဓိကသောက်သုံးရေရရှိသည့် အဆိုပါရေလိုင်းသည် ယခင်က တစ်ရက်ခြားလျှင် ၁၅ မိနစ်မှ ၃၀ မိနစ်ခန့်အထိ ပုံမှန်ရရှိခဲ့သော်လည်း ယခု သင်္ကြန်ကာလအတွင်း အကြောင်းပြချက်မရှိဘဲ လုံးဝရပ်ဆိုင်းသွားခဲ့ခြင်း ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အခုသင်္ကြန်ပွဲ လုပ်တာနဲ့ မနေ့တနေ့ကစပြီးရေက လုံးဝမလာတော့တာ။ အရင် ရေရတုန်းကတောင်မှ တီးတိန်မှာ သောက်သုံးရေ မလောက်တဲ့ဟာ။ ချောင်းမှာ သွားခပ်တဲ့သူရော။ ရေတွင်းရှိရင် မီးလာတာနဲ့တိုးရင် ရေတင်လိုက် မီးမ လာရင် မီးစက်နှိုးပြီး တင်လိုက်နဲ့ အတော်လေး ဒုက္ခရောက်နေကြတယ်။ သိတဲ့အတိုင်း မီးစက်နှိုးဖို့ ဓါတ်ဆီစျေးကလဲ ထောင်တက်ဆိုတော့၊ လူဦးရေများတဲ့မိသားစုဆို မလွယ်တော့ဘူး။ သူတို့သင်္ကြန်ပွဲလုပ်တဲ့နေရာမှာကျတော့ ကြိုက်သလို ဖြုန်း၊ မြို့ထဲမှာကျတော့ ကုန်စျေးနှုန်း ဒုက္ခ၊ ရေဒုက္ခနဲ့ ပြည်သူဘဝကတော့ အရမ်းခက်တော့တာပဲဗျာ။” ဟု ဒေသခံအမျိုး သားတစ်ဦးက ပြောသည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများမှာလည်း အဆမတန် မြင့်တက်နေပြီး ဓါတ်ဆီ တစ်ဂါလံကို ယခင်က ကျပ်၂၈၀၀၀ မှ ၄၁၀၀၀ အထိပေးဆောင်ကာ ဝယ်ယူနေရကြောင်း သိရသည်။
ထိုသို့ ဆီစျေး အဆမတန်မြင့်တက်မှုကြောင့် နေ့စဉ် သောက်သုံးရေရရှိရေးအတွက် မီးစက်နိုးကာ ရေတွင်းများမှ ရေတင် သုံးစွဲရန်ပင် အခြေခံပြည်သူများအတွက် အခက်အခဲရင်ဆိုင်နေရခြင်း ဖြစ်ပြီး ချောင်းရေခပ်အသုံးပြုနေရကြောင်း သိရသည်။
မြို့ပေါ်တွင် သောက်သုံးရေ ပြတ်တောက်နေသော်လည်း သင်္ကြန်ပွဲတော် ကျင်းပသည့် နေရာတွင်မူ ရေကို စိတ်ကြိုက် သုံးဖြုန်းနေကြခြင်းအပေါ် ဒေသခံများက ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိသည်။
“သူတို့ရေသုံးချင်ရင် ၂၆၉ တပ်ကုန်းကနေ သယ်လို့ရတာပဲ။ အခုက ပြည်သူ့သောက်ရေကို ဖြတ်ပစ်တာ။ ပွဲလုပ်တဲ့နေရာမှာ ကြိုက်သလို သုံးပစ်တာတွေ့တော့ စိတ်တိုစရာပဲ” ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
တီးတိန်မြို့သည် နှစ်စဉ် ရေရှားပါးမှုဒဏ်ကို ခံစားနေရသော မြို့တစ်မြို့ဖြစ်ပြီး ယခုကဲ့သို့ ပွဲလမ်းသဘင်များအတွက် အခြေခံပြည်သူများ၏ သောက်သုံးရေလိုင်းကို ဖြတ်တောက်ခြင်းမှာ ပြည်သူ့ဘဝကို ပိုမိုကျပ်တည်းစေကြောင်း ဝေဖန်မှုများရှိနေပါသည်။
၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စစ်ကော်မရှင်က ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် တီးတိန်မြို့ပေါ်တွင် ကျင်းပခဲ့ကြပြီး ဟားခါးမြို့ပေါ်တွင် ပြည်နယ်အစိုးရရုံးဝန်းကျဉ်းကျဉ်းလေးတွင်သာ အကျဉ်းချုံး ကျင်းပနိုင်ခဲ့သည်။
ဟားခါးမြို့ ဒေသခံများပြောပြချက်အရ ဟားခါးတွင် သင်္ကြန်ပွဲ ကျင်းပခြင်းရှိမရှိပင် ဒေသခံများမသိကြောင်း ကြားသိရသည်။
သို့သော် ယခင်က စည်စည်ကားကားကျင်းပခြင်းမရှိခဲ့ဖူးသော တီးတိန်မြို့ပေါ်တွင်မူ အမှတ် -၁ အခြေခံ အထက်တန်း ကျောင်းတွင် စည်ကားသိုက်မြိတ်စွာ ကျင်းပနေကြောင်း သိရသည်။

