မီးစ,တဖက်၊ ရေမှုတ်တဖက်နှင့် ငြိမ်းချမ်းရေး တာ ထွက်သူ

0

(A.P Smith) ၂၀၁၂ ခုနှစ်၊ ဧပြီ (၅) ရက်နေ့၊ ရခိုင်ပြည်နယ် အစိုးရနှင့် ရခိုင် လွတ်မြောက်ရေးပါတီ (ALP) တို့အကြား ချုပ်ဆို သော အပစ်အခတ်ရပ်စဲရေး အပါအ၀င် ပြည်နယ်အဆင့် သဘောတူညီ ချက် (၅) ချက်အနက် အချက်နံပါတ်(၂) တွင် “၂ဦး ၂ဖက် အပြန်အလှန်ပြောဆိုဆက်ဆံဆွေးနွေး ပွဲများ ပြု လုပ်နိုင်ရန် ၂ဖက်သဘော တူညီကြသော အောက် ဖော်ပြပါနေရာများတွင် ရခိုင် လွတ်မြောက်ရေး ပါတီက ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်၊ ၁။ ပလက်ဝ ၂။ ကျောက်တော်၊” ဟူ၍ပါရှိသည်။

ဤအချက်ကို ကြားသိသည့် ပြည်တွင်းပြည်ပရှိ ချင်းပြည်သူများအနေဖြင့် ရခိုင်က ချင်းကို စော် ကားခြင်း သက်သက်ဖြစ် သည်ဟု မခံမရပ်နိုင်ဖြစ်ကြကြောင်း အင်တာနက် စာမျက်နှာများ တွင် ဖော်ထုတ် ရေးသားကြသည်။ ထို့ကြောင့် သမိုင်းအဖြစ် မှန်သိရှိနိုင်ရန်အတွက် ခူမီး မျိုးနွယ်စု ၀င်သမိုင်းပြုစုရေး ကော်မီတီမှ သက္ကရာဇ် ၂၀၀၀ ခုနှစ်တွင် ထုတ်ဝေသည့် “ခူမီးမျိုးနွယ် စုဝင်သ မိုင်း” စာအုပ်ပါ အချက် အလက်များနှင့် မြန်မာ့သမိုင်းပါ အချက်အလက်များကို ကိုးကားပြီး ဤဆောင်းပါးတိုလေးကို ပြုစုရေး သားရခြင်း  ဖြစ် သည်။

ရခိုင့်သမိုင်းနှင့်မြန်မာ့သမိုင်း၌ အေဒီ ၁၇၈၄ ခုနှစ်တွင် ဘိုးဘော်ဘုရားက ရခိုင်ပြည်ကိုသိမ်း ပိုက်ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ရခိုင့်တော်လှန်ရေးသည် နှစ်ပေါင်း ၂၀၀ ကျော်နေ ပြီဖြစ်ကြောင်း ပြော ဆိုကြခြင်းဖြစ်သည်။ မှန်လှပါသည်။ ဘိုးတော်ဘုရားက ရခိုင်ပြည်ကို သိမ်းပိုက်စဉ်ကတည်းက ရခိုင်ပြည် သည် ဗမာမင်းလက်အောက်သို့ ကျရောက်ပြီးဖြစ်သည်။ သို့တည်းမကပါ။ ထိုခေတ် ရခိုင်ပြည်မြို့တော် ဓည၀တီရှိ မဟာမြတ်မုနိဘုရားကိုလည်း အာမရပူရ (မန္တလေး) သို့ ဗမာဘုရင့် တပ်များက သယ် ဆောင်သွားခဲ့ကြသည်ကို သမိုင်းတွင် တွေ့ရသည်။ သို့သော် ရခိုင်ကို သိမ်းပိုက်ခဲ့စဉ်က ပလက်ဝမြို့ကိုပါ သိမ်းပိုက်ကြောင်း သမိုင်းထောက် အထား တွင် မတွေ့ရှိရပါ။ ခူမီးနှင့်ရခိုင်သည် ဘာသာစကားနှင့် ယဉ်ကျေးမှုအရ လုံးဝဆက် စပ်မှုမရှိသော် လည်း နယ်မြေချင်း တဆက်တစပ် တည်းရှိ သော သီးခြားလူမျိုး များဖြစ်ကြသည်။

ပထမအင်္ဂလိပ်- မြန်မာ စစ်ပွဲအပြီး ၁၈၂၆ခုနှစ်တွင် ချုပ်ဆိုသော ရန္တာပိုစာချုပ်အရ အောက်မြန် မာနိုင်ငံကို လက်လွှတ်ခဲ့အပြီး အင်္ဂလိပ်နယ်ချဲ့ အစိုးရ က ပလက်ဝနယ်ကို စစ်တွေခရိုင် အုပ်ချုပ်ရေးနယ်ထဲ ထားရှိခဲ့ကြောင်းကို သမိုင်းတွင် တွေ့ရသည်။ ဤသည်မှာ လွတ်လပ်ရေး မရမီ ချင်းပြည်အတွင်းရှိ မင်းတပ် (ကန်ပက်လက်) နယ်ကို ပခုက္ကူခရိုင်အုပ်ချုပ်ရေးနယ်တွင် ထားသ ကဲ့သို့ လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုကြောင့် ပလက်ဝနယ်ကို ရခိုင်အုပ်ချုပ်ရေးနယ်၏ တစိတ် တ ဒေသအဖြစ် ထားခဲ့ခြင်းသာ လျှင်ဖြစ် သည်။ ရခိုင်က ၄င်း၏ အုပ်ချုပ်ရေးနယ်မြေအတွင်း သွတ်သွင်းခဲ့ခြင်း မဟုတ်သလို ပလက်ဝနယ်ရှိ ခူမီးလူမျိုးများ၏ ဆန္ဒအရ ရခိုင် အုပ်ချုပ်ရေးအောက်သို့ ထည့်သွင်းခြင်းမျိုး လည်းမဟုတ် ပါ။ စစ်အောင်နိုင်သည့် နယ်ချဲ့ အင်္ဂလိပ်၏ လုပ်ရပ်သာ လျှင်ဖြစ်သည်။ ဆက်လက်၍ ၁၈၆၅-  ခုနှစ်တွင် နယ်ချဲ့အင်္ဂလိပ်က ပလက်ဝနယ်ကို စစ်တွေခရိုင်မှ ခွဲထုတ်၍ ရခိုင်တောင် တန်းစီရင်စုဟု အမည်ပေးကာ အုပ်ချုပ်ရေး မှူး (superintendant)  အုပ်ချုပ်ရေးနယ် မြေအဖြစ် သတ်မှတ်ခဲ့ပြီး အုပ်ချုပ် ရေးမှူးရုံးကို လည်း စစ်တွေမှ မျောက်တော်ကျေးရွာသို့ ပြောင်းရွှေ့ပြီး ထိုမှတဆင့် ပလက်ဝနယ်ကို အုပ်ချုပ်ခဲ့ သည်။

နယ်ချဲ့အင်္ဂလိပ်တို့သည် ၁၈၇၄ ခုနှစ်တွင် ရခိုင်တောင်တန်းတရားမဥပဒေ (Arakan Hills Civil Justice Regulation 1874 – နောင်တွင် ၁၉၁၆- ရခိုင်တောင်တန်းနည်းဥပဒေ Arakan Hills Regulation 1916 ဟု ပြဌာန်းခဲ့) ကို ပြဌာန်းသည်။ အင်္ဂလိပ်တို့သည် ရခိုင်ဒေသ ကို ခြေကုတ် ယူ၍ အခြားသော မြန်မာပြည် ကို ဖြည်းဖြည်းချင်း နယ်ချဲ့လာခဲ့သည်။ ခူမီးမျိုးနွယ် ၀င်များနေထိုင် သည့် ပလက်ဝနယ်ကို ၁၈၇၆ ခုနှစ်တွင်သာ အင်္ဂလိပ်က စတင်သိမ်းပိုက်နိုင်ခဲ့ကြောင်း ခူမီး မျိုးနွယ် စု ၀င်သမိုင်း စာအုပ် စာမျက်နှာ (၁၆၅) တွင် ဖော်ပြထားသည်။ ထို့ကြောင့် နယ်ချဲ့အင်္ဂလိပ်က ရခိုင်နှင့်တနသာင်္ရီကို သိမ်းပိုက်စဉ် က ပလက်ဝ သည် အသိမ်းပိုက်ခံနယ်မြေထဲ မပါဝင်ခဲ့ခြင်းသည် ရခိုင်ပြည်အတွင်း ပလက်ဝနယ် မတည်ရှိခဲ့ ကြောင်း ပြသသည့် အချက် တချက်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

နယ်ချဲ့အင်္ဂလိပ်က ပလက်ဝနယ်ကိုသိမ်းပိုက်ပြီးနောက် ၄င်းတို့၏ အုပ်ချုပ်ရေးယန္တယား ခိုင် မာ စေရေးအ တွက် တမြို့နယ် လုံးတွင် တိုက်သူကြီးပိုင်နယ် (၁၈)ခု ဖွဲ့စည်းကာ ဆယ်အိမ်ခေါင်း (၃၀၀) ထား၍ စီမံအုပ်ချုပ် ခဲ့ကြောင်းနှင့် ၁၈၇၈ ခုနှစ်တွင် ခူမီးမျိုးနွယ်ခေါင်းဆောင်အကြီးအကဲ (The Chief of Khumi) အဖြစ် တောင်မင်း လဟာက် (ရိုက်ခီစို) အားရွေး ချယ်ခန့်ထား ခဲ့ပြီး ခေါင်းဆောင်အကြီးအကဲ တင်မြောက်ပွဲ အခမ်းအနားကိုလည်း ကီမို (ခေါ်) ကျောက် ပန်း တောင်ပေါ်တွင် ကျင်းပခဲ့သည် ဟု ခူမီးမျိုးနွယ်စု ၀င်သမိုင်းစာအုပ်တွင် တွေ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ကာလများ တွင် ပလက်ဝဒေ သသည် ခူမီး မျိုးနွယ်စု တိုက်သူကြီး၊ တောင်သူကြီးများက အုပ်ချုပ်ခဲ့သော ဒေသဖြစ် ကြောင်း သိရှိနိုင်သည်။ ဒီထက်ပို အ ရေးကြီးသည်မှာ ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်ထဲတွင် ရှိခဲ့၊ မရှိခဲ့ ဆိုသည့် အချက်ပင်ဖြစ် သည်။

၁၉၄၇ ခုနှစ်၊ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲတွင် ပလက်ဝနယ်မှ ဦးထပ်လှိုင် (ခူမီးအမျိုး သား) အား ရွေးချယ်တင် မြောက်ခဲ့ကြသည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပလက်ဝနယ် မှ ပြည်သူ့လွှတ် တော် (၁) နေရာနှင့် အမျိုးသားလွှတ် တော် (၁) နေရာ စုစုပေါင်း အမတ် နေရာ (၂) နေရာ ရရှိခဲ့ကြ သည်။ ၁၉၄၇ ခုနှစ် တွင် လွတ်လပ်သည့် ပြည်ထောင်စု ကိုယ်စားလှယ်များက ချုပ်ဆိုသော သမိုင်းဝင် ပင်လုံစာချုပ်အရ မြန်မာနိုင်ငံကို လွတ်လပ်ရေး မပေးလျှင် မဖြစ်တော့ သည့် အခြေအနေသို့ရောက် လာသည့်အခါ ရန်ကုန်ရှိ အမျိုးသားစုံစမ်းရေးကော်မီတီက ပလက်ဝ မြို့ကို မည်သည့် ပြည်နယ်တွင် ထားရှိမည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန် ပလက်ဝ နယ်ခံသား ကိုယ်စားလှယ်များအား ဖိတ်ခေါ်ခဲ့ သည်။ ဦးထပ်လှိုင် အပါအ၀င် ဒေသကိုယ်စားလှယ် (၁၀) ဦး ရန်ကုန်သို့သွား ခဲ့ကြသည်။ ရန်ကုန်ရှိ စုံစမ်းရေးကော်မီရှင်မှ ဗြိတိသျှလူမျိုး ရိစ်ဝီလျံနှင့် တွေ့ ဆုံခဲ့ကြပြီး၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိလျှင် ပလက်ဝမြို့နယ်အား ဒေသခံပြည်သူများ၏ ဆန္ဒအတိုင်း ရခိုင်ပြည်အုပ်ချုပ်ရေးနယ်မှ ခွဲထုတ်၍ ချင်း တောင်အုပ်ချုပ်ရေးနယ်ထဲ ပူးပေါင်းစေ ရန် တင်ပြခဲ့ကြသည်။ ဤသို့ဖြင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၉)၊ အပိုဒ် (၅)၊ ပုဒ်မ (၁၉၆) အရ ပလက်ဝနယ် (ခူမီးဒေသ) အား ရခိုင်တိုင်းမှ ခွဲထုတ်၍ ချင်းဝိဒေသတိုင်းသို့ ထည့်သွင်းဖွဲ့စည်းခဲ့သည်။  ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၂ ရက်အထိ ကျင်းပသည့် ဖလမ်းညီ လာခံတွင် ဦးထပ်လှိုင်ဦးဆောင်သည့် ပလက်ဝနယ်ခံသားများ ကိုယ်စားလှယ် အယောက် (၃၀) သည် ပလက်ဝနယ် ကိုယ်စားပြု ကိုယ်စားလှယ်များအဖြစ် တက်တက်ကြွကြွ တက်ရောက်ခဲ့ကြသည်။ အကယ်၍ ပလက်ဝမြို့နယ် သည် ရခိုင်ပြည်နယ်တွင် ပါဝင်ခဲ့ပြီးဖြစ်ပါက အမျိုးသားစုံစမ်းရေးကော်မီတီမှ မည်သည့်တိုင်း သို့မဟုတ် ပြည်နယ်တွင် ပါဝင်လို ကြောင်း တကူးတက မေးမြန်း နေစရာ လိုမည်မဟုတ်ပါ။ ဤအချက်က ပလက်ဝဒေသသည် အင်္ဂလိပ် ကိုလိုနီလက် အောက် မကျ ရောက်မီ မည်သည့် တိုင်းတပါးသားလက်အောက်တွင်မျှ မကျရောက် ခဲ့မှု၊ ကိုယ့်ကြမ္မာ ကိုယ်ဆုံး ဖြတ်ပိုင်ခွင့်ရှိမှု၊ ကိုယ့်အုပ်ချုပ်ရေးနှင့်ကိုယ် ရပ်တည်ခဲ့မှုကို အတိအ လင်းပြသလျှက်ရှိသည်။

၁၉၄၈ခုနှစ်၊ ပင်လုံစာချုပ်အရပြည်ထောင်စုမြန်မာနိုင်ငံဟူ၍ပေါ်ပေါက်လာခြင်းမရှိမီ၊ ယနေ့အခေါ် အဝေါ် တိုင်းနှင့်ပြည်နယ် သည်လည်း မရှိခဲ့ဖူးပါ။ ပြည်မနှင့်တောင်တန်းဒေသ ဟူသောအသုံး အနှုန်းများသာရှိခဲ့သည်၊ လွတ်လပ်ရေးအကြိုကာလနှင့် လွတ်လပ် ရေးအစပိုင်းကာလတွင် ချင်း၊ ရှမ်း၊ ကချင်နှင့်မြန်မာလူမျိုး များတွင် သာ လွတ်လပ်မှုကိုယ်စီရှိကြသည်။ အထက် တွင် ဖော်ပြပြီး သည့်အတိုင်း ရခိုင်သည် လွတ်လပ် ရေးမတိုင်မီ နှစ်ပေါင်း ၁၆၄ နှစ်လုံးလုံး ဗမာလက်အောက်၊ ထိုမှတဆင့် နယ်ချဲ့အင်္ဂလိပ်တို့၏ လက် အောက်သို့ ကျရောက်ခဲ့ပြီးဖြစ်သည်။

နယ်ချဲ့မ၀င်ခင်ကာလများအထိ နယ်မြေတခုကို လူမျိုးတ မျိုးစီက ပိုင်ဆိုင်ကြသည်။ ရခိုင်လူမျိုး များက ရခိုင်ပြည် (နိုင်ငံ) ကို ပိုင်ဆိုင်ခဲ့ကြသည်။ ဗမာ သို့မဟုတ် ကုလားနှင့်ပူး တွဲပိုင်ဆိုင်သော နယ်မြေဟူ၍ မရှိခဲ့ပါ၊ ထိုနည်းတူ ချင်းပြည် (ချင်းနိုင်ငံ) ကိုလည်း ချင်းလူမျိုးက ပိုင်ဆိုင်သည်။

ခူမီးလူမျိုးများသည် ရခိုင်ဘာသာစကားနှင့် လုံးဝမဟပ်စပ်သည့် ဘာသာစကားကို သုံးသော ချင်းမျိုးနွယ်စုဝင် များဖြစ်ကြ သည်၊၊ စာအရေးအသားတွင်လည်း အခြားချင်း မျိုးနွယ်စုများ နည်း တူ ရောမအက္ခရာ စကားလုံးများနှင့်ကိန်း ဂဏန်းများကို အသုံးပြုသည်။ ရခိုင်စာ၊ အက္ခရာဖြင့် ခူမီးဘာသာ စကားကို ရေးသား၍ မရပါ။  ထို့ကြောင့် အဖက်ဖက်မှ ကြည့်လေလေ ရခိုင်နှင့် ဝေးလေလေ သာဖြစ် သည်။ ပလက်ဝနယ်ကို ပိုင်ဆိုင်သည့် ခူမီးမျိုးနွယ်ဝင်များ၏ သမိုင်းအရ နယ်ချဲ့အင်္ဂလိပ် ကိုလိုနီနှင့် ဖက်ဆစ်ဂျပန်ကို ခုခံတိုက်ခိုက်ခဲ့မှုများသမိုင်း၊ ပလက်ဝ မြို့နယ် အင်္ဂလိပ်လက် အောက်ကျ ရောက်ခဲ့ပုံ သမိုင်း၊ ဦးထပ်လှိုင်နှင့်ဒေသ ခံကိုယ်စား လှယ် (၁၀) ဦးက ရန်ကုန်ရှိ စုံစမ်းစစ်ဆေး ရေး ကော်မီရှင်ကို သွားရောက်တွေ့ဆုံစဉ် ပလက်ဝ နယ်ကို ချင်းတောင်အုပ်ချုပ်ရေးနယ်ထဲ ထည့်ရန် လွတ်လပ်စွာ တင်ပြနိုင်ခဲ့ကြသည့် အခွင့်အရေးရှိခဲ့မှု သမိုင်း… စသည်တို့ သည် ပလက်ဝမြို့ နယ်၏ လွတ်လပ်စွာ ရပ်တည်မှုကို ပြသသည့် သမိုင်း အ ထောက်အ ထားများ ဖြစ်သည်။

ဤသို့ဆိုလျှင် အဘယ်ကြောင့် ရခိုင်အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေ သည့် အေအဲလ်ပီ က ၄င်း၏ ဆက်ဆံ ရေးရုံးကို ကိုယ့်နယ်မြေမဟုတ်သည့် ပလက်ဝတွင် ဖွင့်လှစ်လိုပါသနည်း။ အေအဲလ်ပီအနေဖြင့် ချင်းပြည်နယ် အစိုးရ လက်အောက်တွင် နေလိုသော ဆန္ဒကြောင့်လား။ နောက် ကွယ်တွင် ဘာရည်ရွယ်ချက်နှင့် အကြံအစည်များရှိပါ သနည်း။

မီးစ, တဖက်၊ ရေမှုတ်တဖက်နှင့်မူ ထာဝရတည်တံ့သည့် ငြိမ်းချမ်းရေးကို မည်သည့်အခါတွင်မျှ တည်ဆောက်နိုင်မည် မဟုတ်ပါကြောင်း…….။

Share.

About Author

Comments are closed.