(Guns Under Law: Legitimacy, Resistance Governance, and Nation-Building)
ရေး- Salai Van Lian Thang
• ယခုတလော ချင်းတော်လှန်ရေးနယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ စိတ်မကောင်းစရာ အခြေအနေမျိုးကို လူတစ်ဦးချင်းစီ သို့မဟုတ် အဖွဲ့အစည်းတစ်ခုတည်းရဲ့ ပြဿနာသက်သက်အဖြစ် လွယ်လွယ်မမြင် သင့်ပါဘူး။ ဒါဟာ လက်ရှိ ချင်းပြည်တွင်းမှာ ကြီးမားနေတဲ့ လုံခြုံရေးဟာကွက် (Security Gap)၊ အုပ်ချုပ်ရေးဟာကွက် (Governance Gap) နဲ့ ဥပဒေရေးရာဟာကွက် (Legal Gap) တွေကို မီးမောင်းထိုး ပြနေတဲ့ နိုင်ငံရေးသင်ခန်းစာ တစ်ရပ်ပဲ ဖြစ်ပါတယ်။
• ဒီအခြေအနေကနေ အခြေခံမေးခွန်းတွေကို ကျွန်တော်တို့ ပြန်မေးရပါမယ်။ ဘာကြောင့် ခုခံတော်လှန် ရေး စတင်ခဲ့တာလဲ? ဘာကြောင့် တော်လှန်ရေးအုပ်ချုပ်မှု (Resistance Governance) လိုအပ်တာလဲ? ဘာကြောင့် သေနတ်ကို ဥပဒေအောက်မှာ ထားရမှာလဲ? ဘာကြောင့် တရားစီရင်ရေးမရှိတဲ့ တော်လှန်ရေး ဟာ အမျိုးသားတည်ဆောက်ရေး (Nation-building) မဖြစ်နိုင်တာလဲ?
• တော်လှန်ရေးဆိုတာ အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ရုံနဲ့ မပြီးပါဘူး။ အာဏာရှင်စနစ်ထက် ပိုမိုမြင့်မားတဲ့ နိုင်ငံရေးယဉ်ကျေးမှု၊ ဥပဒေစိုးမိုးမှု၊ တာဝန်ခံမှုနဲ့ ပြည်သူ့ကာကွယ်ရေးကို တည်ဆောက် နိုင်မှသာ Nation-building စတင်နိုင်မှာ ဖြစ်ပါတယ်။
◈ ၁။ ယနေ့ ချင်းပြည်ဟာ ဘယ်လို နိုင်ငံရေးနယ်ပယ် (Political Space) ထဲ ရောက်နေတာလဲ?
• ယနေ့ ချင်းပြည်ဟာ ပုံမှန်အုပ်ချုပ်ရေးစနစ် တစ်ခုတည်းက ထိန်းချုပ်နေတဲ့ နယ်မြေ မဟုတ်တော့ဘဲ အာဏာစက်များ ပြိုင်ဆိုင်နေသော နိုင်ငံရေးနယ်ပယ် (Contested Political Space) တစ်ခုထဲ ရောက်နေပါတယ်။
• နိုင်ငံရေးသိပ္ပံ ဝေါဟာရနဲ့ ပြောရရင် ယနေ့ ချင်းပြည်ဟာ လက်တွေ့အုပ်ချုပ်နေသော နယ်မြေ (De facto state / State-in-fact) ၊ အာဏာစက် ပြိုင်ဆိုင်နေတဲ့ဇုန် (Contested Territory) ၊ နိုင်ငံအသွင် ကူးပြောင်းဆဲ နယ်မြေ (Unrecognised Proto-state) ၊ နိုင်ငံအင်္ဂါရပ် တစ်စိတ်တစ်ပိုင်းသာရှိသော နယ်မြေ (Quasi-state / Semi-state)၊ နိုင်ငံကဲ့သို့ လည်ပတ်နေသော နယ်မြေ (Statelike Entity)၊ နိုင်ငံတစ်ခုအတွင်းမှ နိုင်ငံလို လည်ပတ်နေသော နယ်မြေ (States-within-state) ၊ အုပ်ချုပ်ရေးယန္တရား အပြည့်အဝ မသက်ရောက်သော နယ်မြေ (Areas of Limited Statehood) ၊ နိုင်ငံအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေဆဲ ကာလ (State-in-waiting)…. စတဲ့ အမည်အမျိုးမျိုးနဲ့ ဖော်ပြနိုင်ကြပါတယ်။
• ဆိုလိုတာက လက်ရှိ ချင်းပြည်ဟာ နိုင်ငံတကာရဲ့ ဥပဒေကြောင်းအရ တရားဝင်အသိအမှတ်ပြုမှု (De jure recognition) သာ မရသေးတာပါ။ မြေပြင်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ တရားစီရင် ရေးတွေကို ကိုယ်တိုင်တည်ဆောက်နေရတဲ့ “တော်လှန်ရေးကာလ အမျိုးသားတည်ဆောက်ရေး/ နိုင်ငံတည်ဆောက်မှုဖြစ်စဉ်” (Revolutionary state/nation-building period) ထဲကို ရောက်နေကြပြီ ဖြစ်ပါတယ်။
• ဒါကြောင့် ဒီလို အကူးအပြောင်းကာလမှာ သေနတ်ရှိရုံ၊ စစ်ရေးအင်အား (Military might) ရှိရုံနဲ့ လုံးဝ မလုံလောက်တော့ပါဘူး။ ထိရောက်တဲ့ အုပ်ချုပ်ရေးယန္တရား (Governance) လိုတယ်။ ဥပဒေစိုးမိုးရေး (Rule of law) လိုတယ်။ တရားစီရင်ရေး (Judiciary) လိုတယ်။ တာဝန်ခံမှု၊ တာဝန်ယူမှု (Accountability) လိုသလို၊ စည်းကမ်း (Discipline) လည်း လိုအပ်ပါတယ်။ အဓိက အကျဆုံးကတော့ ပြည်သူကို အလယ်ဗဟိုပြုထားတဲ့ အုပ်ချုပ်ရေးစနစ် (Citizen-centric governance) ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ လိုပါတယ်။
◈ ၂။ Why Resistance / Revolution? — ဘာကြောင့် ဒီ ခုခံတော်လှန်ရေးကို လုပ်ရတာလဲ?
• တော်လှန်ရေးဆိုတာ အာဏာလိုချင်လို့ လုပ်နေတာမဟုတ်ပါဘူး။ စစ်အာဏာရှင်က နိုင်ငံရေးရဲ့ အခြေခံအုတ်မြစ် တန်ဖိုး (၄) ရပ်ကို ဖျက်ဆီးပစ်လိုက်လို့ မလွှဲမရှောင်သာ ဖြစ်ပေါ်လာရတာပါ။
∎ ပထမ — စစ်တပ်က ပြည်သူ့အချုပ်အခြာအာဏာ (Popular Sovereignty) ကို ချိုးဖောက်ဖျက်ဆီးပစ် လိုက်လို့ပါ။
• နိုင်ငံရေးသိပ္ပံ သဘောတရားအရ အာဏာရဲ့ မူလရင်းမြစ်က စစ်တပ်မဟုတ်ဘူး၊ သေနတ်လည်း မဟုတ်ပါဘူး၊ အမှန်တကယ်တော့ ပြည်သူ့ဆန္ဒသာ ဖြစ်ပါတယ်။ စစ်တပ်က ပြည်သူ့ဆန္ဒမပါဘဲ အာဏာသိမ်းလိုက်တဲ့ဟာ ပြည်သူ့အာဏာကို လုယူလိုက်တာပါပဲ။ ဒဿနိကဗေဒပညာရှင် Rousseau (1762) ရဲ့ General Will (ပြည်သူ့စုစည်းဆန္ဒ) အယူအဆအရ ပြည်သူ့ဆန္ဒမပါတဲ့ အာဏာဟာ တရားဝင်မှု (Legitimacy) လုံးဝမရှိပါဘူး။ အဲဒီလို တရားမဝင် လုယူသွားတဲ့အတွက်ကြောင့် တော်လှန်ရေး ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။
∎ ဒုတိယ — စစ်တပ်က အရပ်သားအုပ်ချုပ်မှု အထွတ်အထိပ်ထားရေးစနစ် (Civilian Supremacy) ကို ဖျက်ဆီးပစ်လိုက်လို့ပါ။
• ပညာရှင် Huntington (1957) ရဲ့ “Civil-Military Relations” အယူအဆအရ အယူအဆအရ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိရပါမယ်။ စစ်တပ်ရဲ့တာဝန်ဟာ နိုင်ငံကို ကာကွယ်ဖို့ပဲ၊ နိုင်ငံကို အုပ်ချုပ်ဖို့ မဟုတ်ဘူး။ အခုတော့ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာလုလိုက်တဲ့အတွက်ကြောင့် ခုခံတော်လှန်ရေး ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။
∎ တတိယ — စစ်တပ်က ဖွဲ့စည်းပြီးအာဏာ (Constituted Power) ရဲ့ ဘောင်ကို ကျော်လွန် ဖျက်ဆီးပစ်လိုက်လို့ပါ။
• ပြင်သစ်တော်လှန်ရေးခေတ်က ပညာရှင် Sieyès (1789) ဖော်ပြခဲ့သလို ပြည်သူ့လူထုရဲ့ မူလအာဏာ ဟာ Constituent Power (ဖွဲ့စည်းပုံအခြေခံအာဏာ) ဖြစ်ပြီး၊ စစ်တပ်နဲ့ အစိုးရဆိုတာ ပြည်သူက ဖွဲ့စည်းပေးထားတဲ့ Constituted Power (ဖွဲ့စည်းပြီးအာဏာ) မျှသာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့မှာ အကန့်အသတ်၊ လိုက်နာရမယ့် ဥပဒေဘောင် ရှိတယ်။ မူလအာဏာပိုင် ပြည်သူ့ဆန္ဒအပေါ် ကျော်လွန်ခွင့် လုံး၀မရှိဘူး။ အခုတော့ ဖွဲ့စည်းပြီးအာဏာ (Constituted Power) မျှသာဖြစ်တဲ့ စစ်တပ်က မူလပြည်သူ့အာဏာကို ကျော်လွန်သိမ်းယူ လိုက်တဲ့အတွက်ကြောင့်၊ ပြည်သူ့ဘက်က မူလအာဏာ (Constituent Power) ကို ပြန်လည်ကျင့်သုံးပြီး တော်လှန်ရတာ ဖြစ်ပါတယ်။
∎ စတုတ္ထ — စစ်တပ်က လူမှုကတိကဝတ် (Social Contract) ကို ဖျက်ဆီးပစ်လိုက်လို့ပါ။
• ဒဿနိကဗေဒပညာရှင် John Locke (1689) ရဲ့ “Right of Revolution / Right to Resistance” အယူအဆအရ ပြည်သူလူထုက အစိုးရတစ်ရပ်ကို အာဏာလွှဲအပ်ပေးရတဲ့ တစ်ခုတည်း သော အကြောင်းရင်းကတော့ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ အသက်၊ လွတ်လပ်ခွင့်နဲ့ ပိုင်ဆိုင်မှု (Life, Liberty, and Property) ကို ကာကွယ်စောင့်ရှောက်ပေးဖို့ ဖြစ်ပါတယ်။ ပြည်သူကို သတ်ဖို့၊ ဖမ်းဖို့၊ ကြောက်လန့်အောင် လုပ်ဖို့ လုံးဝမဟုတ်ပါဘူး။ စစ်တပ်က ပြည်သူကို ကာကွယ်ရမယ့် အစား ရန်သူလို ဆက်ဆံတယ်၊ သတ်ဖြတ်တယ်၊ ဖမ်းဆီးတယ်၊ နှိပ်စက်ညှဉ်းပန်းတယ်တဲ့အခါ နိုင်ငံတော်နဲ့ ပြည်သူကြားက အပြန်အလှန်အခြေခံကတိကဝတ်ဖြစ်တဲ့ “လူမှုကတိကဝတ်” (Social Contract) လုံးဝ ပျက်စီးသွားခဲ့ပါပြီ။
• စစ်တပ်က လူမှုကတိကဝတ် ဖျက်ဆီးပစ်လိုက်တဲ့အတွက် စစ်အာဏာရှင်ရဲ့ အုပ်ချုပ်ပိုင်ခွင့် (Right to Rule) ပျက်သုဉ်းပြီး၊ ပြည်သူ့ဘက်မှာ မိမိကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ တရားမျှတမှု ပြန်လည်တည်ဆောက်ဖို့ ဂျွန်လော့ခ် ပြောခဲ့တဲ့ “ခုခံတော်လှန်ပိုင်ခွင့်” (Right to Resistance) ကို လက်တွေ့ ကျင့်သုံးလာကြ ရတာ ဖြစ်ပါတယ်။
◈ ၃။ Why Resistance Governance? — ဘာကြောင့် “တော်လှန်ရေးအုပ်ချုပ်ရေး” လိုအပ်သလဲ?
• နိုင်ငံရေးမှာ ဥပဒေနဲ့ညီခြင်း (Legality) နဲ့ ပြည်သူ့ယုံကြည်ထောက်ခံမှု/တရားဝင်မှုရှိခြင်း (Legitimacy) ဆိုပြီး နှစ်မျိုးရှိပါတယ်။ စစ်အာဏာရှင်တွေက “ဥပဒေအရ” လုပ်တယ်လို့ ဘယ်လောက်ပဲအော်အော်၊ ပြည်သူ့ဆန္ဒမပါဘဲ ဖိနှိပ်ဖို့ သက်သက်ရေးဆွဲထားတဲ့ ဥပဒေတွေဟာ ဥပဒေကြောင်းအရ Legality ရှိချင်ရှိမယ်၊ ပြည်သူ့ထောက်ခံမှုဖြစ်တဲ့ စစ်မှန်တဲ့ Legitimacy တော့ လုံးဝမရှိပါဘူး။
• အစိုးရတစ်ရပ်ဟာ အုပ်ချုပ်ခွင့်ရဖို့အတွက် အုပ်ချုပ်ပိုင်ခွင့် (Right to Rule) ရှိဖို့ လိုအပ်ပါတယ်။ အုပ်ချုပ်ပိုင်ခွင့်ဆိုတာ လက်နက်ရှိလို့၊ ပြည်သူကို ကြောက်ရွံ့အောင် လုပ်နိုင်လို့ ၊ အနိုင်ကျင့်နိုင်လို့ ရလာတာမျိုး မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ သဘောတူညီချက်၊ တာဝန်ခံမှုနဲ့ လူ့အခွင့်အရေး ကာကွယ်မှုတွေအပေါ်မှာ အခြေခံမှသာ ရရှိနိုင်တာပါ။
• အုပ်ချုပ်မှုတစ်ခုရဲ့ တရားဝင်မှု (Legitimacy) ဟာ သေနတ်က မလာဘူး။ Consent of the Governed (အုပ်ချုပ်ခံရသူများ၏ သဘောတူညီချက်) ကသာ လာတာပါ။ ဂျွန်လော့ခ် (John Locke) ကတည်းက လက်ခံခဲ့တဲ့ ဒီ အခြေခံမူကို အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်း (1776) မှာလည်း အစိုးရတစ်ရပ်ရဲ့ တရားဝင်မှုကို တိုင်းတာတဲ့ အဓိက ကျောရိုးတန်ဖိုးအဖြစ် အတိအလင်း ထည့်သွင်းကျင့်သုံးခဲ့တယ်။
• စစ်တပ်က ပြည်သူကို ကာကွယ်ရမယ့်အစား ပြန်သတ်ဖြတ်လာတဲ့ အချိန်မှာပဲ သူတို့ရဲ့ အုပ်ချုပ်ပိုင်ခွင့် (Right to Rule) ဟာ အလိုအလျောက် ပျက်သုဉ်းသွားခဲ့ပါတယ်။ အဲဒီနေရာမှာပဲ ပြည်သူ့ဘက်က ခုခံတော်လှန်ပိုင်ခွင့် (Right to Resistance) ဟာ တရားဝင် ပေါ်ပေါက်လာခဲ့ပါတယ်။ စစ်တပ်က ပြည်သူလူထု၏ သဘောတူညီချက်မရှိဘဲ အတင်းအဓမ္မအုပ်ချုပ်ရန် အင်အားသုံး ကြိုးပမ်းလာ တဲ့အတွက် ခုခံတော်လှန်ရေးက ပိုမိုပြင်းထန်လာခဲ့တာပါ။
• ဒါပေမယ့် အထူးသတိပြုရမှာက — ခုခံတော်လှန်ရေးဆိုတာ ဥပဒေမဲ့ လုပ်ပိုင်ခွင့် (Licence for lawlessness) မဟုတ်ပါဘူး။ တော်လှန်ရေးဆိုတာ ဆန့်ကျင်တိုက်ခိုက်ခြင်း သက်သက်လည်း မဟုတ်ပါဘူး။ မတရားတဲ့ ဥပဒေ၊ မတရားတဲ့အာဏာနဲ့ မတရားတဲ့ စနစ်ဟောင်းတွေကို အမြစ်ပြတ်ဖယ်ရှားပြီး တရားမျှတတဲ့ စနစ်သစ်နဲ့ အုပ်ချုပ်ရေးစနစ်သစ်တစ်ခုကို တည်ဆောက်ရမည့် လုပ်ငန်းစဉ်ကြီးတစ် (Process of institution building) ဖြစ်ပါတယ်။ ဒါကြောင့် “တော်လှန်ရေး အုပ်ချုပ်ရေးစနစ်” (Resistance Governance) ခိုင်ခိုင်မာမာ တည်ဆောက်ရန် လိုအပ်နေ တာဖြစ်ပါ တယ်။
∎ တော်လှန်ရေးအုပ်ချုပ်ရေးဆိုင်ရာ အဓိကပညာရှင်များ၏ အယူအဆများ
▻ Hans Kelsen (1945) ၏ “Revolutionary Breach of legal continuity” (တော်လှန်ရေး နည်းလမ်းဖြင့် ဥပဒေကြောင်းဆိုင်ရာ အဆက်မပြတ်မှုကို ဖြတ်တောက်ခြင်း) ဆိုတဲ့ အယူအဆကို ကြည့်ပါ။ Kelsen ရဲ့ ဥပဒေသိပ္ပံသီအိုရီအရ အောင်မြင်တဲ့ တော်လှန်ရေးတစ်ခုဟာ မြေပြင်ကို ထိရောက်စွာ အုပ်ချုပ်နိုင်လာရင် အဲဒီအောင်မြင်မှုကပဲ တရားမဝင်တော့တဲ့ ဥပဒေစနစ်ဟောင်းကို ပယ်ဖျက်၍ တရားဝင်တဲ့ “ဥပဒေစနစ်အသစ်”(New Legal Order) ၏ အခြေခံစံနှုန်း (Grundnorm) ကို အစားထိုး တည်ဆောက်ဖို့ အခြေခံအုတ်မြစ် ဖြစ်လာတယ်။ သမရိုးကျ လမ်းကြောင်းဟောင်းအတိုင်း ဥပဒေကို ပြင်နေတာမျိုး မဟုတ်ဘဲ၊ စနစ်ဟောင်းနဲ့ လုံးဝ အဆက်ဖြတ်ပြီး နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးစနစ်သစ်ကို ချက်ချင်း အစားထိုးပစ်ရမှာပါ။ ထို့ကြောင့် ယနေ့နွေဦးတော်လှန်ရေးဆိုတာ စစ်အာဏာသိမ်းမှုကိုတင် ဆန့်ကျင်တာမဟုတ်ဘူး၊ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် စနစ်တကျ ထုတ်လုပ်ပေးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ဟောင်းကိုပါ ဥပဒေကြောင်းအရ အကြွင်းမဲ့ ဖြတ်တောက် (Structural Discontinuity) ပြီး စနစ်သစ်တစ်ခုနဲ့ အစားထိုးဖို့ ကြိုးပမ်းနေတဲ့ ခုခံတော်လှန်းရေး ဖြစ်ပါတယ်။
▻ Lenin & Trotsky (1917) ၏ “Dual Power” (စင်ပြိုင်အာဏာ) အယူအဆကို ကြည့်ပါ။ ယင်း သီအိုရီအရ တော်လှန်ရေးကာလမှာ အာဏာဟောင်းနဲ့ အာဏာသစ် ဟာ ‘စင်ပြိုင်’ အနေအထားနဲ့ အပြိုင်အဆိုင် တည်ရှိနေတတ်ပြီး နောက်ဆုံးမှာ ပြည်သူလူထုရဲ့ တရားဝင်မှုရှိတဲ့ အာဏာသစ်က အုပ်ချုပ်ရေးယန္တရားဟောင်းကို အလုံးစုံ အစားထိုးပစ်လိုက်ခြင်းကို ဆိုလိုတာပါ။ ဒါကြောင့် စစ်အာဏာရှင်၏ အုပ်ချုပ်ရေးယန္တရားဟောင်းကို ဆန့်ကျင်ရုံနဲ့ မရပါဘူး။ အာဏာဟောင်းနဲ့အပြိုင် မိမိတို့ရဲ့ စင်ပြိုင်ယန္တရား (Parallel Governance System) ကို မြေပြင်မှာ ခိုင်ခိုင်မာမာ တည်ဆောက် ပြနိုင်ဖို့ လိုတယ်။ အာဏာရှင်ကို ဖြိုတ်ချတာဟာ စစ်ရေးအရ တိုက်ခိုက်တာတစ်ခုတည်းကို ပြောတာ မဟုတ်ပါဘူး။ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားကို မိမိတို့ ပြည်သူလူထုရဲ့ ‘အုပ်ချုပ်ရေးယန္တရားအသစ်’ (Alternative Institutional Infrastructure) နဲ့ မြေပြင်မှာ အစားထိုး ထိန်းချုပ်နိုင်မှသာလျှင် အာဏာရှင်စနစ်ကို တကယ် အမြစ်ပြတ် ဖယ်ရှားပြီး ဖြိုတ်ချနိုင်််မှာပါ။
▻ တော်လှန်ရေးဆိုင်ရာ ကမ္ဘာ့ထိပ်တန်း ပညာရှင်များဖြစ်တဲ့ Zachariah Mampilly ၏ “Rebel Rulers” နှင့် Ana Arjona တို့၏ “Rebelocracy” စာအုပ်တွေကိုလည်း ဖတ်ပါ။ ကမ္ဘာ့တော်လှန်ရေး သမိုင်းတွေကို လေ့လာကြည့်ရင် တော်လှန်ရေးအဖွဲ့အစည်းတွေဟာ နယ်မြေထိန်းချုပ် လာတာနဲ့အမျှ ပြည်သူကို အုပ်ချုပ်ခြင်း၊ စည်းမျဉ်းချမှတ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်းနဲ့ တရားစီရင်ခြင်း (Rebel Order & Local Governance) တွေကို မဖြစ်မနေ တာဝန်ယူ လုပ်ဆောင်ကြရပါတယ်။
▻ Reyko Huang ၏ “The Wartime Origins of Democratization” စာအုပ်အရ တော်လှန်ရေး ကာလအတွင်း မြေပြင်မှာ ကျောင်းတွေ၊ တရားရုံးတွေနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို စနစ်တကျ တည်ဆောက်နိုင်ခြင်းဟာ စစ်ပြီးခေတ် ဒီမိုကရေစီအကူးအပြောင်း အောင်မြင်ဖို့ အတွက် အဓိက “အသက်သွေးကြော” ဖြစ်ပါတယ်။
∎ လက်တွေ့မြေပြင်မှာ ဘာတွေလုပ်ရမလဲ? (What needs to be done on the ground?)
• ဒါကြောင့် ဒီတော်လှန်ရေးရဲ့ မဟာဗျူဟာမြောက် အခြေခံအုတ်မြစ်ဟာ “အာဏာနှစ်ရပ် ပြိုင်ဆိုင်မှု (Competing Authorities)” ပါပဲ။ စစ်ကောင်စီရဲ့ ယန္တရားတွေ ပရမ်းပတာ ပျက်စီးနေချိန်ဟာ တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ ပိုမိုကောင်းမွန်ပြီး တရားဝင်မှုရှိတဲ့ အုပ်ချုပ်ရေးစနစ်သစ်ကို အစားထိုးတည်ဆောက်ဖို့ အကောင်းဆုံးအချိန် (Optimal Window) ဖြစ်ပါတယ်။
• ဒါကြောင့် မြေပြင်မှာ အုပ်ချုပ်ရေးယန္တရားတွေ မရှိမဖြစ် လိုအပ်တယ်။ De Facto Authority (လက်တွေ့အာဏာပိုင်အဖွဲ့) လိုတယ်။ ကြေညာချက်ထုတ်ရုံနဲ့ မပြီးဘူး၊ မြေပြင်မှာ တကယ်အုပ် ချုပ်နိုင်ရမယ်။ Effective Control (ထိရောက်သော ထိန်းချုပ်မှု) လိုတယ်။ နယ်မြေကို ထိန်းချုပ်ထား တဲ့အဖွဲ့ဟာ ပြည်သူကို ကာကွယ်ဖို့၊ စည်းကမ်းထိန်းသိမ်းဖို့နဲ့ အခွင့်အရေးချိုးဖောက်မှု တွေကို တားဆီးဖို့ လုံးဝတာဝန်ရှိလာပါတယ်။ ဒါကြောင့် နယ်မြေထိန်းချုပ်မှုဆိုတာ အခွင့်အာဏာတင်မဟုတ်ဘဲ “တာဝန်” (Obligation / Responsibility) လည်း ပါဝင်နေတာ ဖြစ်ပါတယ်။
• စစ်အုပ်ချုပ်ရေးယန္တရားအဟောင်းကို အစားထိုးမယ့် ပြည်သူ့အုပ်ချုပ်ရေးယန္တရားအသစ်ဖြစ်တဲ့ အပြိုင်အစိုးရ (Shadow Government) မျိုးလည်း လိုတယ်။ အကူးအပြောင်းကာလမှာ ဒေသအလိုက် စနစ်တကျ အုပ်ချုပ်နိုင်ဖို့ ယာယီအစိုးရ (Provisional / Provincial Government) လည်းလိုတယ်။
Government-in-Exile (အဝေးရောက်အစိုးရ) လည်း လိုတယ်။ မြေပြင်ထိန်းချုပ်မှု မပြည့်စုံသေးရင် နိုင်ငံတကာမျက်နှာစာမှာ ပြည်သူ့တရားဝင်မှုကို ကိုယ်စားပြုနိုင်ရမယ်။
• အဓိက မဟာဗျူဟာက ရှင်းပါတယ် —ဒီ အကူးအပြောင်းကာလ အုပ်ချုပ်ရေးပုံစံတွေဟာ နာမည်အမျိုးမျိုး မဟုတ်ပါဘူး။ စစ်ရေးနဲ့သာ မဟုတ်ဘဲ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားဟောင်းကို မြေပြင်မှာ အစွမ်းထက်ဆုံးနည်းလမ်းနဲ့ တစ်ဆင့်ချင်း ဖျက်သိမ်းပြီး ပြည်သူဗဟိုပြု အုပ်ချုပ်ရေး ယန္တရားအသစ်နဲ့ အစားထိုးဖို့ တည်ဆောက်ရတဲ့ Parallel Governance Mechanisms (အပြိုင်အုပ်ချုပ်ရေးယန္တရားများ) ပဲဖြစ်ပါတယ်။
• အာဏာရှင်ကို အနိုင်ယူတယ်ဆိုတာ ရန်သူ့စခန်းကို သိမ်းပိုက်နိုင်တာတစ်ခုတည်း မဟုတ်ပါဘူး။ ပြည်သူ့ဘဝကို အုပ်ချုပ်နိုင်တာ၊ ကာကွယ်နိုင်တာ၊ တရားစီရင်နိုင်တာနဲ့ မိမိတို့ရဲ့ အာဏာနဲ့ သေနတ်ကို ဥပဒေစိုးမိုးမှုအောက်မှာ ထားနိုင်တာသာလျှင် တော်လှန်ရေးရဲ့ “အစစ်အမှန် အောင်နိုင်ခြင်း” (Ultimate Victory) ဖြစ်ပါတယ်။
• ထို့ကြောင့် မေးခွန်းက ရှင်းတယ်။ တော်လှန်ရေးအဖွဲ့တစ်ခုက တိုက်နိုင်သလား (Military capability) ဆိုတာ တစ်ပိုင်းပဲ။ အဓိက က — အုပ်ချုပ်နိုင်သလား (Capacity to govern)၊ ကာကွယ်နိုင်သလား (Capacity to protect)၊ တရားစီရင်နိုင်သလား (Judicial capacity) ၊ တာဝန်ခံနိုင်သလား (Accountability)၊ သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်သလား (all guns under the rule of law) ဆိုတာ အဓိက ပါ။
• Resistance Government မရှိရင် တော်လှန်ရေးဟာ က ဆန့်ကျင်ရေးပဲ၊ စနစ်မဲ့ တိုက်ခိုက်ခြင်း သက်သက်ပဲ။ Resistance Government ရှိမှသာ တော်လှန်ရေးဟာ State-building / Nation-building ဖြစ်စဉ်ကို စတင်နိုင်မှာပါ။
◈ ၄။ Strong Legal System မရှိရင် Revolution က လက်စားချေမှု (Revenge) ဖြစ်သွားနိုင်
• တော်လှန်ရေးနယ်မြေမှာ ခိုင်မာတဲ့ တရားစီရင်ရေးနဲ့ ဥပဒေစိုးမိုးမှုယန္တရားများ (Justice & Law Enforcement Mechanisms) ကင်းမဲ့နေတာဟာ အကြီးမားဆုံး အန္တရာယ်ပါ။
• တရားစီရင်ရေးမရှိဘဲ သတ်ဖြတ်မှုတွေ ဖြစ်လာရင် အဲဒါ ပြည်တွင်းအမှုအခင်းတစ်ခုတည်း မဟုတ်တော့ဘူး။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL ) အရ Non-state Armed Groups ကိုလည်း စည်းမျဉ်းတွေ မဖြစ်မနေ သက်ဆိုင်ပါတယ်။
∎ ဒီနေရာမှာ Organized Armed Group — OAG (စနစ်တကျဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့) ဆိုတဲ့ အယူအဆကို ထည့်ကြည့်ဖို့ လိုတယ်။
• နိုင်ငံတကာဥပဒေအရ OAG ဖြစ်ဖို့ သေနတ်ကိုင်ထားရုံနဲ့ မရဘူး။တာဝန်ခံကွပ်ကဲမှုစနစ် (Responsible Command) ရှိရမယ်။ စစ်စည်းကမ်းနှင့်အရေးယူမှုယန္တရား (Disciplinary System) ရှိရမယ်။ IHL ကို လိုက်နာနိုင်စွမ်း ရှိရမယ်။
• စည်းကမ်းမရှိတဲ့ လက်နက်ကိုင်အဖွဲ့ဟာ တော်လှန်ရေးအင်အားစု မဟုတ်တော့ဘူး။ Armed Gang သို့မဟုတ် Warlord Politics အဆင့်အောက် လျှောကျသွားတယ်။ State-in-waiting ဖြစ်ချင်ရင် အရင်ဆုံး နိုင်ငံတကာစံနှုန်းမီ OAG ဖြစ်အောင် တည်ဆောက်ရမယ်။
∎ Geneva Conventions, Common Article 3 (1949) ကို ကြည့်ပါ။ လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားတွေ၊ ဖမ်းဆီးခံရသူတွေ၊ တိုက်ပွဲမပါဝင်သူတွေကို အနိမ့်ဆုံးကာကွယ်ရမယ့် စည်းမျဉ်းတွေ ရှိတယ်။ ဒါကြောင့် “တော်လှန်ရေးကာလမို့ နားလည်ပေးပါ” ဆိုတာ နိုင်ငံတကာ ဥပဒေရှေ့မှာ မလုံလောက်ဘူး။
▻ တရားစီရင်ရေးမရှိဘဲ သတ်ဖြတ်မှုတွေ ဖြစ်လာရင် — Extrajudicial Killing (တရားဥပဒေပြင်ပ သတ်ဖြတ်မှု)၊ Summary Execution (တရားရေး သေချာမစစ်ဆေးဘဲ ကွပ်မျက်မှု)၊ Arbitrary Detention (မတရားဖမ်းဆီးထိန်းသိမ်းမှု)၊ Torture / Ill-treatment (နှိပ်စက်မှု / မတရားဆက်ဆံမှု)၊ War Crimes (စစ်ရာဇဝတ်မှု) အထိ သတ်မှတ်ခံရနိုင်ပြီး နိုင်ငံတကာတရားဝင်မှုကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
• အဲဒါက လူတစ်ဦးကို သတ်တာတင် မဟုတ်ဘူး။ International Legitimacy ကို သတ်တာ။ Moral Legitimacy ကို သတ်တာ။ Public Trust (ပြည်သူလူထုယုံကြည်မှု) ကိုလည်း သတ်ပစ်တာ ဖြစ်တယ်။
• ဒါကြောင့် IHL, Human Rights Norms, Command Responsibility, Civilian Protection, Due Process မရှိတဲ့ တော်လှန်ရေးဟာ နိုင်ငံတကာအမြင်မှာ Liberated Area မဟုတ်ဘူး။
▻ Ungoverned Space (ဥပဒေမဲ့ နယ်မြေ) ဖြစ်သွားနိုင်တယ်။ Black Spot (အမှောင်ဇုန် နယ်မြေ) လို့ တံဆိပ်ကပ်ခံရနိုင်တယ်။ International legitimacy ထိခိုက်နိုင်တယ်။ War Crimes အထိ စွပ်စွဲခံရနိုင်တယ်။
• International Law ကို လိုက်နာတာဟာ ကမ္ဘာကို impress လုပ်ဖို့ မဟုတ်ဘူး။ ပြည်သူကို ကာကွယ်ဖို့ပါ။ တော်လှန်ရေးကို အာဏာရှင်စနစ်အသစ် မဖြစ်အောင် ထိန်းဖို့ပါ။
• ဥပဒေမရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ Liberation မဟုတ်ဘူး။ အာဏာရှင်စနစ်ကို ပုံစံအသစ်နဲ့ ပြန်မွေးတာပဲ။
∎ CRC Customary IHL Study (2005) ထဲက Command Responsibility (အမိန့်ပေးကွင်းဆက်တာဝန်ခံမှု) အယူအဆကို ကြည့်ပါ။ Armed group တစ်ခုမှာ ခေါင်းဆောင်တွေဟာ အောက်ခြေရဲ့လုပ်ရပ်တွေကို သိနိုင်၊ တားနိုင်၊ အရေးယူနိုင်ဖို့ တာဝန်ရှိတယ်။
• တော်လှန်ရေးအဖွဲ့မှာ — ဘယ်သူက အမိန့်ပေးတာလဲ။ ဘယ်သူက တားဆီးရမှာလဲ။ ဘယ်သူက စစ်ဆေးရမှာလဲ။ ဘယ်သူက အရေးယူရမှာလဲ။ ဒါတွေအားလုံး ရှင်းနေရမယ်။
• “အောက်ခြေက လုပ်တာပါ” ဆိုပြီး ခေါင်းဆောင်ပိုင်းက ရှောင်လွှဲလို့မရပါဘူး။ သိလျက်နဲ့မတားရင် တာဝန်ရှိတယ်။ တားနိုင်လျက်နဲ့မတားရင် တာဝန်ရှိတယ်။ အရေးယူနိုင်လျက်နဲ့ အရေးမယူဘူးဆိုရင် တာဝန်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးအင်အားစုဟာ Organized Armed Group ဖြစ်လာတာနဲ့အမျှ စည်းကမ်း၊ တာဝန်ခံမှု၊ အရပ်သားကာကွယ်မှုတွေကို မဖြစ်မနေ လိုက်နာရလို့ပါပဲ။
• ဒါကြောင့် တော်လှန်ရေးနယ်မြေတိုင်းမှာ အောက်ပါ ယန္တရားတွေ မဖြစ်မနေ ရှိရပါမယ် –
▻ Penal Code & Criminal Justice System (ခိုင်မာသော ပြစ်မှုဆိုင်ရာဥပဒေနှင့် တရားစီရင်ရေးစနစ်)
▻ Independent & Impartial Tribunal (လွတ်လပ်ပြီး ဘက်မလိုက်သော တရားရုံးများ)
▻ Due Process of Law (ဥပဒေနှင့်အညီ တရားမျှတစွာ စစ်ဆေးခြင်းလုပ်ငန်းစဉ်)
▻ Institutionalized Law Enforcement (စနစ်တကျ ဖွဲ့စည်းထားသော တရားဥပဒေစိုးမိုးရေး ယန္တရား)
▻ Accountability Mechanism & Command Responsibility (တာဝန်ခံမှု၊ အရေးယူမှုနှင့် အမိန့်ပေးကွင်းဆက် တာဝန်ခံမှု)
▻ Appeal & Complaint System (အယူခံစနစ်နှင့် တိုင်ကြားမှုယန္တရား)
▻ Civilian Protection Policy (အရပ်သားကာကွယ်ရေးမူဝါဒ)။
📌 အဓိကအချက်က — Strong Legal System (ခိုင်မာတဲ့ဥပဒေစနစ်) မရှိတဲ့ တော်လှန်ရေးဟာ Freedom (လွတ်လပ်မှု) ကို ဘယ်တော့မှ မမွေးဖွားပေးနိုင်ဘူး။ ကြောက်ရွံ့မှုအသစ်တစ်ခုကိုပဲ သံသရာလည်ပြီး ပြန်မွေးဖွားပေးတတ်ပါတယ်။
◈ ၅။ သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်ရမယ်
• Max Weber (1919) ရဲ့ Legitimate Use of Force (တရားဝင် အင်အားသုံးစွဲမှု) သီအိုရီကို ပြန်ကြည့်ပါ။ အင်အားသုံးခွင့်ဆိုတာ တာဝန်မဲ့ခွင့် မဟုတ်ပါဘူး။
• Legitimate Violence ဆိုတာလည်း အာဏာပြဖို့၊ လက်စားချေဖို့၊ ဒါမှမဟုတ် အတွင်းရေးအငြင်းပွားမှု တွေကို သေနတ်နဲ့ ဖြေရှင်းဖို့ မဟုတ်ပါဘူး။ ဥပဒေအောက်မရှိတဲ့ သေနတ်ဟာ ပြည်သူ့ကာကွယ်ရေး မဟုတ်ပါဘူး။ အသွင်ပြောင်းထားတဲ့ အာဏာရှင်မျိုးစေ့ သာ ဖြစ်ပါတယ်။
• သေနတ်ဟာ ဓားလိုပါပဲ။ ခွဲစိတ်ဆရာဝန် လက်ထဲမှာ အသက်ကယ်ပြီး၊ လူသတ်သမား လက်ထဲမှာတော့ အသက် သတ်ပါတယ်။ တော်လှန်ရေးသေနတ်လည်း ဒီအတိုင်းပါပဲ။ ဥပဒေအောက်မှာ ရှိရင် ပြည်သူကို ကာကွယ်ပြီး၊ ဥပဒေအထက် ရောက်သွားရင်တော့ ပြည်သူကို ကြောက်လန့်အောင် လုပ်ပါတယ်။ သေနတ်ကို ဥပဒေက မထိန်းနိုင်တဲ့နေ့ဟာ တော်လှန်ရေးကို သေနတ်က ပြန်ထိန်းတဲ့နေ့ပါပဲ။
• နိုင်ငံတကာဥပဒေပညာရှင် René Provost (2021) ရဲ့ “Rebel Courts: The Administration of Justice by Armed Insurgents” ကို ကြည့်ပါ။ တော်လှန်ရေးအဖွဲ့တွေဟာ တရားစီရင်ရေးစနစ်ကို Rule of Law အောက်မှာ တည်ဆောက်နိုင်ပါတယ်။ ဒါပေမယ့် Due Process (ဥပဒေနှင့်အညီ လုပ်ထုံးလုပ်နည်း)၊ Impartiality (ဘက်မလိုက်မှု) နဲ့ Predictable Rules (ခန့်မှန်းနိုင်သော စည်းမျဉ်းစနစ်) စတဲ့ အခြေခံတွေ မရှိရင် အဲဒါ တရားစီရင်ရေး မဟုတ်တော့ပါဘူး။ လက်နက်ကိုင်အဖွဲ့ရဲ့ အာဏာကို တရားဝင်သလို ဖုံးအုပ်ပေးတဲ့ အာဏာသုံးယန္တရားတစ်ခုသာ ဖြစ်သွားနိုင်ပါတယ်။
• Cyanne E. Loyle ရဲ့ “Rebel Courts / Rebel Justice” research ကို ကြည့်ပါ။ တော်လှန်ရေးအဖွဲ့တွေရဲ့ တရားရုံးတွေဟာ legitimacy ကို တည်ဆောက်နိုင်ပါတယ်။ ဒါပေမယ့် သေနတ်ကြောင့် မဟုတ်ပါဘူး။ Procedural Fairness (မျှတသောလုပ်ထုံးလုပ်နည်း)၊ Deliberation (နှစ်ဖက်ကြားနာ စဉ်းစားခြင်း) နဲ့ Effectiveness (ထိရောက်သောဆုံးဖြတ်မှု) ရှိမှသာ တရားစီရင်ရေးဟာ Legitimacy (တရားဝင်မှု) ပေးနိုင်ပါတယ်။
• William Reno (1998) ရဲ့ “Warlord Politics and African States” ကို ကြည့်ပါ။ ဥပဒေ၊ အုပ်ချုပ်ရေး၊ တာဝန်ခံမှုမရှိတဲ့ လက်နက်ကိုင်အဖွဲ့ဟာ တော်လှန်ရေးအင်အားစု မဟုတ်တော့ပါဘူး။ Warlord Politics (စစ်ဘုရင်နိုင်ငံရေး) ဖြစ်သွားနိုင်ပါတယ်။ သေနတ်ကို ဥပဒေအောက်မှာ မထားနိုင်ရင် လွတ်မြောက်နယ်မြေဟာ စစ်ဘုရင်အာဏာဇုန် (Warlord Authority Zone) ဖြစ်သွားနိုင်ပါတယ်။
• Megan A. Stewart (2021) ရဲ့ “Governing for Revolution” ကိုလည်း ကြည့်ပါ။ တော်လှန်ရေးကာလအတွင်း တည်ဆောက်တဲ့ governance ဟာ စစ်ပြီးခေတ် နိုင်ငံရေးစနစ် (Political Order) ကိုပါ ပုံဖော်ပါတယ်။ ဒီနေ့ ဥပဒေမဲ့အုပ်ချုပ်ရေး (Lawless Governance) လုပ်ရင် မနက်ဖြန်တွင် ဥပဒေစိုးမိုးတဲ့နိုင်ငံ (Rule-of-Law State) မမွေးနိုင်ပါဘူး။
• ဒါကြောင့် တော်လှန်ရေးတရားစီရင်ရေးစနစ် (Revolutionary Justice System) ဆိုတာ အလှပြစကား မဟုတ်ဘူး။ တော်လှန်ရေးအဖွဲ့ကို အာဏာရှင်စနစ်အသစ် မဖြစ်အောင် နောက်ဆုံး တားဆီးထိန်း သိမ်းကာ ကွယ်တဲ့ မရှိမဖြစ် လိုအပ်တဲ့ အဓိက ယန္တရားပါ။ အဲဒီစနစ် မရှိရင် တော်လှန်ရေးဟာ လွတ်မြောက်ရေး မဟုတ်တော့ဘဲ လက်နက်ကိုင်အာဏာပြိုင်ပွဲ ဖြစ်သွားနိုင်ပါတယ်။
• တရားစီရင်ရေးမရှိရင် သေနတ်က တရားသူကြီးဖြစ်သွားတယ်။ Due Process (ဥပဒေလုပ်ထုံးလုပ်နည်း) မရှိရင် Justice က လက်စားချေမှု ဖြစ်သွားတယ်။ Accountability (တာဝန်ခံမှု) မရှိရင် တော်လှန်ရေးက အာဏာအလွဲသုံးစားရတဲ့ စားကွက်ဖြစ်သွားတယ်။
• သေနတ်က ဥပဒေအောက်မှာ မရှိရင် အာဏာရှင်စနစ်ပြန်မွေးတယ်။ သေနတ်နဲ့ အတွင်းရေးအငြင်းပွားမှုကို ဖြေရှင်းတဲ့နေ့ဟာ “တော်လှန်ရေး အဓိပ္ပာယ်မဲ့သွားတဲ့နေ့” ပါပဲ။
◈ နိဂုံးချုပ်
• ယနေ့ ချင်းပြည်နယ် အပါအဝင် တော်လှန်ရေးနယ်မြေတိုင်းအတွက် အရေးအကြီးဆုံးသော နိုင်ငံရေးပကတိ အမှန်တရားများမှာ –
▻ De facto state လို လည်ပတ်ချင်ရင် Governance လိုတယ်။
▻ Contested territory အဆင့်ကို ကျော်ချင်ရင် Effective Control လိုတယ်။
▻ Unrecognised proto-state ကနေ legitimacy ရချင်ရင် Rule of Law လိုတယ်။
▻ Quasi-state အဆင့်မှာ မရပ်ချင်ရင် Institution-building လိုတယ်။
▻ Ungoverned space ဟု သတ်မှတ်မခံလိုလျှင် Independent Judiciary လိုတယ်။
▻ Black Spot ဒေသ မဖြစ်လိုလျှင် IHL နဲ့ Human Rights Norms လိုက်နာရမယ်။
▻ State-in-waiting ဖြစ်ချင်ရင် အာဏာကို ဥပဒေအောက်မှာ ထားနိုင်ရမယ်။
• အဓိကစမ်းသပ်မှုက ရန်သူကို တိုက်နိုင်သလား မဟုတ်ဘူး။ အဓိက စမ်းသပ်မှုက မိမိတို့ရဲ့ သေနတ်ကို ဥပဒေအောက်မှာ ထားရှိနိုင်ခြင်း ရှိ၊မရှိ ဆိုတာ အဓိက စိန်ခေါ်မှုပဲ။
▻ Governance ကင်းမဲ့တဲ့ ခုခံတော်လှန်မှု ဟာ ပရမ်းပတာ ကသောင်းကနင်းဖြစ်မှုဆီသို့သာ ဦးတည်လိမ့်မယ်။
▻ Rule of Law ကင်းမဲ့တဲ့ ခုခံတော်လှန်မှု ဟာ လက်စားချေလိုတဲ့ အမုန်းပွားမှု သက်သက်ပဲ ဖြစ်သွားလိမ့်မယ်။
▻ တာဝန်ခံမှု (Accountability) ကင်းမဲ့တဲ့ Armed Struggle ဟာ အာဏာအလွဲသုံးစားပြုခြင်းနှင့် ဖိနှိပ်အနိုင်ကျင့်ခြင်းများအဖြစ် ဒွန်တွဲလာလိမ့်မယ်။
▻ တရားရုံးများ ကင်းမဲ့တဲ့ Liberated Area (လွတ်မြောက်နယ်မြေ) ဟာ Ungoverned Space (ဥပဒေမဲ့ နယ်မြေ) မျှသာ ဖြစ်သွားလိမ့်မယ်။
▻ တရားမျှတမှု ကင်းမဲ့တဲ့ State-building/Nation-building ဟာ နောက်ထပ် အာဏာရှင်စနစ်သစ်တစ်ခု (Another Tyranny) ကိုသာ မွေးထုတ်ပေးရာ ရောက်လိမ့်မယ်။
• ဒါကြောင့် ချင်းပြည် အပါအဝင် တော်လှန်ရေးနယ်မြေတိုင်းအတွက် ယနေ့ အရေးအကြီးဆုံးအလုပ်က ရှင်းပါတယ်။ သေနတ်၊ လူ၊ အင်အား တိုးချဲ့ရုံတင် မဟုတ်ပါဘူး –
✔️ Resistance Government ကို စနစ်တကျ တည်ဆောက်ရမယ်။
✔️ Strong Legal System & Independent Judiciary တည်ဆောက်ရမယ်။
✔️ Command Responsibility ခိုင်မာစေရမယ်။
✔️ Civilian Protection / IHL / Human Rights Norms ကို အလယ်ဗဟိုမှာထားပြီး တိတိကျကျ လိုက်နာရမယ်။
✔️ Rule of Law ကို သေနတ်ရဲ့အထက်မှာ ထားရမယ်။
• တော်လှန်ရေးဆိုတာ စစ်အာဏာရှင်ကို ဖြုတ်ချဖို့တင် မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ထက် အဆပေါင်း များစွာ မြင့်မားတဲ့ နိုင်ငံရေးယဉ်ကျေးမှု၊ ဥပဒေစနစ်၊ တရားမျှတမှုနဲ့ ပြည်သူ့အချုပ်အခြာ အာဏာကို တည်ဆောက်ဖို့ ဖြစ်တယ်။
📌မှတ်ထားရမှာက — တော်လှန်ရေးဆိုတာ သေနတ်ကိုင်တာနဲ့ စတင်နိုင်ပါတယ်။ ဒါပေမယ့် State-building / Nation-building ဆိုတာကတော့ မိမိတို့ရဲ့သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်တဲ့နေ့ ရောက်မှသာ အစစ်အမှန် စတင်တာ ဖြစ်ပါတယ်။
— Salai Van Lian Thang
◈ ရည်ညွှန်းကိုးကားချက်များ (List of References)
▸Arjona, A. (2016). Rebelocracy: Social Order in the Colombian Civil War. Cambridge University Press.
▸Brenner, D. (2019). Rebel politics: A political sociology of armed struggle in Myanmar’s borderlands. Cornell University Press.
▸Declaration of Independence. (1776). The unanimous Declaration of the thirteen united States of America.
▸Geneva Conventions. (1949). Common Article 3.
▸Geneva Conventions. (1977). Additional Protocol II relating to the protection of victims of non-international armed conflicts.
▸Huang, R. (2016). The wartime origins of democratization: Civil war, rebel governance, and political regimes. Cambridge University Press.
▸Huntington, S. P. (1957). The soldier and the state: The theory and politics of civil–military relations. Harvard University Press.
▸International Committee of the Red Cross. (2005). Customary international humanitarian law. Cambridge University Press.
▸Jo, H. (2015). Compliant rebels: Rebel groups and international law in world politics. Cambridge University Press.
▸Kelsen, H. (1945). General theory of law and state. Harvard University Press.
▸Locke, J. (1689). Two treatises of government.
▸Loyle, C. E. (2023). Rebel courts and rebel legitimacy. Journal of International Relations and Development.
▸Mampilly, Z. C. (2011). Rebel rulers: Insurgent governance and civilian life during war. Cornell University Press.
▸Provost, R. (2021). Rebel courts: The administration of justice by armed insurgents. Oxford University Press.
▸Reno, W. (1998). Warlord politics and African states. Lynne Rienner Publishers.
▸Rousseau, J.-J. (1762). The social contract.
▸Sieyès, E. J. (1789). What is the Third Estate?
▸South, A. (2008). Ethnic politics in Burma: States of conflict. Routledge.
▸Staniland, P. (2014). Networks of rebellion: Explaining insurgent cohesion and collapse. Cornell University Press.
▸Stewart, M. A. (2021). Governing for revolution: Social transformation in civil war. Cambridge University Press.
▸Teitel, R. G. (2000). Transitional justice. Oxford University Press.
▸Weber, M. (1919). Politics as a vocation (Politik als Beruf). Duncker & Humblot.
▸Weinstein, J. M. (2007). Inside rebellion: The politics of insurgent violence. Cambridge University Press.

