ကန်ပက်လက်မြို့ဘက်ကိုလည်း စစ်တပ်မှ စစ်ကူအင်အားရာချီ ထပ်မံပို့ဆောင်
(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာနေပြီဖြစ်သော အာဏာသိမ်းစစ်တပ်သည် ယနေ့ နံနက်ပိုင်းတွင် မင်းတပ်မြို့နယ် တစ်နေရာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၈ လုံး ကြဲချတိုက်ခိုက်သွားကြောင်း သိရသည်။
ယနေ့ ဇွန်လ ၂ ရက် နံနက် ၆ နာရီမှ ၆ နာရီခွဲခန့်အတွင်း မင်းတပ်မြို့နယ် တစ်နေရာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ တစ်ကြိမ်ကို ဗုံး ၂ လုံးစီဖြင့် ဗုံး ၈ လုံး ကြဲချတိုက်ခိုက်သွားသည်ဟု ဒေသတွင်း သတင်းရင်း မြစ်တချို့ထံမှ သိရသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးမှု အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးကြောင်း ဒေသခံတချို့ထံမှ သိရသည်။
မေလ ၂၉ ရက်မှ စတင်၍ ဆော၊ ကျောက်ထုမှတဆင့် မင်းတပ်မြို့နယ်ထဲကို အင်အားရာဂဏန်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာနေသော စစ်တပ်နှင့် ချင်းပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ထိတွေ့တိုက်ပွဲများသည် မင်းတပ်မြို့နယ်ထဲကို စတင်စစ်ကြောင်းထိုးကတည်းက ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေများကိုလည်း မသိရှိရကြောင်း ၊ စစ်တပ်သည် အထိနာဖွယ် ရှိနိုင်ကြောင်း ဒေသခံများနှင့် စစ်ရေးလေ့လာသုံးသပ်သူ များက ပြောသည်။
“ထင်ချောင်းက မင်းတပ်မြို့နယ်၊ ကျောက်စစ် သစ်တောကြိုးဝိုင်း အစွန်ဆုံးမှာ ရှိတာပေါ့။ ဒါပေမယ့် သူတို့ အဲဒီဘက်ကနေ သွားမယ်ဆိုရင် အဲဒီကျောက်စစ်သစ်တောကြိုးဝိုင်းက သူတို့အတွက် သတ်ကွင်းပဲ ဖြစ်မှာပဲ။ အဓိကက သူတို့ စစ်မြှူစွယ်နေတာ ဖြစ်မယ်။ အဓိကက ကံကြီးတို့ဘက်ကနေမှတဆင့် သွားမယ့် လမ်းကြောင်းပေါ့နော်။ ချင်းပြည်မှာ ဆက်သွယ်ရေး လမ်းကြောင်းပေါ်က မသွားရင်တော့ စစ်တပ်က ပိုတိုင်ပတ်မယ့်အနေအထားမျိုးပဲ။ သူတို့ မိုးမတိုင်ခင်တော့ တိုးမယ်။ အဓိကက မင်းတပ်ကို တိုးမယ့် အခြေအနေက ကန်ပက်လက်အပေါ်မှာ သွားမှီတည်နေတယ်။ သူတို့ ကန်ပက်လက်ကိုသာ ရပြီးဆိုရင် ကန်ပက်လက်က တစ်ကြောင်း၊ ကံကြီးဘက်က တစ်ကြောင်း၊ ဒီထင်ချောင်ဘက်ကဟာတော့ သူတို့ လာပြီးတော့ တမင်ခံစစ်ကို လာဆွတဲ့ သဘော၊ စစ်မြှူတာလို့ မြင်တယ်။ အဓိက တိုက်စစ်က ကံကြီးရွာဘက်က ကျောက်ထု – မင်းတပ်လမ်း၊ ကန်ပက်လက်က ဝိတိုရီယတောင်ပတ်လမ်းတွေက အဓိက တိုက်စစ်ဖြစ်လိမ့်မယ်”ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
မင်းတပ်မြို့နယ်ထဲက ထင်ချောင်းနှင့် ကြက်ဥတကျေးရွာများကို ရောက်ရှိနေသော စစ်တပ်သည် ၎င်းကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်စီးမှု ပြုလုပ်ထားသည်ဟု သိရသည်။
မေလ ၂၈ ရက်က ကျောက်ထု အမတ ၃၆၈ မှ စစ်ကြောင်းထိုးလာသော စစ်တပ်၏ အင်အား ၅၀၀ ဝန်းကျင်ခန့်သည် မေလ ၃၁ ရက်မှာ ဆောမြို့ကို အင်အား ၃၀၀ ခန့် ရောက်ရှိခဲ့ပြီး ကျန် အင်အား ၂၀၀ ခန့်မှာ ဆော – ကျောက်ထု လမ်းပိုင်းတွင် ရှိနေကြောင်း၊ ပြည်သူများ သတိပြု သွားလာရန် လိုအပ်ကြောင်း ဒေသခံတချို့နှင့် ယောအလင်းတန်းမှ သိရသည်။
ယမန်နေ့ ဇွန်လ ၁ ရက်တွင် ဆောမြို့ ရောက်နေသော အင်အား ၃၀၀ ခန့် စစ်ကြောင်းသည် ကန်ပက်လက်မြို့ဘက်သို့ အကြည်ကတင်းကျေးရွာမှ စစ်ကြောင်း ၁ ကြောင်း၊ ဆော – ကန်ပက်လက်လမ်းကြီးအတိုင်း စစ်ကြောင်း ၁ ကြောင်းဖြင့် စစ်ကြောင်းခွဲပြီး ကန်ပက်လက် ထိုးစစ်ကို စစ်ကူအင်အား ဖြည့်နေသည်ဟု သိရသည်။
ဆောမှတဆင့် ကန်ပက်လက်မြို့သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ်တို့ အပြန်းအထန် တိုက်ခိုက်ခုခံနေကြောင်း၊ ကန်ပက်လက်မြို့နယ် ၆ မိုင်တွင် စစ်တပ်စစ်ကြောင်းများ တန့်နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်သည် ယောဒေသမှတဆင့် ချင်းတောင်ပိုင်းမြို့များကို စစ်အင်အား ထောင်ချီအသုံးပြု၍ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် မေလလယ်ခန့်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

