(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေး ရှောင်ပြည်သူများအား ကူညီပေးနေသည့် ကိုသူရိန်ဇင်သည် ပြင်းထန်သောအဖျားရောဂါကြောင့် ကွယ်လွန်သွားသည်ဟု သိရသည်။
Lighthouse စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ခံဖြစ်သော အသက် ၂၉ နှစ်အရွယ် ကိုသူရိန်ဇင်သည် ပြင်းထန်သော အဖျားရောဂါကြောင့် ဇွန်လ ၁၄ ရက်နေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု Lighthouse က အသိပေးထုတ်ပြန် သည်။
ကိုသူရိန်ဇင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှု စတင်ချိန်မှစ၍ ကလေးမြို့လူထု သပိတ်အဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့ပြီး တာဟန်းခံတပ်ဖြိုခွင်းခံရပြီးနောက် PDF(Kalay) တပ်ရင်း – ၁ တွင် ဘဏ္ဍာငွေရှာဖွေရေးနှင့် သတင်း ပြန်ကြားရေးအဖြစ် ၂ နှစ်တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် ကလေးမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် လူသားစာနာ (ဒု-တာဝန်ခံ) အဖြစ် ၁ နှစ် တာဝန်ထမ်းဆောင်ခဲ့ သည်ဟု သိရသည်။
ထို့နောက် ၂၀၂၄ ခုနှစ် ဧပြီလတွင် Lighthouse စစ်ရှောင်ကူညီရေးအဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး ကလေးမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ၂၀၂၆ ခုနှစ် မေလအထိ ၂ နှစ်ကျော်ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု သိရသည်။
ကိုသူရိန်ဇင် ဦးဆောင်သည့် Lighthouse စစ်ရှောင်ကူညီရေးအဖွဲ့အနေဖြင့် စစ်ရှောင်မိသားစုများ ၊ ရဲဘော်များ နှင့် ရဲဘော် များ၏ မိသားစုဝင်များ အတွက် စားနပ်ရိက္ခာ နှင့် အမိုး အကာ ရရှိရေး ၊ ပညာသင်ကြား ရန်ခက်ခဲသော ကလေး ငယ်များ အတွက် ကျောင်း လခထောက်ပံ့ပေး ခြင်း ၊ စာသင်ကျောင်းဆောင်များဆောက်လုပ် ပေးခြင်း ၊ စာရေးကိရိယာများလှူဒါန်းခြင်း ၊ အိမ်သာများဆောက်လုပ်ပေးခြင်း နှင့် ရေတွင်း ရေကန် ရေပိုက်များ ရရှိရန် ပြုလုပ်ပေးခဲ့သူဖြစ်ကြောင်းသိရသည်။
ထို့အပြင် စစ်ရှောင်စခန်းများတွင် လှည့်လည်၍ အာဟာရဒါန တိုက်ကျွေးခြင်း ၊ အဝတ်အထည်များ ၊ စောင်နှင့် အိုးခွက် ပန်းကန်များ လှူ ဒါန်းခြင်း ၊ ဆေးခန်းများအတွက် လျှပ်စစ်မီး ရရှိရေး ၊ ဒဏ်ရာရပြည်သူများကို ထောက်ပံ့ပေးခြင်း နှင့် အခြားသော တော်လှန်ရေး ဏ္ဍများတွင် တတ်နိုင်သမျှ ကိုယ်စွမ်းဉာဏ်စွမ်းရှိ သမျှဖြင့် စွမ်းစွမ်းတမံဆောင် ရွက်ပေးခဲ့ သည်ဟု သိရသည်။
ကိုသူရိန်ဇင်သည် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် တော်လှန်ရေးတွင် ပေးအပ်သည့် တာဝန်များ အား စွမ်းဆောင်နိုင်သမျှ ပါဝင်ထမ်းဆောင်ခဲ့သူဖြစ်သောကြောင့် ဒေသခံများနှင့်တော်လှန် ရေးအင်အားစုများတွက် ဆုံးရှုံးမှုတရပ်ဖြစ်ကြောင်း ကလေးမြို့ဒေသခံ လူငယ်တစ်ဦးကပြော သည်။
“သူက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက်၊ စစ်အာဏာသိမ်းအစောပိုင်းကာလကနေ ဒီကနေ့အထိ ကလေးအခြေုပြုခုခံကာကွယ်ရေးအဖွဲ့အစည်းများအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေ လည်းလုပ်တယ်။ ပရဟိတ လမ်းစဉ်မှာ ကိုယ်ကျိုးမငှဲ့ပဲ ပေးဆပ်ထည့်ဝင်ခဲ့မှုက ကလေးဒေသခံတော် လှန်ရေး လူငယ်အနာဂတ်မျိုး ဆက်သစ်များအတွက် အင်မတန် စံပြုထိုက်တယ့် ပုဂ္ဂိုလ်ဖြစ်တယ်။” ဟု ပြောသည်။
၎င်း၏ ရုပ်အလောင်းအား ယမန်နေ့ဇွန်လ (၁၅) ရက်နေ့တွင် မြေချသဂြိုလ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

