(005MK)
မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်တွင် မြန်မာနိုင်ငံသား ၃ ဦးထံမှ ကာလပေါက် ဈေး ရူပီး ၁ ဒသမ ၆၉ ကုဋေခန့် တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြား (Methamphetamine) အမြောက်အမြားကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က ကျန်ဖိုင်းရဲတပ်ဖွဲ့နှင့် YMA (Sub. Headquarters YMA, Champhai) တို့ ပူးပေါင်း၍ Khankawn စစ်ဆေးရေးဂိတ်အနီးရှိ Chhungte ရွာအပြင်ဘက်၌ မသင်္ကာဖွယ်ဆိုင်ကယ် ၂ စီးကို ရပ်တန့်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆိုင်ကယ် ၂ စီးမောင်းနှင်လာသူများမှာ ကလေးမြို့နယ် ရှားတော(Sadaw) ကျေးရွာနေ အသက် ၂၆ နှစ်အရွယ် Rin Nei Mang နှင့် Khawmawi ကျေးရွာနေ အသက် ၂၁ နှစ်အရွယ် Thang Lui Mang တို့ဖြစ်ကြသည်။
၎င်းတို့၏ ဆိုင်ကယ်နှစ်စီးကို အသေးစိတ် ရှာဖွေခဲ့သော်လည်း တရားမဝင်မူးယစ်ဆေးဝါးပစ္စည်းများတစ်စုံတစ်ရာ တွေ့ရှိခြင်းမရှိခဲ့ပေ။
သို့သော်လည်း ဆိုင်ကယ်များကို စစ်ဆေးနေစဉ်အတွင်း ကျောပိုးအိတ်ကိုယ်စီလွယ်၍ လမ်းဘေးမှ လမ်းလျှောက်လာသူ လူနှစ်ဦးကို ရဲတပ်ဖွဲ့က ထပ်မံတွေ့ရှိသဖြင့် ချက်ချင်းလိုက်လံဖမ်းဆီးခဲ့ရာ၊ တစ်ဦးမှာ ၎င်း၏ကျောပိုးအိတ်ကို ပစ်ချ၍ တောထဲသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန်တစ်ဦးဖြစ်သူ ကလေးမြို့ တောင်ဖီလာရပ်ကွက်မှ အသက် ၂၀ အရွယ် Stephen Mang Bawi Thang ကို ကျောပိုးအိတ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသူ ပစ်ချခဲ့သည့် ကျောပိုးအိတ်နှင့် ဖမ်းဆီးရမိသူ၏ ကျောပိုးအိတ် နှစ်လုံးအတွင်းမှ စုစုပေါင်းအလေးချိန် ၂၃ ဒသမ ၈၅၅ ကီလိုဂရမ်ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂,၁၀၀ ပြားကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ဒေသတွင်းကာလပေါက်ဈေးအရ ရူပီးငွေ ၁.၆၉ ကုဋေခန့်ရှိသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်များအရ အဆိုပါ မူးယစ်ဆေးဝါးများသည် အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါသာရ် (Zokhawthar) ဘက်မှ သယ်ဆောင်ကာ မှောင်ခိုဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၃ ဦးကို ကျိုင်ဖိုင်းရဲစခန်းတွင် မူးယစ်ဆေးဝါးဥပဒေ (NDPS Act) Section 22(c), 25, 29 အပြင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံခြားသားများဆိုင်ရာ ဥပဒေ (Immigration and Foreigners Act) Section 21 တို့အရ Case No. 90/2026 ဖြင့် အမှုဖွင့်အရေးယူထားသည်ဟုသိရသည်။

