(006SV)
တိုက်ပွဲများ ဖြစ်ပွားနေသည့် ချင်းပြည်နယ်တောင်ပိုင်းတွင် အာဏာသိမ်းစစ်တပ်၏ ယမန်နေ့ညက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ယာတဲမှာ စစ်ဘေးရှောင်နေထိုင်နေသော ကလေးငယ် ၁ ဦးနှင့် မိခင်ဖြစ်သူတို့ သေဆုံးသွားကြောင်း ဒေသခံတချို့ထံမှ သိရသည်။
ဇွန်လ ၂၁ ရက် ည ၁၁ နာရီခွဲအချိန်မှာ မင်းတပ်မြို့နယ်အစပ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျောက်တောင်ရွာ အနီးက တောင်ယာတဲတွင် နေထိုင်သော အရပ်သားပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
တိုက်ခိုက်မှုအတွင် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဒေသခံပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အသေးစိတ်အခြေအနေများကို မသိရှိရသေးကြောင်း ချင်းတောင်းပိုင်းရှိ ဒေသခံတစ်ဦးက ပြောသည်။
ဇွန်လ ၂၁ ရက် ည ၈ နာရီခွဲခန့်ကလည်း ကန်ပက်လက်မြို့အရှေ့ခြမ်းကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်ရာ ဗုံး ၄ လုံး ကြဲချသွားကြောင်း၊ ညနေ ၅ နာရီခန့်မှာလည်း Y – 12 ဖြင့် ကန်ပက်လက်မြို့နယ်ထဲကို ၆ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မင်းတပ်နှင့် ကန်ပက်လက်မြို့ကို စစ်တပ်က ဒရုန်း၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူ အများအပြားအသုံးပြုလျက် စစ်အင်အား ၂၀၀၀ ကျော်ဖြင့် မေလလယ်ခန့်မှ စတင်၍ စစ်ကြောင်းထိုးနေရာ ချင်းပူးပေါင်းတပ်များနှင့် ယနေ့အထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး၊ လေကြောင်းဖြင့်လည်း နေ့စဉ် အပြင်းအထန်ဗုံးကြဲ တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
Photo- HKL Mindat

