(006SV)
ZZLMS ညီနောင်အဖွဲ့၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော Salai Thawng Za Ceu ကျဆုံးသွားမှုသည် တော်လှန်ရေးအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း အဆိုပါညီနောင်အဖွဲ့က ဇူလိုင်လ ၁ ရက်မှာ ထုတ်ပြန်သည်။
ဆလိုင်းထောင်ဇကျဲအို (Salai Thawng Za Ceu) သည် တော်လှန်ရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များ ဆောင်ရွက်နေစဉ် ဇွန်လ ၂၆ ရက်က ကျဆုံးသွားခြင်းဖြစ်သည်ဟု ZZLMS ထံမှ သိရသည်။
“ZZLMS စစ်ဦးစီးချုပ်သည် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလတစ်လျှောက် ကိုယ်စွမ်းဥာဏ်စွမ်း အပြည့်ဖြင့် တော်လှန်ရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အပြင် ရဲဘော်ရဲဘက်စိတ် အပြည့်ရှိသူဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးပါသော ပုဂ္ဂိုလ်ဖြစ်သည်” ဟု ZZLMS က ဆိုသည်။
ဆလိုင်းထောင်ဇကျဲအို ကျဆုံးသွားခြင်းသည် မိမိတို့ တော်လှန်ရေးအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပြီး သက်ဆိုင်ရာမိခင်အဖွဲ့အစည်း၊ ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြောင်း ZZLMS ထံမှ သိရသည်။
ဆဲန်ထန်ဗဟိုကောင်စီ/ဆဲန်ထန်တော်လှန်ရေးတပ်ဖွဲ့ (SRF) တပ်ဖွဲ့တွင် ကာကွယ်ရေးအတွင်းရေးမှူး ဆလိုင်းထောင်ဇကျဲအို နှင့် SRF ၏ လူမှုဖွံ့ဖြိုးရေးဌာန အတွင်းရေးမှူး ဆလိုင်းဘွေကျုံးလျန်းတို့သည် ဇွန်လ ၂၆ ရက်က အရေးကြီးကိစ္စတစ်ခုဖြင့် ခရီးသွားရာမှ ဆဲန်ထန်နယ်မြေတစ်နေရာ၊ ဆူရ်ခွာ ရွာအနီး လမ်းအောက်ဘက်၌ ၎င်းတို့စီးနင်းလာသော မော်တော်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
၎င်းတို့ကို ခရီးသွားရောက်မည့်နေရာကို ရောက်ရှိမလာသဖြင့် လိုက်လံရှာဖွေခဲ့ရာမှ ရှာဖွေတွေ့ရှိချိန်တွင် အသက်မရှိတော့ကြောင့် သိရသည်။
အဆိုပါ ရဲဘော် ၂ ဦး နှစ်ဦးကျဆုံးမှုသည် ဆဲန်ထန် ဗဟိုကောင်စီနှင့် ဆဲန်ထန်တော်လှန်ရေးတပ်ဖွဲ့တို့အတွက် ကြီးမားလှသော ဆုံးရှုံးမှု တစ်ရပ်ဖြစ်ပြီး အထူးဝမ်းနည်းကြေကွဲရကြောင်း ဆဲန်ထန် ဗဟိုကောင်စီက ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန်ထားသည်။
ဆလိုင်းထောင်ဇကျဲအို ကျဆုံးချိန်တွင် ဇနီးနှင့် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ZZLMS ညီနောင်အဖွဲ့သည် ချင်းပြည်နယ် အလယ်ပိုင်း ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်များတွင် အခြေစိုက်သော CDF-Zotung၊ CDF-Zophei၊ CDF-Lautu၊ CDF-Mara နှင့် CDF – Senthang တို့ဖြင့် ဖွဲ့စည်းထားသည့် ချင်းလက်နက်ကိုင် တော်လှန်ရေး ညီနောင်အဖွဲ့တစ်ခုဖြစ်သည်။

