“တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်လာသည့် အခြေအနေ” အဖြစ် သတ်မှတ်ပြီး ဆောင်ရွက်သွားမည်ဟုဆို
(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် အာရက္ခပြည်မှ ၆ မြို့နယ်သည် ရေကြီးရေလျှံမှု ပိုဆိုးရွားလာနိုင်ခြေရှိ သည့်အတွက် “တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်လာသည့် အခြေအနေ” အဖြစ် သတ်မှတ်ပြီး ရေဘေးတုံ့ပြန် ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု သိရသည်။
အာရက္ခပြည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များနှင့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်များတွင် မိုးကြီးခြင်းကြောင့် ဇူလိုင်လ ၈ ရက် စာရင်းအရ ရပ်ကွက်၊ ကျေးရွာ ၇၀ နှင်အထက် ရေကြီးမှုများ ဖြစ်ပွားနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ လူသားစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) က ဇူလိုင်လ ၉ ရက်မှာ ထုတ်ပြန်သည်။
လက်ရှိမှာလည်း မိုးရွာသွန်မှု ဆက်လက်ရှိနေသဖြင့် အဆိုပါမြို့နယ်များကို ရေကြီး/ ရေလွှမ်းမိုးခြင်း အခြေအနေများ ပို၍ ဆိုးရွား လာနိုင်ခြေရှိသည့်အတွက် “တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်လာသည့် အခြေအနေ”ကို ရောက်ရှိလာပြီဟု HDCO က ဆိုသည်။
သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ရေဘေးတုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများကို အလေးထား ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်သကဲ့သို့ အကူအညီပေးရေးအဖွဲ့အစည်းများအနေဖြင့်လည်း လက်ရှိ အခြေအနေကို အချိန်နှင့် တပြေးညီ စောင့်ကြည့်၍ လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် HDCO က အသိပေးထားသည်။
ရက်ဆက် မိုးကြီးစွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် အာရက္ခပြည်တွင် ဒေသခံပြည်သူ ၃ ဦးသေဆုံးပြီး လမ်း၊ တံတားတချို့ ထိခိုက်ပျက်စီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။
ဇူလိုင်လ ၇ ရက်ကလည်း ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ်များတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၂၄၀ ခန့်အပါအဝင် အခြားအဆောက်အဦးများ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“လတ်တလော ရေဘေးသင့်နေတဲ့မြို့နယ်က ၈မြို့နယ်။ ရွာပေါင်း ၁၀၀လောက်ရှိတယ်။ ကုလားတန်မြစ်၊ လေးမြို့မြစ် ဝဲယာက ရွာတွေများပါတယ်။ မိုးကတော့ ဆက်တိုက်ရွာနေတုန်းပဲ” ဟု ရေဘေးသင့်သူများကို ကူညီပေးနေသည့် စာရေးဆရာ ဝေဟင်အောင်က ၎င်း၏ ဆိုရှယ်မီဒီယာမှာလည်း အသိပေးထားသည်။
ရေဘေးရင်ဆိုင်နေရသော မြို့နယ်များမှ မိဘပြည်သူများအနေဖြင့် လက်ရှိ ဖြစ်ပွားနေသော ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မြွေ၊ ကင်းအစရှိသော အဆိပ်ရှိသတ္တဝါများ၏ အန္တရာယ်များကို အထူးသတိပြုနေထိုကြရန်နှင့် ရေဘေးအန္တရာယ်၏ ထိခိုက်မှုကို လျော့ချနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် HDOC က နှိုးဆော်ထားသည်။
ရေဘေးသင့်နေရာဒေသများမှာ ရှိနေသော ပြည်သူများ၊ တက်ကြွလူငယ်များ၊ လူမှုအဖွဲ့အစည်းများအနေဖြင့် အင်အားနက် အသုံးပြုနိုင်ခြင်း သို့မဟုတ် အင်တာနက် အသုံးပြုရန် လက်လှမ်းမိသော အခြေအနေတွင် ရှိပါက ရေဘေးနှင့် ပတ်သက်၍ တိကျသော အချက်အလက်များ ပေးပို့ခြင်း၊ အရေးပေါ် အကူအညီလိုအပ်ချက်များ တောင်းခံခြင်းကို HDCO.ULA@outlook.com နှင့် @ULAHDCOAVM (တယ်လီဂရမ်) သို့ ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ထံမှ သိရသည်။
ဓာတ်ပုံ – Arakan Princess Media
ပုံစာ – ၂၀၂၆ ခုနှစ်၊ ဂျူလိုင်လ(၉)ရက်နိ၊အာရက္ခ ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ရီမြုပ်နီသောရပ်ရွာများအနက်မှရပ်ရွာတချို့၏ မြင်ကွင်းများ

