(002MG)
အိန္ဒိယ – မြန်မာနယ်စပ် ကလေး- တမူးလမ်းကြောင်းပေါ်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထိန်းချုပ်ထားသည့် ဘုတ်ကန်စံပြ(Zohmun) ကျေးရွာအား ဇူလိုင်လ (၂၉) ရက်နေ့ ညနေပိုင်းတွင် ပြန်လည်ထိန်းချုပ်လိုက်ပြီဟု စစ်တပ်က ထုတ်ပြန်သည်။
ကလေး- တမူးလမ်းကြောင်းတစ်လျှောက် ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီသည် ဇွန်လ ၇ ရက်နေ့ မှစ၍ တမူး- ကလေးမြို့ဘက်မှ စစ်ကြောင်းနှစ်ကြောင်းညှပ်ပြီး လေကြောင်းတိုက်ခိုက်မှုအပါအဝင် မြေပြင်သာလွန်အင် အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ ဇူလိုင်လ (၂၉) ရက် ညနေပိုင်းတွင် ထင်းဇင် ရွာ၏ မြောက်ဘက် မီတာ ၆၂၀၀ ခန့်အကွာရှိ ဘုတ်ကန်စံပြ ကျေးရွာအား ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း စစ်တပ်၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ဇူလိုင် ၂၆ ရက်ကလည်း ထင်းဇင်ရွာ သစ်နှင့် ထင်းဇင်ရွာ ဟောင်းတို့အား သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။
ထို့အပြင် ကလေး – တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အား ဇွန်လ (၂၀) ရက်၊ ကနန်ကျေးရွာအား ဇွန်လ (၃၀) ရက်၊ ကမ္မကြီး (ချင်း) ရွာ ဇူလိုင် (၁၉) ရက်၊ ကမ္မကြီး (ဗမာ) ရွာ ဇူလိုင် (၂၁) ရက်နေ့တို့တွင်သိမ်းပိုက်ထားပြီး လက်ရှိတွင် ဘုတ်ကန်စံပြကျေးရွာအား စစ်တပ်မှ ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုတ်ကန် ကျေးရွာသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် NUG အစိုးရတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ် များက သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါ အဝင် အနီးဝန်းကျင်ဒေသများအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် NUG အစိုးရတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်ခဲ့သော်လည်း လက်ရှိတွင် စစ်တပ်မှ အများစုအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဟု သိရသည်။
အာဏာသိမ်းစစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ သောကြောင့် တမူး – ကလေး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့ အပါအဝင် ကျေးရွာ (၅၀) မှ ပြည်သူအများအပြားသည် အိန္ဒိယနယ်စပ် နှင့် ကလေးမြို့တို့တွင် စစ်ဘေးရှောင်နေ ကြရသည်မှာ (၂) လခန့်ရှိလာပြီဖြစ်သည်။

