ကုန်းမြင့်ဒေသအနီး နေထိုင်သူများ မြေပြိုမှု သဘာဝဘေးအန္တရာဖြစ်နိုင်၍ သတိပြုရန် လိုအပ်
(006SV)
ချင်းပြည်နယ်အပါအဝင် နိုင်ငံတဝန်းက တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် ယနေ့ ဇူလိုင်လ ၂၂ ရက်မှ ၃၀ ရက်အတွင်း နေရာအနှံ့အပြား မိုးထစ်ချုပ်ရွာပြီး အချို့ဒေသများမှာ မိုးကြီးနိုင်သည်ဟု မိုးဇလဌာနထံမှ သိရသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် ဘင်္ဂလား ပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင်း ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည် သတိပေးချက်ကို ဇူလိုင်လ ၂၂ ရက် နံနက် ၆ နာရီခွဲ တိုင်ထားချက်အရ မိုးဇလဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။
ချင်း၊ ကချင်၊ ကရင်နီ ၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း အထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ နဲ့ နေပြည်တော် စသည့် တိုင်းနှင့်ပြည်နယ် ၁၂ ထက်မနည်းမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု သိရသည်။
မိုးဇလဌာန၏ ထုတ်ပြန်ချက်တွင် မန္တလေးနှင့် မကွေးတိုင်း အခြေအနေတို့ကို ဖော်ပြထားခြင်းမရှိဘဲ မိုးကြီးမည် အခြေအနေ မရှိနိုင်ကြောင်း နားလည်ရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများ မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် နှိုးဆော်ထားသည်။
ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်ဟု မိုးဇလဌာနက ထုတ်ပြန်သည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်သည်ဟု သိရသည်။

