(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ဘေးရှောင်အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိသည်ဟု ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနထံမှ သိရသည်။
ဩဂုတ်လ ၁၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် ကန်ပက်လက်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော စစ်ရှောင်စခန်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြချပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဌာနက ယနေ့ ဩဂုတ်လ ၂၀ ရက်မှာ ထုတ်ပြန်သည်။
ဗုံးကြဲမှုကြောင့် စစ်ရှောင်တဲ ၂ လုံးမှာ လုံးဝပျက်စီးသွားခဲ့ပြီး အသက် ၃၅ နှစ်အရွယ် စစ်ရှောင်အမျိုးသမီး ၁ ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မေလလယ်မှ စတင်၍ ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ဦးတည်၍ ထိုးစစ်ဆင်နေသော စစ်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ လတ်တလောရက်များတွင် ထိတွေ့တိုက်ပွဲများမှာ ယခင်လက ထိုးစစ်များကဲ့သို့ မပြင်းထန်ဘဲ အပြန်အလှန်ပစ်ခတ်မှုများ ရှိနေဆဲဖြစ်သည်ဟု သိရသည်။
ဓါတ်ပုံ – CDF – ကန်ပက်လက် / ပုံအဟောင်း (ကန်ပက်လက်မြို့နယ်မှ ဒေသခံများ စစ်ဘေးရှောင်ရစဉ်ပုံ)

