(006SV)
ယခုနှစ်၂၀၂၆ မှစတင်ပြီး အာဏာသိမ်း စစ်တပ်အစိုးရသည် ချင်း၊ ကချင်၊ စစ်ကိုင်းတို့တွင် “နှစ်ကြိမ်ဆင့်”(double tap) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို ပိုမိုအသုံးပြုလာသောကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု ပိုမိုဆိုးရွားလာခြင်းကို တွေ့ရှိရကြောင်း IIMM ထံမှ သိရသည်။
ဩဂုတ်လ ၁၁ ရက်က မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ယင်းကဲ့သို့ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုအကြောင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်။
“ကျနော်သတိထားမိတာက ဒီနှစ်ထဲမှာ စပြီးတော့ အဲဒီနည်းလမ်းကို အသုံးပြုတာပေါ့နော်။ ဒုတိယအကြိမ် လာပြီး ဗုံးကြဲတိုက် ခိုက်တာက ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့်မို့ ထိခိုက်ဒဏ်ရာရရှိတဲ့ လူတွေကို လာကယ်ဆယ်ဖို့ လိုတယ်။ အဲဒီ ဆေးကု သဖို့ လိုအပ်တဲ့ လူတွေကိုပဲ ဒုတိယအကြိမ် ထပ်ပြီးတော့ တိုက်ခိုက်တယ်ဆိုတာက ဒါက လူသားချင်းစာနာမှု လုံးဝ မရှိတဲ့ အနေ အထားပေါ့နော်။ လူသားရာဇဝတ်မှုကို ချိုးဖောက်တဲ့၊ ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်ပါတယ်” ဟု IIMM ၏ အကြီးအကဲ နီကိုလပ်စ် ကွမ်ဂျီအန်က ပြောသည်။
“နှစ်ကြိမ်ဆင့်” (double tap) လေကြောင်းဗုံးကြဲမှု နည်းလမ်းသည် အာဏာသိမ်းစစ်တပ်က ပထမအကြိမ် တိုက်ခိုက်ပြီးနောက် အချိန်တိုအတွင်းမှာပင် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့ နှစ်ကြိမ်ဆင့် တိုက်ခိုက်ခြင်းသည် ပထမတစ်ကြိမ် တိုက်ခိုက်မှုအပြီး အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်သူများ၊ ဒဏ်ရာရသူများကို ကူညီရန် ကြိုးပမ်းနေသူများနှင့် ဘေးလွတ်ရာသို့ ထွက်ပြေးရန် ကြိုးပမ်းနေသူများကို ပစ်မှတ်ထားရန် ရည်ရွယ်ပုံရသည်ဟု IIMM ထံမှ သိရသည်။
“စစ်မက်နဲ့ ပတ်သက်တဲ့ ဒီဥပဒေအရ ဆိုရင် စစ်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့ သူကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်ရမှာပေါ့နော်။ ကျနော်တို့ အမြင်အရဆိုရင် ဒုတိယအကြိမ် လာပြီး တိုက်ခိုက်တာက စစ်တိုက်နေတဲ့ လူတွေကို ရည်ရွယ်တာ မဟုတ်ဘူး။ ပြည်သူတွေနဲ့ ဒါမှ မဟုတ် ထိခိုက်မိနေတဲ့ လူတွေကို အရေးပေါ်ကယ်ဆယ်တဲ့ လူတွေကို တိုက်ခိုက်တာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့ ဒီအမှုက ပိုပြီးတော့ ကြီးလေးပါတယ်” ဟု IIMM ၏ အကြီးအကဲ နီကိုလပ်စ် ကွမ်ဂျီအန်က ပြောသည်။
IIMM သည် ချင်း၊ ကချင်နှင့် စစ်ကိုင်းတို့တွင် ဖြစ်ပွားခဲ့သော ယင်းကဲ့သို့ နှစ်ကြိမ်ဆင့် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်များကို ဦးစားပေး၍ စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
ထို့အပြင် IIMM သည် ချင်း၊ ကချင်၊ ကရင်နီနှင့် စစ်ကိုင်းတို့မှ ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်မှု ဖြစ်စဉ်များ၊ ချင်း၊ ရခိုင်၊ စစ်ကိုင်းတို့ရှိ စာသင်ကျောင်းများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သော ဖြစ်စဉ်များ၊ ချင်းနှင့် ရခိုင်တို့ရှိ ဆေးရုံးများကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောဖြစ်စဉ်များကိုလည်း ဦးစားပေး၍ စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုများကို စီစဉ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့တွင် ပါဝင်ခဲ့သူများနှင့် အမိန့်ပေးကွင်းဆက် အဆင့်ဆင့်ကိုလည်း IIMM က ဖော်ထုတ် ထားနိုင်ပြီးဖြစ်သည်ဟု သိရသည်။
ချင်းအပါအဝင် နိုင်ငံတဝန်းတွင် ဘာသာရေးအဆောက်အအုံမျိုးစုံကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တစ်ခုစီမှာ ဘာသာရေးအဆောက်အအုံ တစ်ခုထက်မက ပျက်စီးခဲ့ရသည်ဟု သိရသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုများသည် များသောအားဖြင့် ပိုမိုကျယ်ပြန့်သော တိုက်ခိုက်မှုများ၏ တစိတ်တပိုင်းဖြစ်ပြီး ကျေးရွာများ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့သည့်အပြင် အရပ်သားသေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းများလည်း ဖြစ်ပွားခဲ့သည်ဟုသိရသည်။
ယင်းသို့ ဘာသာရေးအဆောက်အအုံတိုက်ခိုက်မှုများအတွက် ချင်း၊ ကချင် ကရင်နီနှင့် စစ်ကိုင်းတို့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကို IIMM က စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ IIMM ၏ နှစ်ပတ်လည်အစီရင်ခံစာအရ စစ်တပ်သည် အရပ် သားများကို ရည်ရွယ်ချက် ရှိရှိ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ ဥပဒေနှင့် မညီဘဲ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပုံစံတစ်ရပ်ရပ်ဖြင့် ကျူးလွန်နေကြောင်း ပေါ်လွင်နေသည်ဟု ကြေညာသည်။
စုံစမ်းစစ်ဆေးမှုများကို သက်သေ ၇၅၀ ကျော်၏ ထွက်ဆိုချက်များအပါအဝင် ရင်းမြစ်ပေါင်း ၁,၆၀၀ ကျော်မှ ရရှသော အချက်အလက်များအပြင် ဓါတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ စာရွက်စာတမ်းများ၊ မြေပုံများ၊ ဂြိုလ်တုပုံရိပ်များ၊ ဆိုရှယ်မီဒီယာပိုစ့်များနှင့် မူခင်းဆေးပညာ အထောက်အထားများကို အခြေခံထားသည်ဟု သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက် အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

