(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လူငယ်များကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးရာတွင် နာမည်ကြီးနေသော မြို့သာ ရပ် ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဦးစိုင်းမောင်ကြည်သည် ဓားဖြင့်ထိုးခံရပြီး ဆေးကုသမှုခံယူနေရကြောင်းသိရသည်။
ဦးစိုင်းမောင်ကြည်သည် ဩဂုတ်လ (၃) ရက်နေ့ညပိုင်းက နေအိမ်တွင် ဓားဖြင့်အထိုးခံရပြီး ထိုးဖြင့်သတ်သွားသူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။
ကလေးမြို့ခံတစ်ဦးက “အခုတော့ အုပ်ကြီးမဟုတ်တော့ဘူး။ ဒါပေမယ့် အခုချိန်ထိ စစ်မှုထမ်းဖမ်း တဲ့အထဲမှာ ပါတယ်။ သူကတော်တော်ဆိုးတယ်၊ နာမည်လည်းထွက်တယ်၊ သူက လည်ကတုံး အကျီဖြူနဲ့ ပုဆိုးနဲ့ သေနတ်နဲ့ အဲ့လိုနေတာ၊ ဟောင်ပွာဟောင်ပွာလုပ်တယ် တော်တော်လည်း လူမုန်းများတယ်” ဟု ပြောသည်။
လက်ရှိတွင် မြို့သာရပ်ကွက် အုပ်ချုပ်ရေးမှုးဟောင်း ဦးစိုင်းမောင်ကြည်သည် ကလေးမြို့ ဒကစဝန်းထဲက စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရသည်ဟုသိရသည်။
ဦးစိုင်းမောင်ကြည်သည် မြို့သာရပ်ကွက်အုပ်ချုပ်ရေးမှုးအဖြစ် ယခုနှစ်အတွင်း (၆) လတာဝန်ထမ်းဆောင်ခဲ့ကာ လက်ရှိတွင် အနားယူထားပြီးဖြစ်သော်လည်း မြို့တွင်း လူငယ်များ စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးရာတွင် ဦးဆောင် နေသူတစ်ဦးဖြစ်သည်ဟု ကလေးမြို့ခံက ပြောသည်။
လက်ရှိကလေးမြို့ပေါ်တွင် စစ်တပ်နှင့် ပျူစောထီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ စစ်မှုထမ်းအတွက် လူဦးရေပြည့်မှီရန် မြို့နေ လူငယ်၊ လူလတ်ပိုင်း၊ ဆိုက်တွဲ မောင် နှင်းသူများပါမကျန် ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာ သည်ဟု သိရသည်။

