(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းအတွက် လူငယ်များဖမ်းဆီးမှု ဆက်လက် ပြုလုပ်နေပြီး ယခင်ကထက် အဖမ်းအဆီးများပိုကြမ်းလာသည်ဟု သိရသည်။
ပြီးခဲ့သည့်ဇူလိုင် ၃၁ ရက်နေ့က အသွင်းပြောင်း စစ်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားစဉ် စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော်မည်ဟု ပြောဆိုခဲ့ပြီးနောက် ကလေးမြို့ပေါ် ရပ်ကွက်တချို့မှာ ဖမ်းဆီးမှုတွေပိုတွေ့လာရသည်ဟု သိရသည်။
ကလေးမြို့က ဆိုက်တွဲသမားတစ်ဦးက “အဖမ်းအဆီးက အရင်ထက်ကိုများလာတာ၊ သူတို့က ပေါ်တင်ကို ဆွဲတော့ တာဆိုတော့ ဆိုက်တွဲမောင်းစားရတာလည်း မလုံခြုံလာတော့ဘူး။ ဆိုက်တွဲမဆွဲရင်လည်း စားဖို့ကခက်ခဲတယ်၊ အလုပ်ကရှားသေး၊ ရှိပြန်လည်း ပေါ်တာဆွဲခံရမှာကလည်း စိုးရိမ်ရပြန်တယ်။” ဟုပြောသည်။
ကလေးမြို့မှာ အာဏာသိမ်းစစ်တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများသည် မြို့ပေါ်နေ လူငယ်၊ လူလတ် ပိုင်းများအား စစ်မှုထမ်းရန်အတွက် လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီး မှုများ ကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်။
အထူးသဖြင့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် မင်းကြီးဟိုတယ်အရှေ့ ၊ ပင်လုံမီးပွိုင့်၊ စံပြလမ်းထောင့် (တံတားဦး အနီး)၊ ဘူတာလမ်းခွဲ၊ ပင်လုံလမ်းမတော် ကားလေးဝန်းထိပ်၊ တောင်သာရပ်ကွက် ၊ မြို့လှလမ်းမကြီး၊ တောင်သာ လမ်းချိုးများ၊ စမ်းမြို့ဘုန်းကြီးကျောင်းအရှေ့၊ ရွှေကျောင်းတော် ဘုန်းကြီး ကျောင်းအနီး (ဘုံတောလမ်းထောင့်)၊ တာဟန်းဘက် မြို့တွင်း လမ်းကြိုလမ်းကြားများတွင် စစ်ဆေးခြင်းနှင့် ရုတ်တရက် ဖမ်းဆီးခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ ထံမှသိရသည်။
ကလေးမြို့ခံအမျိုးသမီးက “သူတို့က ရပ်ကွက်လမ်းထဲကိုတောင် တရက်မှာ ၂ ခါ၊ ၃ ခါလာတာ အခု ဆိုရင် စစ်သားတွေ ကိုယ်တိုင်ဖမ်းတော့တာ။ အိမ်ထောင် စုစာရင်းနဲ့ စစ်ပြီး အိမ်တစ်အိမ်မှာ စစ်မှုထမ်းတဲ့အရွယ် လူငယ်တွေရှိတာ တွေ့ရင် တော့ သူတို့ကမှတ်ထားတာ၊ မရှိတဲ့သူတွေလည်း ဖမ်းမှာတဲ့။ ဘယ်တော့ ကိုယ့်အိမ်ကို စစ်မှုထမ်း ခေါ် တဲ့စာ ရောက် လာမလဲမသိဘူး စိတ်တထစ်ထစ်နဲ့ နေနေရတာ။” ဟု ပြောသည်။
စစ်တပ်သည် မြို့ပေါ်နေ လူငယ်၊ လူလတ်ပိုင်းများအား စစ်မှုထမ်းရန်အတွက် လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေသည့်အပြင် လှည့်ကင်းနှင့် ကင်းပုန်းစနစ်ဖြင့် မြို့တွင်းသို့ လှည့်ပတ်ကာ သတ်မှတ်လူဦးရေ ရရှိသည်အထိ အတင်းအဓမ္မဖမ်းဆီးနေသည်ဟု သိရသည်။
ထို့ကြောင့် မိဘပြည်သူများ၊ လူငယ်များအနေဖြင့် ယခုရက်ပိုင်းအတွင်း အပြင်သွားရာတွင် အထူးသတိပြုကြရန်နှင့် မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်းများမပြုလုပ်ကြရန် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက သတိပေး ထားသည်။

