(006SV)
ချင်းပြည်နယ်၊ ဟားခါးမြို့အနီးရှိ ချွန်ကျုံးကျေးရွာမှ ချင်းခရစ်ယာန်သင်းအုပ်ဆရာ သိက္ခာတော်ရ Reverend William နှင့် ဒေသခံရွာသား Pu Nam Ceu တို့ကို အာဏာသိမ်းစစ်တပ်က တရားလက်လွတ်သတ်ဖြတ်ခဲ့ခြင်းကို အရေးယူ ပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းထံ Burma Research Institute (BRI) အဖွဲ့က တောင်းဆို သည်။
ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော်ကြီးနှင့် ဒေသခံရွာသား ၁ ဦးတို့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် စစ်တပ်က ဥပဒေကြောင်းအရ တရားမျှတစွာ စစ်ဆေးစီရင်ခြင်း မလုပ်ဆောင်ဘဲ တရားဥပဒေမဲ့ သတ်ဖြတ်ခဲ့သည်ဟု BRI အဖွဲ့က ဩဂုတ်လ ၂၇ ရက်မှာ ထုတ်ပြန်သည်။
၂၀၂၆ ခုနှစ် မေလ ၁၆ ရက်က သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသား ၁ ဦးတို့ကို ချွန်ကျုံးကျေးရွာ၏ တစ်မိုင်ခန့် အကွာရှိ တောင်ယာတဲ တစ်ခုတွင် ပဲခူးအခြေစိုက် ခြေမြန်တပ်မ ၇၇ က ဖမ်းဆီးခဲ့ပြီး တစ်လဝန်းကျင်အကြာမှာ သတ်ဖြတ်မှုဖြစ်သည်ဟု သိရသည်။
“သူမိသားစု၊ သူ့အသင်းတော်ဝင်တွေနဲ့ ကမ္ဘာတဝန်းက ချင်းညီအစ်ကို မောင်နှမတွေအားလုံးနဲ့အတူ ကျနော်တို့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်။ ဒီဟာက ဥပဒေကြောင်းအရ တရားမျှတစွာ စစ်ဆေးစီးရင်ခြင်း၊ တရားခွင်မှာ စစ်ဆေးခြင်း မရှိဘဲ တရားလက်လွတ် သတ်ဖြတ်မှု ဖြစ်ပါတယ်။ ဒီသတ်ဖြတ်မှုကို ကျူးလွန်တဲ့ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ နိုင်ငံတကာနဲ့ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု အစိုးရတို့ကို့ ကျနော်တို့ တောင်းဆိုပါ တယ်” ဟု BRI ၏ ဘုတ်အဖွဲ့ ဥက္ကဌ နှင့် အမေရိကန် နှစ်ခြင်းခရစ်ယာန်အသင်းတော်များ၏ အထွေထွေအတွင်း ရေးမှူးချုပ်ဟောင်းဖြစ်သူ ဒေါက်တာရော်ဘင်စတု(ပ်)စ်က ပြောသည်။
စစ်တပ်ဖမ်းဆီးချိန်မှာ ထိုတောင်ယာတဲတွင် ချင်းခရစ်ယာန်သင်းအုပ်ဆရာ အပါအဝင် လူ ၅ ဦး ရှိနေပြီး ဒေသခံရွာသား ၃ ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဆရာတော်သည် ၎င်း၏ သင်းအုပ်ဓမ္မဆရာ သက်သေခံကတ်ပြားက ကာကွယ်ပေး နိုင်လိမ့်မည်ဟု ယုံကြည်၍ ထွက်မပြေးခဲ့ကြောင်း BRI ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ဆရာတော်နှင့် ဒေသခံ ရွာသား ၁ ဦးတို့ကို တပ်မ ၇၇ မှ ဗိုလ်မှူးကြီး လွှမ်းမိုးနိုင်က ဖမ်းဆီးထိန်းသိမ်းထားပြီး ဇွန်လ ၂ ရက်က ဟားခါးမြို့နှင့် ဇွန်လ ၃ ရက်က ထန်တလန်မြို့တို့တွင် ဗိုလ်မှူးကြီး လွှမ်းမိုးနိုင်နှင့် အတူရှိနေသည်ကို ဟားခါးမြို့မှ ဒေသခံများက တွေ့ရှိခဲ့ရသည်ဟု BRI က စုံစမ်းသိရှိရကြောင်း သိရသည်။
ထို့ကြောင့် ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသား Pu Nam Ceu တို့ကို ဇွန်လ ၄ ရက် နောက်ပိုင်းတွင် စစ်တပ်က သတ်ဖြတ်ခဲ့သည်ဟု ဘုရားကျောင်းတာဝန်ရှိသူများနှင့် ၎င်းတို့၏ မိသားစုဝင်များက ယူဆသည်။
ဆရာတော် ဝီလျံနှင့် ဒေသခံ ရွာသားတို့အကြောင်းကို ဟားခါးမြို့နှင့် ဖလမ်းမြို့ရှိ စစ်တပ်အာဏာပိုင်များအပြင် တပ်မ ၇၇ တပ်မမှူးထံသို့လည်း ဟားခါးမြို့ ဘာသာရေးခေါင်းဆောင်များက မေးမြန်းစုံစမ်းခဲ့သည်ဟု သိရသည်။
၎င်းတို့ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို စစ်တပ်အာဏာပိုင်များထံ ဘာသာရေးခေါင်းဆောင်များက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်မှုမရကြောင်း သိရသည်။
သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်၏ ဆရာတော် ဝီလျံသည် CDF – ဟားခါးကို ထောက်ပံ့ကူညီသည်ဟူသော စွပ်စွဲချက်ဖြင့် သတ်ဖြတ်ခံခဲ့ရသည်ဟု BRI ထံမှ သိရသည်။
ဟားခါးမြို့၏ ၁၅ မိုင်အကွာမှ အိမ်ခြေ ၃၀၀ ကျော်ရှိသော ချွန်ကျုံးကျေးရွာသည် ဟားခါး- ကလေးလမ်းမပေါ်တွင် တည်ရှိပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်တပ်က ချွန်ကျုံးကျေးရွာမှ အိမ်ခြေ ၁၁၈ လုံးခန့်ကို မီးရှို့ဖျက်စီးခဲ့သည်ဟု သိရသည်။
စစ်တပ်က ချွန်ကျုံးကျေးရွာမှ ပြည်သူ ၁၆ ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီး ဒေသခံပြည်သူ ၅ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ချွန်ကျုံးနှစ်ခြင်းအသင်းတော်ပိုင် ပစ္စည်းများကိုလည်း ဖျက်စီးမှု ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။
၁၉၉၈ ခုနှစ် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်အက်ဥပဒေအရ မြန်မာနိုင်ငံသည် စစ်တပ်အစိုးရ အဆက်ဆက်၏ ဘာသာရေးလွတ်လပ်ခွင့်အပေါ် ဖိနှိပ်မှုများကြောင့် ၁၉၉၉ ခုနှစ်မှ စတင်၍ အထူးစိုးရိမ်ရသည့် နိုင်ငံအဖြစ် (CPC) သတ်မှတ်ခဲ့သော်လည်း အမေရိကန်အစိုးရက ထိရောက်သော အရေယူမှုများ လုပ်ဆောင်ခြင်း မရှိခဲ့ကြောင်း BRI က ထုတ်ပြန်သည်။
မြန်မာနိုင်ငံအတွင်း ညှင်းပန်းနှိပ်စက်ခံနေရသော ခရစ်ယာန်ဘာသာဝင်များကို လက်ရှိထရမ့်အစိုးရအနေဖြင့် ကာကွယ်စောင့်ရှောက်ပေးရန် BRI ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် Pu Zo Tum Hmung က တောင်းဆိုသည်။
သိက္ခာတော်ရ Reverend William သည် သင်းအုပ်ဆရာအဖြစ် ၂၅ နှစ်တိုင်တိုင် အမှုတော်ထမ်းဆောင်ခဲ့ပြီး ဇနီးနှင့် သားသမီး ၅ ဦး ကျန်ရစ်ခဲ့သည်။ ချွန်ကျုံးကျေးရွာတွင် ဩဂုတ်လ ၂၆ ရက်နေ့က Reverend William အတွက် အောက်မေ့ဖွယ်အခမ်းအနားကိုလည်း ကျင်းပခဲ့ကြကြောင်းသိရသည်။

