ရုပ်အလောင်းတွင် ရင်ခွဲစစ်ဆေးထားသည့် ချုပ်ကြောင်းဒဏ်ရာများ ပြည့်နှက်နေ
(004SS)
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့တွင် မန္တလေးမှ ထွက်ခွာလာသည့် မော်တော်ယာဉ်တစ်စီးကို စစ်တပ်က တားဆီးစစ်ဆေးစဉ် ဖမ်းဆီးခံခဲ့ရသည့် ချင်းအမျိုးသား ယာဉ်နောက်လိုက်ဖြစ်သူသည် ဖမ်းဆီးခံရစဉ်အတွင်း သေဆုံးသွားခဲ့ကြောင်းသိရသည်။
သေဆုံးသူသည် အသက် ၂၇ နှစ်အရွယ်ရှိ ဦးဒိုးရှမ်းမန်ဖြစ်ပြီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Heilei ကျေးရွာဇာတိဖြစ်ကာ ကလေးမြို့တွင်နေထိုင်သူဖြစ်သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ် ၂၂ ရက် (စနေနေ့) က ကလေးဝတံတား စစ်ဆေးရေးဂိတ်တွင် မန္တလေးမှထွက်ခွါလာသော ကားတစ်စီးကို စိတ်ကြွဆေးပြား (Methamphetamine) များ ပါရှိသည်ဟုဆိုကာ စစ်တပ်က တားဆီးစစ်ဆေး ဖမ်းဆီးခဲ့ တယ်လို့သိရပါတယ်။
အဆိုပါ ကားပေါ်တွင် မူးယစ်ဆေးဝါးတွေ့ရှိရာ ပစ္စည်းပိုင်ရှင်များမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကားပေါ်တွင် ပါလာသည့် ယာဉ်နောက်လိုက် ဦးဒိုးရှမ်းမန်၊ ယာဉ်မောင်း (ယာဉ်ပိုင်ရှင်) မိသားစုဝင် ၃ ဦးနှင့် ပစ္စည်းပိုင်ရှင်၏ ကိုယ် စားလှယ် အမျိုးသားတစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦးကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။
သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက “ကားပိုင်ရှင်က သူ့ကို နင်အားရင် လိုက်ခဲ့မလားဆိုပြီး ခေါ်တာ။ သူလဲ အလုပ်မရှိတဲ့ အချိန်ဆိုတော့ လိုက်သွားတာပေါ့။ အဲဒီကားကလည်း သူများပစ္စည်းသယ်ဖို့ ငှါးထားတာ။ မန္တလေးကနေ လာတာ ကလေးဝတံတားမှာ စစ်ဆေးခံရပြီး ဖမ်းဆီးသွားတာ။ ပစ္စည်းပိုင်ရှင်တွေကတော့ ထွက်ပြေးသွားတယ်။ အခု ဆုံးသွား တဲ့သူရယ်၊ ကားပိုင်ရှင် မိသားစု အပါအဝင် ၅ ယောက် ဖမ်းမိတာပါ” ဟု ပြောသည်။
သေဆုံးသွားသူ ယာဉ်နောက်လိုက် ဦးဒိုးရှမ်းမန်သည် ဖမ်းဆီးခံရပြီး ၃ ရက်နေ့ ဩဂုတ် ၂၅ ရက်နေ့တွင် စစ်တပ်၏ ဖမ်းဆီး ထိန်းသိမ်းထားစဉ်အတွင်း ကလေးဝတွင် သေဆုံးသွားခဲ့ခြင်းဟု သိရသည်။
၎င်း၏ ရုပ်အလောင်းကို ကလေးဝမြို့တွင် တစ်ကြိမ်၊ ကလေးမြို့သို့ ရောက်ရှိချိန်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ရင်ခွဲစစ်ဆေးမှု (Postmortem) များ ပြုလုပ်ခဲ့သည်ဟုလည်း သေဆုံးသူ၏ မိသားစုဝင်များထံမှ သိရသည်။
သေဆုံးမှုနှင့် ပတ်သက်၍ စစ်တပ်ဘက်က ၎င်းတို့၏ နှိပ်စက်စစ်ဆေးမှုကြောင့် သေဆုံးခြင်းမဟုတ်ဘဲ ကျန်းမာရေး အခြေအနေကြောင့်သာ သေဆုံးသွားခြင်း ဖြစ်ကြောင်း မိသားစုထံ ပြောဆိုခဲ့ကြောင်း သိရသည်။
သို့သော်လည်း ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်းမှာ ညှင်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးခြင်းဖြစ်နိုင်သည်ဟုလည်း ယူဆနေကြသည်။
ဩဂုတ် ၂၅ ရက် ည ၉ နာရီကျော်တွင် မိသားစုဝင်များသည် ကလေးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ရုပ်အလောင်းကို သွားရောက် ထုတ်ယူခဲ့ကြရသည်ဟု သိရသည်။
ရုပ်အလောင်း၏ အခြေအနေနှင့် ပတ်သက်၍အကြောင်း သိရှိသူအမျိုးသားတစ်ဦးက “ကျွန်တော်တို့ ညီကို ဖမ်းဆီးပြီး ၃ ရက်မှာ အလောင်းလာယူပါဆိုပြီး စစ်တပ်က ဆက်သွယ်တယ်။ ရင်ခွဲစစ်ဆေးတာတော့ ၂ ခါ စစ်တယ်လို့ ပြောတယ်။ အလောင်းမှာ ခွဲစိတ်ထားတဲ့ ဒဏ်ရာတွေရယ်၊ လက်မှာ ဖမ်းဆီးထားတုန်းက လက်ထိပ်ခတ်ထားတဲ့ နေရာတွေမှာ ညိုမဲစွဲနေတာတွေ ရှိတယ်။ တခြားနေရာတွေမှာတော့ ရိုက်နှက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ မတွေ့ရပါဘူးလို့တော့ သိရပါတယ်။” ဟု ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ZYA အဖွဲ့၏ ကူညီမှုဖြင့် မိသားစုထံ လွှဲပြောင်းပေးခဲ့ပြီး ယနေ့ ဩဂုတ် ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ကလေးမြို့ရှိ ၎င်း၏နေအိမ်မှတစ်ဆင့် သင်္ဂြိုဟ်ပြီးစီးခဲ့ပြီ ဖြစ်သည်။
လက်ရှိတွင် အဆိုပါ ဖြစ်စဉ်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူများအနက် ကားပိုင်ရှင်အပါအဝင် ၂ ဦးကို စစ်တပ်က ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

