(006SV)
အာဏာသိမ်းစစ်တပ်အစိုးရက ထိန်းချုပ်ထားသော ပြည်ထောင်စု တရားလွှတ်တော်ချုပ်က နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာ ၃ ဦး၏ ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်များ ရုပ်သိမ်းလိုက်ခြင်းသည် ဘာသာရေးရေး လွတ်လပ်ခွင့်ကို အပြင်းအထန် ချိုးဖောက်နေ၍ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့် နိုင်ငံ (CPC) အဖြစ် သတ်မှတ်ရန် အမေရိကန်အစိုးရထံသို့ Burma Research Institute (BRI) က တောင်းဆိုလိုက်သည်။
အမိန့်အမှတ် ၂၅၄/ ၂၀၂၆ ဖြင့် ခရစ်ယာန်ဓမ္မဆရာ ၃ ဦး၏ ခရစ်ယာန် မင်္ဂလာပွဲများ ထိန်းမြားပေးခွင့် လိုင်စင်များကို ဇွန်လ ၉ ရက်မှာ စစ်အစိုးရ၏ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရုတ်သိမ်းခဲ့ကြောင်း BRI က စက်တင်ဘာလ ၂၄ ရက် ထုတ်ပြန်သည်။
“စစ်ကောင်စီရဲ့ တရားလွှတ်တော်ချုပ်က ၂၀၂၆ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်တွေဟာ စစ်ကောင်စီက ဘာသာရေး လွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေကြောင်း ထပ်မံပြသလိုက်တဲ့ သာဓကတွေ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင် (USCIRF) က စနစ်တကျ၊ ဆက်တိုက်နဲ့ အလွန်ဆိုးရွားတဲ့ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုများအတွက် ၂၀၂၆ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာမှာ ထောက်ခံအကြံပြုထားတဲ့အတိုင်း အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် အက်ဥပဒေအရ ထရန့်အစိုးရအနေနဲ့ မြန်မာကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံ (CPC) အဖြစ် ချက်ချင်း ပြန်လည်သတ်မှတ်သင့်ပါတယ်” ဟု BRI ဥက္ကဌ နှင့် CEO ဖြစ်သူ Zo Tum Hmung က ပြောသည်။
ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်ရုပ်သိမ်းခြင်းခံရသော ဓမ္မဆရာ ၃ ဦးမှာ ပြင်ဦးလွင်ခရိုင်၊ ပဒေသာမြို့သစ်မှ ယေရုရှလင် နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ သင်းအုပ်ဆရာ၊ သိက္ခာတော်ရ ဆရာ ဒေါက်တာ ဇော်တောင် (ခ) ခေါင်းလွမ်း နှင့် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှ လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ သင်းအုပ်ဆရာ၊ သိက္ခာတော်ရ ဆရာ ဦးဂျိုးဇက် (ခ) ဦးဇော်လင်းတို့ ဖြစ်သည်ဟု သိရသည်။
နောက်တစ်ဦးမှာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်ရှိ၊ မြောက်ဥက္ကလာပ တိုင်းရင်းသားပေါင်းစုံ နှစ်ခြင်းအသင်းတော်မှ ဆရာတော် စောမြင့်ထွန်းဖြစ်သည်ဟု သိရသည်။
စစ်တပ်အစိုးရက ထိန်းချုပ်ထားသော ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အဆိုပါဓမ္မဆရာ ၃ ဦးသည် ခရစ်ယာန် ထိန်းမြားခြင်း အက်ဥပဒေ ပုဒ်မ ၆ နှင့် ပုဒ်မ ၉ တို့ကို ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး ယင်းသည် သမ္မတ ဦးသိန်းစိန် လက်ထက်က ပြဌာန်းခဲ့သော မြန်မာဗုဒ္ဓသာသာဝင် အမျိုးသမီးများ ထိန်းမြားခြင်းဆိုင်ရာ ဥပဒေနှင့် ကိုးကွယ်သည့် ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတို့အပေါ်တွင် အခြေခံ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာဗုဒ္ဓသာသာဝင် အမျိုးသမီးများ ထိန်းမြားခြင်းဆိုင်ရာ ဥပဒေနှင့် ကိုးကွယ်သည့် ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတို့သည် လူတိုင်း၏ ဘာသာစကား၊ ကိုးကွယ်သည့် ဘာသာ သို့မဟုတ် ယုံကြည်ချက်ကို ပြောင်းလဲနိုင်သော လွတ်လပ်ခွင့်ကို အာမခံထားသော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ပုဒ်မ ၁၈ နှင့် ဆန့်ကျင်ဘက် ဖြစ်သည်ဟု BRI က ဆိုသည်။
ထို့အပြင် ၁၉၉၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စစ်တပ်၏ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများကြောင့် မြန်မာကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်းရသည့် နိုင်ငံ (CPC) အဖြစ် သတ်မှတ်ရန်လည်း BRI က တောင်းဆိုထားသည်။
ဓမ္မဆရာ ဒေါက်တာဇော်တောင်သည် ဗုဒ္ဓဘာသာဝင် အမျိုးသားနှင့် အမျိုးသမီးတို့ကို ခရစ်ယာန်ဘာသာဝင်များဖြစ် သည်ဟူ၍ ဘာသာရေးဆရာ၏ ထောက်ခံချက်ဖြင့် လက်ထပ်ပေးခဲ့ကြောင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကိုလည်း ခရစ်ယာန်ဘာသာသို့ ပြောင်းလဲကိုးကွယ်ရာတွင် ကိုယ်တိုင်ကြေညာခဲ့သော်လည်း ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ဓမ္မဆရာ ဂျိုးဇက် သည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးနှင့် အခြားဘာသာဝင် အမျိုးသားများကို ထိန်းမြားပေးခဲ့ပြီး ၂၀၁၅ ခုနှစ် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအရ ၎င်းတို့သည် လက်ထပ်မှတ်ပုံတင် အရာရှိများကသာ လက်ထပ်ပေးနိုင်သည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ဓမ္မဆရာ စောမြင့်ထွန်းသည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းကြောင်း ကြေညာချက်အပေါ် အခြေခံ၍ ဗုဒ္ဓဘာသာဝင် အမျိုးသမီး တစ်ဦးနှင့် ခရစ်ယာန်အမျိုးသား တစ်ဦးတို့ကို ထိန်းမြားပေးခဲ့ကြောင်း ၊ ယင်းသည် ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကို လိုက်နာဆောင်ရွက်ခြင်းမရှိသောကြောင့် တရားမဝင်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

