ချင်းနိုင်ငံရေးသမိုင်း (၂)

0

ဆလိုင်းချင်းဖြူ   –

ရှေးဦးချင်းနိုင်ငံရေး

ချင်းလူမျိုးများသည် အခြားသော ကမ္ဘာသူကမ္ဘာသားများနည်းတူ လူမှုရေးစနစ် အမျိုးမျိုးကို ဖြတ်ကျော်လာခဲ့ရင်း နိုင်ငံရေးစနစ် အမျိုးမျိုးကိုလည်း ကျင့်သုံးလာခဲ့မည်မှာ မြေကြီးလက်ခတ်မလွဲ သေချာပါသည်၊ တိဘက် ကုန်းပြင်မြင့် တွင် နေထိုင်ခဲ့စဉ်က ယဉ်ကျေးမှု အဆင့်အတန်း အတန်မြင့်မားခဲ့ရကား ထိုအချိန်တွင် အုပ်ချုပ် ရေးစနစ် ကိုပါ ကျင့်သုံးခဲ့မည်ဟု ယူဆရပေမည်၊ အုပ်ချုပ်ရေးသည် နိုင်ငံရေးပင် ဖြစ်ရာ အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံလူတန်းစား များပါ ပေါ်ပေါက်ဘွယ်ရာ ရှိပေသည်၊ ချင်းလူအဖွဲ့အစည်းတွင် ကျွန်ပိုင်ရှင်စနစ်နှင့် ပဒေသရာဇ်စနစ် သိသိသာသာ ကွဲပြားခြားနားမည်ဟုယူဆရန်ခဲယဉ်းလှပေသည်၊  အကြောင်းမှာ ပဒေသရာဇ်ခေတ်နှောင်းပိုင်းကာလအထိ ကျေးကျွန်များရှိနေသေးသောကြောင့်ဖြစ်ပါသည်၊ ချင်းပဒေသရာဇ်များသည် မိမိတို့ပိုင်နက်နယ်မြေ ကျယ်ပြန့်သည်ဖြစ်စေ၊ ကျဉ်းမြောင်းသည်မြစ်စေ ကံကျွေးချ စနစ် ကိုသော်၎င်း၊ သက်ဦးဆံပိုင်ဘုရင်စနစ်ကိုသော်၎င်း ကျင့်သုံးခဲ့သည်ဟုယူဆရပါသည်၊ သို့ရာတွင် အနောက်တိုင်းသား များကဲ့သို့ ရက်စက်ကြမ်းကြုတ် စွာ သြဇာအာဏာ ကိုင်တွယ်ခြင်းမျိုးကိုမူ မကျင့်သုံးခဲ့ကြချေ၊ နောက်ခံ ပထဝီအနေ အထားအရ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အချင်းချင်း ကူးလူးဆက်ဆံမှု နည်းပါးသောကြောင့်စီးပွါးရေး တိုးတက် ဖွံ့ဖြိုးမှု အထူးပင်နှေးကွေးခဲ့သည်၊ ကုန်စည် ကူးသန်းရောင်းဝယ်ဖောက်ကားမှု မရှိပဲ မိရိုးဖလာအိမ်တွင်းစိုက် ပျိုးရေး နှင့် အိမ်မွေးတိရိစ္ဆာန်များဖြင့် ရောင့်ရဲ တင်းတိမ်နေခဲ့ကြရသည်၊ စားနပ်ရိက္ခာ များကို မိမိတို့၏ အိမ်တွင်း လုပ်ငန်း များဖြင့် ဖြည့်ဆည်းကြရသည်၊ တစ်နေရာတွင် ဝမ်းစာမဖူလုံနိုင်တော့မှသာ အခြားဒေသများသို့ ရွှေ့ပြောင်းနေ ထိုင်လေ့ရှိ ကြသည်၊

 

အုပ်ချုပ်သူချင်းပဒေသရာဇမင်းများသည် တစ်တော တစ်ဖတွန် အာဏာပြိုင်ဆိုင်ကြရင်း သူတစ်လူငါ တစ် မင်းဖြင့် ထီးပြိုင်နန်းပြိုင်မင်းလုပ်နေခဲ့ကြပါသည်၊ သြဇာအာဏာပြိုင်ဆိုင်မှုကြောင့်သော်၎င်း၊ အမှုအခင်းဖြစ်သော  ကြောင့်သော်၎င်း၊ ရန်ကြွေးရန်ဟောင်းကြောင့်သော်၎င်း အကြောင်းအမျိုးမျိုးကြောင့် တစ်ရွာနှင့် တစ်ရွာ စစ်တိုက်ကြ လျှင်လည်း စစ်နိုင်သူက စစ်ရှုံးသူအား စစ်လျော်ကြေးတောင်းပြီး မိမိတို့နေရင်း ရပ်ရွာသို့ ပြန်လွှတ်လေ့ ရှိကြသည်၊ ထိုသို့ဖြင့် တောင်ပိုင်စော်ဘွားများ သည် အချင်းချင်း နားလည်မှုများစွာထားတတ်ကြသည်၊ ထိုကြောင့် ချင်းလူမျိုးတို့ ကျင့်သုံးသော နိုင်ငံရေးစနစ်သည် ဂရိမြို့ပြနိုင်ငံရေး ( City State ) နှင့်ဆင်ဆင်တူသည့် ကျေးလက် နိုင်ငံရေးစနစ် ( Village State ) ဟုဆိုနိုင်ပါသည်၊ တနည်းအားဖြင့် ဖက်ဒရယ်ဆန်သော ပဒေသရာဇ် နိုင်ငံရေး စနစ်ဟု ဆိုရပါမည်၊ ချင်းစော်ဘွားများသည် တစ်ဦးနှင့် တစ်ဦးလေးစားအသိအမှတ် ပြုသောအနေဖြင့် အကြောင်း မရှိဘဲ ကျုးကျော်ရန် စလေ့မရှိကြချေ၊ တိုင်းတပါးမှ ကျုးကျော်ရန်စမှုများကိုမူ သည်းခံခွင့်လွှတ်လိုစိတ်လုံးဝမဘဲ ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက် လေ့ရှိကြသည်၊

 

ထိုကြောင့်ဗြိတိသျှတို့၏ ကျုးကျော်ရန်စမှုကိုလည်း ၁၇၇၆ ခုနှစ်မှ ၁၉ဝ၉ ခုနှစ်အထိ စွမ်းစွမ်းတ မံ ခုခံခဲ့ကြသည်၊ လက်နက်ချင်း မယှဉ်သာသောကြောင့်သာ  အားမတန် မာန်လျှော့အညံ့ခံအရှုံးပေးကြရခြင်းဖြစ်သည်၊ စစ်ရှုံး၍ပန်းပေး ရသည် ဟုပင်ဆိုရသော်ငြားလည်း ချင်းလူမျိုးတို့၏ ရဲစွမ်းသတ္တိကိုဗြိတိသျှ စစ်အရာရှိများ လက်ဖျား ခါရ လောက်အောင်ချီးမွမ်းကြရသည်၊ လက်နက်အင်အားမတောင့်တင်း၊ ရရာလက်နက်များကိုဆွဲကိုင် ရင်ဆိုင်တိုက် ခိုက်ကြခြင်းကြောင့် နှစ်ပေါင်းနှစ် ရာကျော်ကြာ သည်အထိဗြိတိသျှတို့ကစစ်ကြောင်းအ ထပ်ထပ်၊ စစ်ပွဲအကြိမ်ကြိမ် ဆင်နွှဲ့ပြီးမှ ချင်းပြည်ကို ဆုံးရှုံးမှုမြောက်မြားစွာဖြင့်သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့ခြင်းဖြစ်ပါ သည်၊

 

ဗြိတိသျှတို့သည် ချင်းပြည်အား သိမ်းပိုက်နိုင်ရန် အတွက် ကျူးကျော်စစ် အကြိမ်ပေါင်းများစွာ ဆင်နွှ့ပြီး ၄င်းတို့ ဆုံးရှုံးခဲ့သော ကုန်ကျစရိတ်များအား ပြန်လည် ဖြည့်စွက်ရန် ချင်းပြည်ထွက်သစ်ဝါးများနှင့် သစ် တောထွက်ပစ္စည်းများကို ထုတ်လုပ် ရောင်းဝယ်ဖောက်ကားလို၍၎င်း၊ ထိုအရောင်းအဝယ်များမှ အခွန်ငွေများ ရလို၍၎င်း ချင်းလူမျိုးများ၏ ဘိုးဘွားပိုင်မြေပေါ်တွင် လက်ဖက်ခြံစိုက်ပျိုး ထုတ်လုပ် ရောင်းဝယ်ဖောက်ကား ခြင်းအ ပေါ် အမြတ်ခွန်များ  အခွန်ငွေများကောက်ခံလို၍၎င်း၊ ၄င်းတို့တိုင်းပြည်ရှိ စက်မှု လုပ်ငန်းများအတွက် ကုန်ကြမ်း ပစ္စည်းများ လိုအပ်နေ၍၎င်း၊ ၄င်းတို့၏လောဘရမက်ကို ဖြည့်ဆည်းရန် ခိုင်လုံသော အကြောင်းပြစရာမရှိဘဲ ၄င်းတို့ ပိုင်နက်မြေများအား ကျုးကျော်ထိပါးသည်ဟု စွပ်စွဲပြီး လက်နက်အား ကိုးဖြင့်ချင်းပြည်နှင့် ချင်းလူမျိုးတို့ကို မတရား ထိုးစစ်ဆင်နွှဲ့ကာ တိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်ခဲ့လေသည်၊ လက်နက်အင်အားမမျှ၊ စစ်ရှုံးခဲ့သော်ငြား လည်း လွယ်ကူ စွာ အရှုံးပေးခဲ့သည်ကား မဟုတ်ချေ၊ ၁၇၇၇ မှ ၁၈၃ဝ အထိ စစ်တကောင်း နယ်မှ အနောက်ဖက် ချင်းများက ၎င်း၊ ၁၈၂၆ မှ ၁၉ဝဝ အထိ တောင်ပိုင်း ချင်းများက၎င်း၊ ၁၈၂၅ မှ ၁၈၉ဝ အထိ အနောက်မြောက်နှင့် မြောက်ဖက်ချင်း များက၎င်း ၊ ၁၈၈၅မှ၁၈၉၆ထိအရှေ့ မြောက်အရှေ့နှင့်အရှေတောင်ဖက်ရှိ ချင်းများက၎င်း ရရာလက် နက်များဖြစ်သည့် တုတ်၊ ဓါး၊ လှံ၊ ကျောက်မောင်း၊ လေးမြား၊  တူမီး၊ ဒူးလေး စသည်တို့ဖြင့် ရဲဝံ့စွာရင်ဆိုင် တိုက်ခိုက်ခဲ့ကြလေသည်၊ ပလက်ဝနယ်မှ ဆလိန်မင်တောင်တိုက်ပွဲ၊ မင်းတပ်နယ်မှ မလုံပန်းတိုက်ပွဲ၊ တီးတိန်နယ်မှ ရှာလုမ်းတိုက်ပွဲနှင့်ဆွမ် ရာနယ်မှ ကူကီးချင်း အရေးတော်ပှုံတိုက်ပွဲများသည် ကမ္ဘာကျော်သမိုင်းဝင်စစ်ပွဲများလောက် ရင်ဆိုင်ရ ခက်ခဲ သော ဧရာမစစ်ပွဲများပင်ဖြစ်ပါသည်၊ ဗြိတိသျှတို့သည် လက်နက်အင်အားချင်း လွန်စွာကွာခြားလျက် ၄င်းတို့အား ရဲဝံ့စွာ ရင်ဆိုင်တိုက် ခိုက်ရဲသော ချင်းတို့၏ ရဲစွမ်း သတ္တိပြောင်မြောက်မှုအား အထင်မသေးနိုင်ဘဲ လက်ဖျားခါအံ့သြချီး ကျုးခဲ့ကြကြောင်းကို မှတ်တမ်းများတွင်လေ့လာ ဖတ်ရှုရပါသည်၊ ထိုကြောင့်ချင်းတို့အား အကြမ်းကိုင်ဖိနှိပ်ချုပ်ချယ် အုပ်ချုပ်ရမည့်အစား ချိုသာပျော့ပျောင်း စွာ ချော့မော့ စည်းရုံး သိမ်းသွင်းပြီး အနုနည်းဖြင့် ကိုင်တွယ် မှဆက် ဆံရေးပြေလည်မည်ကို ကောင်းစွာ သဘောပေါက်လာခဲ့ကြသည်၊ သို့ဖြင့်ချင်းပြည်အားသိမ်းပိုက် အုပ်ချုပ်နိုင် ရန်နည်း ပရိယယ်နှင့်စစ်ဗျူဟာ အမျိုးမျိုးရှာကြံပြီး ၁၈၈၉-၁၈၉ဝ ခုနှစ်များတွင် ဧရာမ စစ်ဆင်ရေးကြီးကို ဆင်နွှဲ့ခဲ့ကြလေတော့ သည်၊ (ဆက်ရန်)

Share.

About Author

Leave A Reply