ချင်းသတင်းစာတစ်စောင် နောက်ထပ်ပိတ် ပင်ခံရ

1

နောက်ထပ်ပိတ်ပင်ခံရတဲ့ Falam Post

ချင်းပြည်နယ် ဖလမ်းမြို့အခြေစိုက် (Laizo) ချင်းဘာသာစကားဖြင့် ထုတ်ဝေနေသော ဖလမ်းပိုစ့်(Falam Post) သတင်းစာကို ချင်းပြည်နယ် အစိုးရက နောက်ထပ်ပိတ်ပင် လိုက်သည်ဟုသိရသည်။

ဖလမ်းပိုစ့်သတင်းစာသည် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသောကြောင့် သတင်းစာထုတ်ဝေမှုကို ရပ်နားထားရန် အောက်တိုဘာလ ၁၅ ရက်နေ့က ဖလမ်းမြို့အုပ်ချူပ်ရေးမှူးရုံးမှ အမိန့်စာပေးပို့ထားသည်ဟု ဖလမ်းပိုစ့်သတင်းစာမှ ကိုမောင်မောင်ကပြောသည်။

“ ဖလမ်းအုပ်ချူပ်ရေးမှူးရုံးကနေ မနေ့က အမိန့်စာရောက်လာတယ်၊ သတင်းစာထုတ်လုပ်မှုကို ရပ်နားဖို့ပေါ့၊ မှတ်ပုံတင်မရရှိဘဲ ဆက်ထုတ်မယ်ဆိုရင် တရားဥပဒေအရ အရေးယူမယ်လို့ အမိန့်စာထဲမှာပါတယ်၊ ဒါကြောင့် ဒီနေ့ နောက်ဆုံးထုတ်ပြီး မနက်ဖြန်ကနေတော့ ခေတ္တရပ်နားထားမယ်’’ ဟု ကိုမောင်မောင်ကပြောသည်။

ဦးဟုန်းငိုင်းဦးဆောင်သော ချင်းပြည်နယ်အစိုးရသည် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း ဟားခါးအခြေစိုက် The Hakha Post သတင်းစာကို ပိတ်ပင်ခဲ့ပြီးဖြစ်သည်။ Falam Post သတင်းစာသည် ချင်းပြည်နယ်တွင် ဒုတိယအကြိမ် မြောက် ပိတ်ပင်ခံရသည့် သတင်းစာဖြစ်သည်။

ချင်းပြည်နယ်အခြေစိုက်သတင်းစာများသည် မိမိမျိုးနွယ်စု မိခင်ဘာသာစကားများ မပပျောက်ရန် ဖွံ့ဖြိုး တိုးတက်လာစေ ရန် နှင့် မိခင်ဘာသာစကားများ ထိန်းသိမ်းသည့်အနေဖြင့် သတင်းစာ၊ စာစောင်များကို ထုတ်ဝေလျက်ရှိကြသည်။

ယခုကဲ့သို့ ချင်းသတင်းစာများပိတ်ပင်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ဟားခါးအခြေစိုက် The Chinland Post အယ်ဒီတာ ဆလိုင်း Holly က “ သူတို့အကြောင်းပြတာက မှတ်ပုံတင်မရှိဘူးဆိုပြီးအကြောင်းပြတယ်၊ ဒါပေမယ့်ကျနော်ထင်တာက သူတို့သတင်းစာရေးတဲ့အပေါ်မှာပဲ ၊ သူတို့ လုပ်ဆောင်ချက်ပေါ်မှာပဲ အရေးယူချင်လို့ ခုလိုမှတ်ပုံတင်မရှိတာကို အကြောင်း ပြပြီး ပိတ်တယ် လို့ ထင်တယ်’’ ဟု ပြောသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးများသည် မိမိချစ်ခင်မြတ်နိုးသော ဘာသာစကား၊ စာပေ များကို လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်ရှိသလို၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် အစိုးရတို့ ငြိမ်းချမ်းရေးသဘော တူစာချူပ် တွင်လည်း မိခင်ဘာသာစကားတိုးတက်ဖွံ့ဖြိုးလာရေးအတွက် လွတ်လပ်စွာာ လုပ်ဆောင်ခွင့်ရှိရ မည်ဆိုသည့် အချက်ကို လည်း ပါရှိသည့်အတွက် ယခုကဲ့သို့ မိမိဘာသာစကားဖြင့်ထုတ်ဝေသော သတင်းစာများပိတ်ပင် မှုကို ချင်းပြည်နယ်အစိုးရ အနေဖြင့် မလုပ်သင့်ကြောင်း ကိုဆလိုင်းကဆက်ပြောသည်။

“ ကျနော်တို့ ချင်းပြည်နယ်က သတင်းစာတွေဟာ ပြည်နယ်အစိုးရရဲ့လက်အောက်မှာဘဲရှိတယ်၊ သူတို့ထုတ်ဝေခွင့် ပေးမယ်ဆိုရင် ပေးလို့ရတယ်၊ ပြည်ထောင်စုအစိုးရကနေ အမိန့်ကျလာတာမဟုတ်ဘူးလို့သိရတယ်၊ ဒါကြောင့် ပြည်နယ်အစိုးရက ကိုယ့်ဘာသာစကားဖွံ့ဖြိုးတိုးတက်ဖို့၊ ထိန်းသိမ်း စောင့်ရှောက်ဖို့ကို မလိုလားတာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်’’ ဟု ကိုဆလိုင်း Holly ကပြောသည်။

Falam Post သတင်းစာသည် ယခုနှစ် မေလက စတင်တည်ထောင်ပြီး တစ်ပတ်တွင် ၅ ရက်ထုတ်ဝေသည့် နေ့စဉ်သတင်းစာစောင်ဖြစ်သည်။

Share.

About Author

1 Comment

  1. အခုလို မိဒီယာပညာမတတ်ဘဲနဲ့ လူမျိုးချစ်စပေအနေနဲ့ သတင်းစာတစ်ခုကို ရေးလို့မရဘူး။ ပြသာနာတွေ အများကြီး ဖြစ်ပေါ်စေတယ်။ လိုင်စင်ရှိရင်တောင် မီဒီယာပညာကို သင်ကြားပြီးမှပဲ ထုတ်ဝေသင့်တပါတယ်။ အခုလိုပိတ်တာ ကောင်းတယ်။

Leave A Reply

*

code